Print

အရေပြားထိန်းသိမ်းနည်းလမ်းများအကြောင်း

  05-Aug-2020
Preview Image

          အရေပြားထိန်းသိမ်းမှုဆိုရာမှာ ဝတ်စားဆင်ယင်ပုံ၊ လိမ်းခြယ်ပုံတင်မကဘဲ အစားအသောက်နဲ့ လှုပ်ရှားနေထိုင်ပုံကလည်း သူ့အပိုင်းနဲ့သူ ပါဝင်ပတ်သက်နေပါတယ်။

          အရင်ဆုံးပြန်ပြောချင်တာက အရေပြားဆိုတာ ကိုယ်ခန္ဓာရဲ့အင်္ဂါတစ်ခုပါ။ ကိုယ်ခန္ဓာအတွက် ကောင်းတဲ့ဟာတွေဟာ အရေပြားကိုလည်း ကောင်းစေတယ်ဆိုတာ မှတ်ထားပေးပါ။


          အစားအစာနဲ့ပတ်သက်ရင် အဆီနည်းနည်း ကစီဓာတ်နဲ့ အချိုနည်းနည်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများများ၊ ငါးနဲ့ အခွံမာအစေ့အဆန်တွေဟာ အရေပြားအတွက် အများကြီး ကောင်းကျိုးပေးပါတယ်။ အဆီနဲ့ အချိုရည်နည်းရင် ကိုယ်ခန္ဓာနဲ့ အရေပြားအတွက် အဆိပ်အတောက်ဖြစ်စေမယ့် ဓာတ်တိုးဓာတ်တွေ Oxidants ထွက်တာနည်းတယ်။ ငါးက ပရိုတင်းအမျှင်ဓာတ်များပြီး အရေပြားအသစ်ဖွဲ့စည်းတည်ဆောက်မှုကို အားပေးတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အခွံမာအစေ့တွေမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်အမျိုးမျိုးပါတယ်။

  

        ဗီတာမင် “အေ၊ စီ၊ အီးနဲ့ ဆီလီနီယမ်” ဓာတ်တွေက ဓာတ်တိုးဆန့်ကျင် (Anti-oxidants) ပစ္စည်းအကောင်းစားတွေပါ။ နေရောင်ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ ဆံပင်နဲ့ လက်သည်းခြေသည်းတွေ အားကောင်းစေတယ်။

  

        အနေအထိုင်မှာ အလေးပေးပြောချင်တာက နေရောင်ခြည်ရှောင်ဖို့ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အိပ်စက်ခြင်းအကြောင်းပါ။ လေ့ကျင့်ခန်းဆိုတာ ချွေးထွက်တဲ့ လေ့ကျင့်ခန်းမျိုးပါ။ ပြေးတာ၊ ရွရွပြေးတာ၊ ခပ်မြန်မြန်လျှောက်တာ၊ ကြိုးခုန်တာ အားလုံးပါဝင်ပါတယ်။ လေ့ကျင့်ခန်းကြောင့် သွေးလှည့်ပတ်မှုကောင်းတယ်။ ချွေးပိုထွက်တယ်။ ချွေးပိုထွက်တဲ့အတွက် အညစ်အကြေးစွန့်ထုတ်တာ ပိုကောင်းတယ်။ သွေးလှည့်ပတ်မှုကောင်းတဲ့အတွက် အရေပြားပြန်လည်တည်ဆောက်မှု ပိုကောင်းတယ်။ အောက်ဆီဂျင်လှည့်ပတ်မှုကို ပိုကောင်းတယ်။

  

        တစ်နေ့ ရှစ်နာရီအိပ်ရေးဝဝအိပ်သင့်တယ်။ အိပ်စက်အနားယူချိန်မှာ အရေပြားအသစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်မှု ပိုကောင်းတယ်။

          အရက်ဘီယာသောက်တတ်ရင် လျှော့ဖို့၊ ဖြတ်ဖို့ ကြိုးစားပါ။ အရက်ဟာ အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကို ဆုံးရှုံးစေတယ်။ အရေပြားသွေးကြောကို အချိန်ကြာမြင့်စွာကျယ်နေစေတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ သွေးကြောငယ်ကျယ်တာတွေ၊ အဝိုင်းလိုက် အနီစက်တွေအနေနဲ့ သွေးကြောပွင့်တာတွေ တွေ့လာရတယ်။


          ဆေးလိပ်လည်း မသောက်ပါနဲ့။ နီကိုတင်းကြောင့် အရေပြားဆဲလ်တွေ လိုအပ်တဲ့အောက်ဆီဂျင်အရနည်းမယ်၊ အိုမင်းရင့်ရော်မှု မြန်ဆန်မယ်။

          အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ လိမ်းဆေးက အဓိကပိုကျတယ်။ သောက်ဆေးအနေနဲ့ကတော့ တွဲချင်တွဲလို့ရတယ်။ ဗီတာမင်အမျိုးမျိုးအနက် ဗီတာမင်အေ၊ စီ၊ အီးသုံးမျိုးဟာ အရေပြားအတွက် အဓိကကျတယ်။ သတ္ထုဓာတ်မှာ ဆီလီနီယမ်က အကောင်းစားဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ အင်ဇိုင်းမှာ ကိုအင်ဇိုင်း Q10 က အရေပြားဆဲလ်တွေ ပွားများတာနဲ့ ပြန်လည်တည်ဆောက်တာကို အားပေးတယ်။ အခုနောက်ပိုင်း ငါးကထုတ်လုပ်တဲ့ အမျှင်ဓာတ် (Fish Collagen) ကိုလည်း သုံးစွဲလာကြပြီဖြစ်ပါတယ်။

 

         ဒီနေ့အချိန်မှာ အလှကုန်ပစ္စည်းတွေဟာ ရွေးချယ်လို့မကုန်နိုင်အောင် အလွန်ပဲ များပြားလှပါတယ်။ အလှကုန်ပစ္စည်းမတည့်ခြင်း ပြဿနာလည်း အခန့်မသင့်ရင် ဖြစ်တတ်တယ်။ အများဆုံးကြုံရတာက အရေပြားပူမယ်၊ စပ်မယ်၊ ယားမယ်၊ နီမယ်၊ အရည်ကြည်ဖုပေါ်တာ၊ အရောင်ပြောင်းတာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြဿနာတစ်မျိုးမျိုးကြုံတွေ့ရရင် မတည့်ဘူးလို့ ထင်ရင် အရေပြားဆရာဝန်နဲ့ ပြသပါ။ အလှကုန်ပစ္စည်းတွေကို လုံခြုံတိကျစွာ ဘယ်လိုအသုံးပြုရမလဲဆိုတာ ဆွေးနွေးတိုင်ပင်ပါ။

Credit : ဒေါက်တာ စိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်ကြီး)

 

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18