Print

ရင်သားခွဲစိတ်မှုလုပ်ဖို့စဉ်းစားနေပြီဆိုရင်

  06-Jan-2024
Preview Image

ရင်သားခွဲစိတ်မှုလုပ်ဖို့စဉ်းစားနေပြီဆိုရင်

ရင်သားခွဲစိတ်မှုတွေကို များသောအားဖြင့် မေ့ဆေးပေးပြီး ခွဲလေ့ရှိပါတယ်။ အချိန်အားဖြင့် မိနစ် ၆၀ ကနေ ၉၀ အတွင်းကြာမြင့်လေ့ရှိကြပါတယ်။ ရင်သားအောက်က အရေပြားကိုခွဲပြီး စီလီကွန်ထည့်၊ နေရာတကျ ဖြစ်အောင် လုပ်ပြီးမှ ပြန်ချုပ်တာပေါ့။ ရင်သားအရွယ်အစားကြီးချင်လို့၊ ပုံပမ်းကျချင်လို့ လုပ်ကြပေမယ့် နည်းနည်းပါးပါးကြီးချင်တာအတွက်ဆိုရင်တော့ မလုပ်သင့်ပါဘူး။ ငွေကုန်ကြေးကျများတဲ့အပြင် ရလဒ်ကလည်း မသေချာပါဘူး။ ဒါ့အပြင် နောက်ဆက်တွဲတွေ၊ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေကို နားလည်ထားပြီးမှ လုပ်မယ်ဆိုရင် ပိုသင့်တော်ပါတယ်။

ခွဲပြီးသွားတဲ့အခါမှာလည်း ခွဲထားတဲ့နေရာ ကျက်ဖို့နဲ့ ခနာကိုယ်က ဒါကို ပြန်ထိန်းညှိဖို့အတွက် အချိန် လိုပါတယ်။ ရင်သားခွဲထားရင် နာကျင်တာ၊ ရောင်ရမ်းနေတာ၊ ရင်ဘတ်တပြင်လုံး တင်းနေတာလေးတွေ သိသိ သာသာ ခံစားရပါတယ်။ရင်ဘတ်တင်းတာကတော့ ခွဲပြီး တစ်ပတ်နှစ်ပတ်လောက်အထိ ခံစားနေရပါတယ်။ တခါ တလေကျရင်လည်း ကိုယ်မျှော်လင့်ထားသလို ဖြစ်ချင်မှ ဖြစ်လာတတ်တာပါ။ risks လည်းအများကြီး ရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ခွဲစိတ်ထားတဲ့ရလဒ်ကို စိတ်ကျေနပ်မှုတော်ရုံနဲ့ မရတတ်တာကြောင့် နောက်ထပ်ခွဲစိတ်မှုတွေ ထပ်လုပ်နေတော့တာပါပဲ။ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ ခပ်ထူထူထင်းထင်းအမာရွတ်ဖြစ်လာတတ်ပြီး တော်ရုံနဲ့ အရောင်ကမမှိန်သွားပါဘူး။ အမာရွတ်က အနာဖေး ကြောင့် ခပ်မာမာဖြစ်လာပြီး ဆီလီကွန်ထည့်ထားတဲ့နေရာမှာ ရှုံ့လာပါတယ်။ ကွဲပြီး စိမ့်ထွက်လာတဲ့နေရာမှာ silicone granulomas ဆိုတဲ့ ဆီလီကွန် အလုံးအကျိတ်တွေလည်း ဖြစ်လာတတ်ပါတယ်။

ခွဲစိတ်ထားတဲ့နေရာမှာလည်း သိသာထင်ရှားတဲ့ ခွဲရာကြီးက ကျန်နေတတ်တယ်။ ထည့်ထားတဲ့ ဆီလီကွန်က အထဲမှာ လည်နေတာမျိုး၊ ဒါမှ မဟုတ် ပိုးဝင်ပြီး ခွဲထုတ်ရတာမျိုး၊ ကလေးကို မိခင်နို့ မတိုက်နိုင်တာ၊ နို့အထွက်နည်းတာ၊ နို့သီးခေါင်းနားက အာရုံကြောလေးတွေ ထိခိုက်တာတွေ ဖြစ်လာ နိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့အတွက် နို့သီးခေါင်းနေရာတဝိုက်မှာ အထိမခံနိုင်တာ၊ အာရုံပျောက်တာ၊ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာလည်း ဒါဟာ ခဏတဖြုတ်ပဲ ဖြစ်ပြီး တချို့တွေမှာတော့ ရေရှည်မပျောက်တော့ဘဲ ကျန်နေတတ်ပါတယ်။ 

ခွဲစိတ်နေတုန်း သွေးအထွက်များတာ၊ မေ့ဆေးနဲ့ ဓာတ်မတည့်တာ၊ သွေးခဲတွေ ခနာကိုယ်တွင်း ဖြစ်ပေါ်တာတွေကတော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် anaplastic large cell lymphoma ခေါ် ကိုယ်ခံအားဆဲလ်ကင်ဆာ ကတော့ ရင်သားခွဲစိတ်ပြီးစီလီကွန်ထည့်ထားတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါကလည်း အင်မတန်ရှားပါတယ်။ ရင်သားထည့်ထားပြီး နှစ်တွေအများကြီးကြာမှ တွေ့ရတတ်ပါတယ်။ အရင်ဆုံး ဆီလီကွန်ထည့်ထားတဲ့နေရာမှာ ဖောင်းလာကိုသတိထားမိမယ်။ အဲဒီနေရာက အရည်လေးတွေကို စစ်ကြည့်လိုက်တဲ့အခါမှာမှ ကင်ဆာဆဲလ်တွေကို တွေ့ရတာမျိုးပါ။

  ဆီလီကွန်ထည့်ထားတဲ့အမျိုးသမီးတွေဟာ mammaogram လို့ခေါ်တဲ့ ရင်သားကင်ဆာရှိမရှိ စစ်တဲ့ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှ အဖြေတိတိကျကျ မထွက်တတ်တဲ့အတွက် နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ် ဖို့ လိုပါတယ်။ ရင်သားခွဲစိတ်တယ်ဆိုတဲ့နေရာမှာ တချို့တွေကလည်း ဆီလီကွန်ဂျယ်ထည့်တာရှိတယ်။ ဒါမှ မဟုတ် စလိုင်းပျော်ရည်ထည့်တာရှိတယ်။ ပျော်ရည်ကတော့ ပိုပြီးတွန့်ခေါက်နိုင်တယ်။ ကိုယ်ထည့်တဲ့ပစ္စည်း အပေါ်မူတည်ပြီး ရလဒ်တွေ နောက်ဆက်တွဲတွေက ကွာနိုင်တယ်။ အဲတော့ ကိုယ်နဲ့ သင့်တော်မှာကို ရွေးတတ်ဖို့တော့ လိုတာပေါ့။

တကယ်လို့ ကိုယ်က ရင်သားခွဲစိတ်ပြီးနောက်မှ တခုခုပြဿနာဖြစ်နေလားဆိုတာ စောစောသိထားရင် ပိုကောင်းပါတယ်။ ဥပမာ ရင်သားတဝိုက် နီရဲနေတာ၊ ရောင်နေတာက လုံးဝမကျသွားဘူး၊ မီးမြှိုက်ထားသလို ပူပူကြီး ဖြစ်နေမယ် ဆိုရင် ကိုယ် ရင်သားခွဲစိတ်မှုလုပ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း ပြန်သွားပြဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ခွဲစိတ်ထားတာနဲ့ပတ်သက်ပြီး တခုခုမှားနေတယ်လို့ ခံစားမိနေရင် ဖြစ်ဖြစ်၊ စိတ်မကျေနပ်ရင်ဖြစ်ဖြစ် ဒီတိုင်းမနေဘဲ ဆေးရုံကို ပြန်သွားသင့်ပါတယ်။

ရင်သားခွဲစိတ်မှုအများစုဟာ အဆင်ပြေပြေ ချောချောမွေ့မွေရှိကြပေမယ့် ၁ ရာခိုင်နှုန်းလောက်က တော့ အဆင်မပြေတဲ့ risks လေးတွေရှိတတ်ပါတယ်။ ရင်သားနှစ်ဖက် ပုံပန်း၊ အရွယ်အစား၊ အနိမ့်အမြင့် မညီတာ၊ နို့သီးခေါင်းနဲ့ ရင်သားတဝိုက် နာကျင်နေတာ၊ ရင်သားကျုံ့သွားတာ၊ အရေပြား ပါးလျပြီး ရှံ့တွလာတာ၊ ပစ္စည်းထည့်ထားတဲ့နေရာမှာ ကယ်လ်ဆီယမ်ဓာတ်တွေ စုပုံလာတာကြောင့် မာမာအခဲကြီး ဖြစ်လာတာ၊ ရင်ဘတ်ပုံပန်းသဏ္ဍာန် ပျက်လာတာ၊ ယိုထွက်တာ၊ ပေါက်ပြဲတာတွေ၊ အနာမကျက်တာ၊ ခွဲထားတဲ့နေရာမှာ သွေးတွေ၊ အရည်တွေ စုပြီး ရောင်ရမ်းနာကျင်တာ၊ ခွဲစိတ်မှုဒဏ်ကြောင့် ရင်သားတစ်သျှူး တွေ ထိခိုက်ပျက်စီးတာ၊ ရောဂါပိုးဝင်တာ၊ ပြန်ရည်ကြောအဖု (lymph nodes) ရောင်ရမ်းတာ၊ ရင်သားနေရာ အံဝင်ကွင်ကျ မရှိတာ တွေဟာ ဖြစ်ခဲတဲ့ဖြစ်စဉ်တွေဆိုပေမယ့် သိထားပြီး ကြိုတင်သတိထားတာကတော့ အကောင်းဆုံးပါပဲ။

ရင်သားခွဲစိတ်ပြီး ဆီလီကွန်ထည့်တာဟာ တစ်သက်တာတော့ အာမခံချက်မရှိပါဘူး။ ပြန်ဖယ်ထုတ်ဖို့ လိုတာ၊ နောက်ဆက်တွဲဝင်တာတွေဟာ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက် ပြန်လည်ခွဲစိတ်ရတဲ့အခါ ရလဒ်ကိုကျေနပ်ချင်မှ ကျေနပ်ကြမှာပါ။ ဒါကြောင့် ရင်သားခွဲစိတ်ပြီး ထည့်တော့မယ်ဆိုရင် ကောင်းကျိုးရော၊ ဆိုးကျိုးရောကို သေချာချိန်ဆဖို့ အရေးကြီးပါတယ်။ ဖြစ်လာမှာတွေကို ရင်ဆိုင်နိုင်လား၊ လက်ခံနိုင်လားဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ၂၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ဒီလိုမျိုး ရင်သားခွဲစိတ်ပြီးတဲ့အခါ ၈ နှစ်ကနေ ၁၀ နှစ်အတွင်း ပြန်လည်ဖယ်ထုတ်ပစ်လိုက်ရတာကို တွေ့ရပါတယ်။ ဒီလို ဆီလီကွန်ကို ဖယ်ထုတ်ပြီး ပြန်မထည့်တဲ့အခါ ရင်သားက ပျော့ဖက်ပြီးတွဲကျနေပါလိမ့်မယ်။ ဆီလီကွန်ထည့်တာဟာ ရင်သားတစ်သျှူးတွေ နဲ့ နို့ရည်ထုတ်ဂလင်းတွေကို ထိခိုက်ပျက်စီးစေတဲ့အတွက် တကယ်လို့ ကိုယ်ဟာ တချိန်မှာ ကလေးယူမယ်၊ နို့တိုက်မယ်လို့ စိတ်ကူးရှိရင်တော့ မလုပ်သင့်ပါဘူး။

ရင်သားခွဲစိတ်ပြီး ဆီလီကွန်ထည့်တာအများစုဟာ အဆင်ပြေချောမွေ့ကြတယ်ဆိုပေမယ့် ကျန်တဲ့ ဖြစ်နိုင်ခြေတွေဟာ ကိုယ့်ကျမှ မဖြစ်ဘူးလို့ တထစ်ချပြောလို့မရတဲ့အတွက် ကြိုတင်သိနားလည်ထားပြီး ကောင်းတာ၊ ဆိုးတာကို ချိန်ဆပြီးမှ ပြင်ဆင်ဆောင်ရွက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

ဒေါက်တာစိမ့် (For Your Health For Your Beauty)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18