Print

အသက်အရွယ်အလိုက် Skin Care ရွေးနည်း

  07-Jun-2020
Preview Image

          အမျိုးသမီးတွေဟာ အသက်အရွယ်အလိုက်လိုအပ်တဲ့ အရေပြားလိမ်းဆေးတွေ မတူညီကြဘူး။ ဥပမာ အသက် ၂၀ နဲ့ အသက် ၄၀ သုံးရမယ့် လိမ်းဆေးတွေ ကွာခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားရဲ့ ရုန်းဆန့်နိုင်စွမ်း၊ အသားအရေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်ပါတယ်။ အသက်ငယ်ရွယ်သူတွေမှာ ဘယ်အရွယ်ကစပြီး skin care သုံးမလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ အလွယ်ဆုံးပြောရရင် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုဝင်စ၊ အပျိုဝင်စ အသက်အရွယ်တွေမှာ စတင်သုံးစွဲနိုင်တယ်။


          သို့သော် လက်တွေ့ကျကျပြောရရင် အသားအရေထိန်းဆေးတွေကို အသက် ၂၀ ကျော်မှသာ စတင်လိုအပ်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တတ်သူဆိုရင် အသက် ၂၀ မတိုင်ခင် စတင်သုံးစွဲနိုင်ပြီး အသားအရေက ပုံမှန်အတိုင်းသာ ဖြစ်မယ်ဆိုရင် အသက် ၂၀ ကျော်မှသာ စတင်သုံးစွဲသင့်တယ်။


ဆယ်ကျော်သက်အရွယ် skin care

          အသက် ၂၀ မပြည့်သေးသူကို ဆယ်ကျော်သက်လို့ သတ်မှတ်ပါတယ်။ ဒီအရွယ်မှာ အသားအရေရုန်းဆန့်မှုအား၊ စုဖွဲ့မှု အနေအထား အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် ဟော်မုန်းအပြောင်းအလဲ စတင်လာတဲ့အတွက် ဝက်ခြံနဲ့ ပတ်သက်တာတွေ ဖြစ်နိုင်တယ်။ ဒီအရွယ်မှာ skin care အရေပြားထိန်းသိမ်းဖို့ မလိုအပ်သေးပေမယ့် ဝက်ခြံနဲ့အဆီဖုတွေအတွက်တော့ လိုကောင်းလိုနိုင်တယ်။ အကယ်၍ skin care သုံးမယ်ဆိုရင် alcohol, triclosan ပါတာတွေ ရှောင်ပါ။ ဝက်ခြံအတွက် ဗက်တီးရီးယားသန့်စင်ဆေးတွေ အသုံးပြုပါ။ အဆီပြန်တာတွေအတွက် ရွှံ့စေးမျက်နှာဖုံး clay mask တွေလည်း ကောင်းပါတယ်။ နေလောင်ခြင်းကြောင့် အသားအရေ အစိုဓာတ်ထိန်းချင်တယ်ဆိုရင် oil free moisturizer ကိုသာ သုံးသင့်တယ်။


အသက် ၂၀ ကျော် အသားအရေအတွက်

          အသက် ၂၀ ကျော်တာနဲ့ ဝက်ခြံက အနည်းနဲ့ အများဆိုသလို ပျောက်သွားပါတယ်။ သို့သော် ပိတ်ဆို့နေတဲ့ အညစ်အကြေး၊ အဆီနဲ့ မိတ်ကပ်တွေ ဖယ်ရှားဖို့အတွက်ဆိုရင်တော့ cleanser ကောင်းကောင်းတစ်ခု လိုအပ်ပါတယ်။ သတိပြုရမှာက skin care ပစ္စည်းတွေကြောင့် ရံဖန်ရံခါ အဆီဝက်ခြံ၊ ဆားဝက်ခြံတွေ ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့် ဒီအသက်အရွယ်မှာ အဆီပြန်စေတဲ့ mineral oils, red dyes ဆိုးဆေးနဲ့ Isopropyl myristate ပါတာတွေ ရှောင်သင့်တယ်။ အသားအရေမပျက်စီးအောင် အစိုဓာတ်ထိန်းဖို့လည်း လိုအပ်တယ်။ အစိုဓာတ်အတွက် pro-vitamin B5 ပါတာတွေ သုံးစွဲသင့်တယ်။ နေလောင်ခြင်းကို ကာကွယ်ဖို့ UVA နဲ့ UVB နေလောင်ကာလိမ်းဆေးတမျိုးမျိုးလည်း သုံးသင့်တယ်။ နွေရာသီမှာ SPF 20 ပါတာမျိုးသုံးသင့်ပြီး ကျန်တဲ့ရာသီတွေမှာ SPF အနည်းဆုံး ၁၅ ပါတာမျိုး ရွေးချယ်သင့်ပါတယ်။


အသက် ၃၀ ကျော် skin care

          အသက် ၃၀ ကျော်တာနဲ့ အရေပြားက စတင်ပျက်စီးစ ပြုလာတယ်။ ရုန်းဆန့်နိုင်စွမ်းကျသွားတယ်။ ဆဲလ်အသစ်ဖြစ်ပေါ်မှု နှေးသွားတယ်။ ကော်လဂျင် ထုတ်လုပ်နိုင်စွမ်းနည်းလာတယ်။  ဒီအသက်အရွယ်မှာ အရေပြားပျက်စီးမှုကို ကာကွယ်ဖို့နဲ့ ဆဲလ်တွေ ပြန်လည်နုပျိုလာအောင် ပြုလုပ်ဖို့ လိုလာတယ်။ အသားအရောင်ညီညာဖို့နဲ့ အရေပြားပျက်စီးမှုကို ကာကွယ်ဖို့ vitamin A,C,E,B3,B5 နဲ့ D ပါတာတွေ အသုံးပြုသင့်ပါတယ်။ ဒါတင်မက အသားအရေတင်းရင်းစေဖို့ collagen၊ hyaluronic acid လို ရေဓာတ်ထိန်းဆေးတွေ လိုအပ်လာပါတယ်။ ဒီအတွက် cleanser, toner နဲ့ moisturizer တစ်မျိုးမျိုး သုံးရတော့မယ်။


အသက် ၄၀ ကျော် skin care

          လေးဆယ်ကျော်မှ လူ့ဘဝစတာဆိုပေမယ့် အရေပြားပျက်စီးမှုကတော့ အလွန်သိသာလာပါတယ်။ အရေးအကြောင်း အတွန့်အခေါက်များလာတယ်။ ဒီအသက်အရွယ်မှာ အရေးကြီးဆုံးက အသားအရေနူးညံ့ပျော့ပြောင်းစေဖို့ ဖြစ်ပါတယ်။ အစိုဓာတ် လိမ်းဆေး (vitamin E) တွေ သေချာလိမ်းရတော့မယ်။ ဆဲလ်တွေကို သေချာပြုပြင်ဖို့ essence, serum လို အရေပြားပြုပြင်တဲ့ နို့ရည် စတာတွေ လိုအပ်လာပါတယ်။ နေ့ပိုင်းမှာ ဆဲလ်မပျက်စီးအောင် နေလောင်ကာ လိမ်းဆေးခရင်မ်တွေလည်း သေချာသုံးဖို့ လိုပါတယ်။ ညပိုင်း skin care သုံးတဲ့အခါ အသားတင်းရင်းစေမယ့် hyaluronic acid ပါတာတွေ စတင်သုံးစွဲသင့်ပါတယ်။ အသားအရေတွန့်ခေါက်မှုနဲ့ အမည်းစက်တွေအတွက် retinol, vitamin A ပါတဲ့ လိမ်းဆေးတွေလိုပါတယ်။


အသက် ၅၀ ကျော်အရွယ်

          အသက်ကြီးတာနဲ့အမျှ ဆဲလ်တွေက သိသိသာသာ လျှော့တွဲပျက်စီးနေပါပြီ။ ဆဲလ်သစ် တည်ဆောက်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ဆဲလ်တွေမပျက်စီးအောင်သာ ဂရုစိုက်သင့်တယ်။ ဒါတင်မကမွဲခြောက်နေတဲ့ ဆဲလ်သေတွေကို ရှင်းလင်းသန့်စင်ဖို့လည်း လိုပါတယ်။ ဒီအတွက် exfoliate တစ်မျိုးမျိုးသုံးပါ။ အရေပြားက ခြောက်သွေ့မှုအတွက် အစိုဓာတ်ထိန်းတဲ့ပစ္စည်းတွေ ဆက်လက်သုံးစွဲရမယ်။ အသားအရောင်ထက် အရေပြားတင်းရင်းဖို့က အဓိကအရေးကြီးဆုံး ဖြစ်လာပါတယ်။ ညလိမ်းခရင်မ်တွေ ရွေးချယ်ပြီး စနစ်တကျသုံးရပါတော့မယ်။

Credit : ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18