Print

ဆံသားလေးတွေ သန်စွမ်းလှပစေဖို့

  14-Jun-2020
Preview Image

          ဆံသားတွေ သန်စွမ်းလှပလိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်မယ်ထင်ပါတယ်။ နည်းလမ်းပေါင်းများစွာရှိပေမယ့် တချို့နည်းလမ်းတွေက လုပ်ဆောင်ဖို့ခက်ခဲတာ၊ မလုပ်ဖြစ်တာ၊ တချို့လည်း မှားယွင်းစွာလုပ်ဆောင်နေမိတာ၊ ဘာလုပ်ရမှန်းမသိတာ စတာတွေကြောင့် အခက်အခဲဖြစ်နေတတ်ကြပါတယ်။ အခုရေးသားမယ့် နည်းလမ်းတွေကတော့ ထိရောက်ပြီး အကျိုးရှိသလို လုပ်ဆောင်ဖို့လည်း လွယ်ကူမယ်လို့ မျှော်လင့်မိပါတယ်။


သတိပြုသင့်သော အမူအကျင့်များ

          ဆံသားတွေ ကျန်းမာသန်စွမ်းစေတဲ့ တချို့နည်းလမ်းတွေကို လုပ်ဆောင်မိပေမယ့် သင်လုပ်လေ့လုပ်ထမရှိတဲ့ ဆံသားသန်စွမ်းလှပစေတဲ့ နည်းလမ်းတွေလည်း ရှိနေပါတယ်။


လေ့ကျင့်ခန်းလုပ်ပါ။

          ဆံသားကျန်းမာသန်စွမ်းဖို့က လေ့ကျင့်ခန်းနဲ့ ဘာဆိုင်လို့လဲလို့ သင်တွေးမိနေပြီလား။ လေ့ကျင့်ခန်းလုပ်ဆောင်ပါက ခန္ဓာကိုယ် တစ်ခုလုံးကို သွေးလည်ပတ်မှုကောင်းရုံသာမက ဦးရေပြားကိုလည်း သွေးလည်ပတ်မှုကောင်းစေတာကြောင့် ဆံသားတွေ သန်စွမ်းကျန်းမာစေပါတယ်။


စိတ်ဖိစီးမှုလျှော့ချပြီး ပျော်ရွှင်အောင်နေပါ။

          စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်တာက ဆံသားတွေကို တောက်ပြောင်လှပစေပါတယ်။ တစ်နည်းအားဖြင့် ဆံသားတောက်ပြောင်လှပနေတာကလည်း စိတ်ပျော်ရွှင်ကျေနပ်မှုဖြစ်စေပြီး စိတ်ဖိစီးမှုကို လျှော့ချရာရောက်ပါတယ်။


သဘာဝအတိုင်း အခြောက်ခံပါ။

          ဆံပင်ကို အပူပေးပြီး ကောက်တာ၊ ဖြောင့်တာနဲ့ လေမှုတ်အခြောက်ခံတာတွေက သင့်ဆံသားကို ခြောက်သွေ့စေပါတယ်။ သင်က ပင်ကိုယ်ဆံသားကောင်းသူဆိုရင်တောင် အပူပြင်းပြင်းနဲ့ ကြာရှည်ထိတွေ့ပါက ဆံသားပျက်စီးတာကို ဖြစ်စေပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားကို သဘာဝအတိုင်း အခြောက်ခံပါ။


ရာသီဥတုဒဏ်ကို ကာကွယ်ပါ

          ရာသီဥတုကြောင့်လည်း ဆံသားပျက်စီးတာ၊ ခြောက်သွေ့တာတွေဖြစ်စေပါတယ်။ လေအေးတွေတိုက်တာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိတာတွေက ဆံသားခြောက်သွေ့စေပါတယ်။ အိမ်အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့။


ရေကူးပြီးချိန်တွင် ခေါင်းပြန်လျှော်ပါ

          ရေကူးကန်ထဲမှာဖြစ်စေ၊ ပင်လယ်ကမ်းခြေမှာဖြစ်စေ ရေကူးပြီးတဲ့အခါတိုင်း ခေါင်းပြန်လျှော်ဖို့လိုပါတယ်။ ရေကူးကန်ထဲမှာ ထည့်ထားတဲ့ကလိုရင်းက သင့်ဆံသားတွေကို ခြောက်သွေ့စေပြီး ပင်လယ်ရေမှာပါဝင်တဲ့ ဆားဓာတ်က ဆံသားတွေကို ထိခိုက်စေတာကြောင့် ရေကူးပြီးချိန်တိုင်း ခေါင်းလျှော်ကာ ဆံပင်တွေကို ခြောက်သွေ့အောင်ထားဖို့ မမေ့ပါနဲ့။


သဘာဝအတိုင်း ဆံသားတောက်ပြောင်လှပလိုပါသလား

          ဆံသားကို သန်စွမ်းကျန်းမာစေအောင် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေက သင့်အိမ်တွင်းမှာပဲရှိနေတာကြောင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ခြောက်သွေ့ပျက်စီးနေသော ဆံသားအတွက်


ငှက်ပျောသီးကို အသုံးပြုပါ။

          ငှက်ပျောသီးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ဆံသားကျန်းမာစေပြီး ပျော့ပျောင်းနူးညံ့မှုကို အားပေးပါတယ်။ ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေအတွက် ပိုမိုသင့်တော်ပါတယ်။

အသုံးပြုနည်း

          ငှက်ပျောသီးတစ်လုံးကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ကြေသွားအောင် ခက်ရင်းနဲ့ မွှေပေးပါ။ ကျေသွားရင် ဆံပင်အရင်းကနေ အဖျားအထိ သေချာစွာနှံ့အောင်လိမ်းပါ။ ၁၅ မိနစ်ထားပြီး လျှော်နေကျခေါင်းလျှော်ရည်နဲ့လျှော်ပါ။


ကြက်ဥအနှစ်နဲ့ ပေါင်းတင်ပါ

          ဆံသားပျော့ပျောင်းပြီး တောက်ပြောင်လှပစေဖို့ ကြက်ဥအနှစ်နဲ့ ပေါင်းတင်ပေးပါ။

အသုံးပြုနည်း

          ကြက်ဥသုံးလုံးရဲ့အနှစ်တွေ၊ သံလွင်ဆီ လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ဗီတာမင်အီးသုံး စက်ထည့်ပြီး သမအောင် မွှေပါ။ ဆံသားအနှံ့လိမ်းပေးပြီး ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ ကြက်ဥနဲ့ ပေါင်းတင်တာကို တစ်ပတ် တစ်ကြိမ်လုပ်ပေးပါ။


ဘီယာနဲ့ ပေါင်းတင်ပါ

          သင့်ဆံသားတွေ တောက်ပြောင်လှပစေဖို့ ဘီယာကို အသုံးပြုနိုင်ပါတယ်။

အသုံးပြုနည်း

          ဘီယာအနည်းငယ်ကို စပရေးဘူးထဲထည့်ပါ။ ခေါင်းလျှော်ပြီး ဆံပင်ကိုရေသုတ်ပြီးနောက် စပရေးဘူးထဲထည့်ထားတဲ့ ဘီယာအနည်းငယ်ကို ဆံသားအနှံ့ဖျန်းပေးပါ။


မရောနိစ်ကို ကွန်ဒီရှင်နာအဖြစ် အသုံးပြုပါ

          မရောနိစ်က ဆံသားအတွက်အကောင်းဆုံး ကွန်ဒီရှင်နာတစ်ခုပါ။

အသုံးပြုနည်း

          ဆံသားကို ရေဆွတ်ပြီး မရောနိစ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ကနေ တစ်နာရီကြာထားပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။


ဆီလိမ်းပြီး နှိပ်နယ်ပေးပါ

          ဆီလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံသားကို သန်စွမ်းကျန်းမာစေပါတယ်။

အသုံးပြုနည်း

          အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ အနည်းငယ်ကို အပူပေးပြီး ဦးရေပြားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ တစ်နာရီလောက် ထားပြီး ခေါင်းမလျှော်ခင်မှာ ရှောက်ရည် အနည်းငယ်နဲ့ ရှလကာရည်အနည်းငယ်ကိုရောပြီး ဦးရေပြားကို နှံ့အောင်လိမ်းပေးပါ။ ဗောက်တွေ ကင်းစင်ပြီး ဆံသားတောက်ပြောင် လှပစေပါတယ်။


ဆံသားကျိုးပြတ်မှုအတွက် သံလွင်ဆီကို အသုံးပြုပါ

          သံလွင်ဆီက ဆံသားကို ဖြောင့်စင်းစေပြီး ကျိုးပြတ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အသုံးပြုနည်း

          သံလွင်ဆီ ထမင်းစားဇွန်းလေးဇွန်းစာကို ဦးရေပြားအနှံ့လိမ်းပြီး နာရီဝက်ထားပြီးမှ ခေါင်းလျှော်ပါ။ ဆံသားကို အကောင်းဆုံး ထိန်းသိမ်းနိုင်ဖို့ဆိုရင်တော့ ညဘက်မအိပ်ခင် သံလွင်ဆီကို ဦးရေပြားအနှံ့လိမ်းပြီး မနက်မိုးလင်းမှ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။


ဆီးဖြူသီးအမှုန့်နဲ့ သံပရာရည်တို့ကို အသုံးပြုပါ

          ဆီးဖြူသီးကို အခြောက်ခံပြီး ရလာတဲ့အမှုန့်နဲ့ သံပရာရည်ကို ပေါင်းစပ်အသုံးပြုပါက ဆံသားကို သန်စွမ်းစေပြီး ဆံပင်ထူစေပါတယ်။

အသုံးပြုနည်း

          ဆီးဖြူသီးအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပရာသီးတစ်လုံးကို အရည်ညစ်ပြီး ဆီးဖြူသီးအမှုန့်တွေ ပျော်ဝင်သွားတဲ့အထိ မွှေပါ။ ဦးရေပြားကနေ ဆံသားအဖျားအထိ နှံ့အောင်လိမ်းပြီး မိနစ် ၂၀ ထားကာ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။


ကော်ဖီမှုန့်ကို နှပ်ပြီး အသုံးပြုပါ

          ဆံသားတောက်ပြောင် သန်စွမ်းစေဖို့ ကော်ဖီမှုန့်ကို အသုံးပြုနိုင်ပါတယ်။

အသုံးပြုနည်း

          ကော်ဖီမှုန့်ကိုနှပ်ပြီး ရလာတဲ့အရည်ကို အအေးခံပါ။ ခြောက်သွေ့နေတဲ့ ဆံသားပေါ်ပြီး လောင်းချပြီး မိနစ် ၂၀ လောက်ထားကာ ခေါင်းလျှော်ချလိုက်ပါ။


ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေစားပါ

          ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက သင့်ဆံသားကို ကျန်းမာစေတဲ့အစားအစာတွေပါပဲ။ လတ်ဆတ်တဲ့ သစ်သီးတွေစားပါ။ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တေ၊ွ အဆီများတဲ့ငါး၊ အစေ့အဆန်၊ ကောက်နှံကွေကာ စတာတွေက ကျန်းမာရေးနဲ့ ညီညွတ်စေသလို သင့်ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။


ပျားရည်နဲ့အစိုဓာတ်ထိန်းပါ

          ပျားရည်က ဆံသားတောက်ပြောင်စေရုံသာမကဘဲ ဦးရေပြားကိုလည်း အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။

အသုံးပြုနည်း

          ပျားရည်လက်ဖက်စားဇွန်း သုံးဇွန်းစာကို ရေတစ်လီတာနဲ့ ရောထားပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့လောင်းချပြီး သန့်စင်ပါ။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18