Print

ထိခိုက်ဒဏ်ရာများအတွက် အိမ်တွင်းကုထုံးများ”

  28-Jun-2020
Preview Image

          အိမ်မှာနေရင်း မတော်တဆဒဏ်ရာအနာတရဖြစ်ပါက ချက်ချင်းအနာသက်သာစေဖို့နဲ့ ပိုးမဝင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဆေးဝါးပစ္စည်းတွေ အဆင့်မြင့်ကိရိယာတွေ ထွေထွေထူးထူးမလိုပါဘူး။ အိမ်မှာ မိမိဘာသာအလွယ်တကူရနိုင်တဲ့ အိမ်တွင်းကုထုံးများနဲ့ အနာကျက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေ ဖော်ပြပေးလိုပါတယ်။


၁) ရှားစောင်းလက်ပက်                                                                                                 

          ရှားစောင်းလက်ပက်မှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ဓာတ်တွေပါဝင်တဲ့အတွက် ပြတ်ရှဒဏ်ရာများနဲ့ အပူလောင်ဒဏ်ရာများကို သက်သာစေနိုင်ပါတယ်။ အိမ်မှာရှားစောင်းလက်ပက်ပင်ရှိလျှင် အပင်ထဲရှိရှားစောင်းလက်ပက်အနစ် (Gel) ကိုအသုံးပြုပြီး အနာပေါ်လိမ်းပေးလို့ရပါတယ်။ အပင်မရှိပါက ရှားစောင်းလက်ပက်ဂျယ်လ်(gel) လိမ်းဆေး သို့မဟုတ် Lotion ကို အသုံးပြုနိုင်ပါတယ်။


၂) ဆားရည်နွေး

          ဒဏ်ရာရပြီဆိုပါက ပထမဦးစွာအနာကို သေချာဆေးကြောပေးရပါမယ်။ အနာကိုသန့်စင်ရာမှာ ဆားရည်နွေးကို အသုံးပြုပေးရင် အနာထဲပိုးမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ဆား လက်ဖက်စားဇွန်းတစ်ဝက်ကို ရေနွေး ၈အောင်စထဲထည့်ပြီးမွှေပါ။ ပြီးလျှင် အအေးခံကာ ဂွမ်းသန့်သန့်မှာ ဆွတ်ပြီး အနာပေါ်အုပ်ထားပေးပါ။


၃) ပျားရည်

          ပျားရည်မှာ ဘတ်တီးရီးယားပိုးမွှားများကိုသေစေနိုင်သောအာနိသင်ရှိပြီး အနာကျက်မြန်စေပါတယ်။ ထို့အပြင် ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးပြီး ရောင်ရမ်းမှုကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ပျားကို ဒဏ်ရာပေါ်မှာ ပါးပါးလိမ်းပြီး သန့်စင်သော ပတ်တီးစနဲ့ ဖုံးထားပေးနိုင်ပါတယ်။


၄) ရေခဲ

          လျှာကိုပဲဖြစ်စေ ခန္ဓာကိုယ်ရဲ့အခြားနေရာများတွင်ဖြစ်စေ အပူလောင်ခြင်းအတွက် ရေခဲဟာ အကောင်းဆုံးဖြေရှင်းချက်ပါပဲ။ ရေခဲကို အဝတ် (သို့) Tissue တစ်ရှူးဖြင့်ပတ်ပြီး အပူလောင်သော ဒဏ်ရာပေါ်မှာ မိနစ်အနည်းငယ်ကပ်ထားပေးပါ။ ရေခဲကပ်ခြင်းဖြင့် ရောင်ယမ်းမှုနဲ့ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ အပူလောင်ခြင်းအပြင် ထိခိုက်ဒဏ်ရာကြောင့် သွေးချေဥခြင်း ခြေထောက်(သို့)လက်ခေါက်မိခြင်းအတွက်လည်း ရေခဲကပ်ပေးပါက ကြွက်သားများကို ပြေလျော့စေပြီး သွေးတိတ်စေနိုင်တဲ့အတွက် အနာသက်သာစေပါတယ်။ ဒဏ်ရာပေါ်ကို အဝတ်စ သို့မဟုတ် သဘတ် ခံပြီးမှ ရေခဲကပ်ပေးပါ။


၅) ပန်းသီးရှာလကာရည်

          ကုပ်ခြစ်ဒဏ်ရာများစွာရှိပါက ပန်းသီးရှာလကာရည်အသုံးပြုပြီး ပိုးသန့်စင်ပေးနိုင်ပါသည်။ ပထမဦးစွာ ပန်းသီးရှာလကာရည်ကို ရေနဲ့ရောပြီးဖျော်ပါ။ ပြီးလျှင် ပိုးသတ်ထားသော ဂွမ်းစသန့်သန့်ကိုဆွတ်ပြီး အနာပေါ်မှာ မိနစ်၃၀ အုပ်ထားပေးပါ။


၆) မုန့်ဖုတ်ဆိုဒ်မှုန့် (Backing soda)

          ခြင် သို့မဟုတ် ပျား အစရှိသော အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသော နာကျင်ခြင်း နီရဲခြင်း ရောင်ယမ်းခြင်းတွေကို လျော့ကျစေနိုင်ပါတယ်။ အသုံးပြုပုံကတော့ မုန့်ဖုတ်ဆိုဒါမှုန့်ကို ရေနည်းနည်းရောပြီး ရလာတဲ့အနစ်ကို အနာပေါ်လိမ်းပါ။၁၅မိနစ်ပြည့်လျှင် ရေနဲ့ပြန်ဆေးချပေးနိုင်ပါတယ်။


၇) ကြက်သွန်ဖြူ

          ကြက်သွန်ဖြူကတော့ သွေးထွက်ဒဏ်ရာများအတွက် အလွန်အသုံးဝင်သောစစ်သားပါပဲ။ ကြက်သွန်ဖြူမှာ သွေးတိတ်စေနိုင်သောအာနိသင်ပါဝင်ပြီး နာကျင်မှုကိုသက်သာစေကာ အနာကျက်မြန်စေပါသည်။ ကြက်သွန်ဖြူကိုရေနဲ့သန့်စင်စွာ ဆေးကြောပြီး ထောင်းထားပါ။ ပြီးလျှင် ထိုအနစ်ကို သွေးထွက်ဒဏ်ရာပေါ်တင်ပြီး သန့်စင်သောပတ်တီးစဖြင့်အုပ်ထားကာ ၂ရက်ကြာအထိ ထားနိုင်ပါတယ်။

          အထက်ပါနည်းလမ်းများကတော့ မတော်တဆထိခိုက်ဒဏ်ရာအသေးစားများအတွက် အရေးပေါ်အိမ်တွင်းကုထုံးများဖြစ်ပြီး ထိုနည်းလမ်းများနဲ့မသက်သာပါက (သို့) ထိခိုက်ဒဏ်ရာကြီးကြီးမားမား ရရှိပါက (သို့) အနာပြည်တည်ခြင်း အရောင်မကျခြင်း ဖျားနာခြင်း စသည့် ပိုးဝင်သောလက္ခဏာများဖြစ်ပေါ်ပါက ဆရာဝန်ထံသွားရောက်ပြသရန် လိုအပ်ပါတယ်။

Dr. Ehley

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18