Print

မျက်နှာပေါ်မှာ ပြူထွက်နေတဲ့ ဝက်ခြံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

  12-Aug-2020
Preview Image

          ပွဲတက်အခမ်းအနားသွားခါနီး ပြင်ဆင်တဲ့အခါ မျက်နှာပေါ်က ဝက်ခြံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြူထွက်နေတဲ့ဝက်ခြံဖုကို အောက်ပါနည်းလမ်းတွေနဲ့ ဖုံးကွယ်လိုက်ပါ။


ကွန်ဆယ်လာဖြင့် ဖုံးအုပ်ပါ။

          ဝက်ခြံမထွက်အောင် အသားအရေကို ဂရုစိုက်မှုတွေ လုပ်ဆောင်ပေမယ့် အခမ်းအနားပွဲတက်စရာရှိတဲ့နေ့ရောက်မှ မျက်နှာမှာ ဝက်ခြံပြူးပြူးပြဲပြဲထွက်လာတာမျိုး ကြုံဖူးမှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ ဝက်ခြံကိုညှစ်တာ၊ ကုတ်တာတွေမလုပ်ဘဲ ဝက်ခြံပေါ်မှာ ကွန်ဆယ်လာဖုံးပြီး ပြင်ဆင်ပါ။


ကွန်ဆယ်လာအရောင်နှစ်မျိုးကို ရောပြီးသုံးပါ။

          ကွန်ဆယ်လာသုံးတဲ့အခါ အရောင်အဖျော့နဲ့ အရင့်ကို ရောစပ်ပြီး လိမ်းတာက အသားအရောင်နဲ့ ပိုမိုလိုက်ဖက်မှုရှိတာကြောင့် ဝက်ခြံကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။


ရောင်ရမ်းမှုလျှော့ချရန် ရေခဲအုပ်ပေးပါ။

          ဝက်ခြံဖုက ရောင်ရမ်းနေရင် ရေခဲနဲ့ တစ်မိနစ်လောက်ကပ်ပေးပါ။ ရောင်ရမ်းမှုလျော့ကျချင်တာနဲ့ အချိန်အကြာကြီး ရေခဲကပ်တာမျိုးကို မလုပ်ပါနဲ့။ ဝက်ခြံကြောင့် မဟုတ်ဘဲ မျက်နှာအရေပြားနီရဲတာမျိုးကိုတော့ ရေခဲမကပ်ပါနဲ့။


ဝက်ခြံ မညှစ်ပါနှင့်

          မှန်ကြည့်မိတိုင်း ဝက်ခြံက လက်နဲ့ညှစ်ချင်စရာပါ။ ဝက်ခြံကို လက်နဲ့ညှစ်တာက ပိုးဝင်တာ၊ အမည်းစက်ထင်တာတွေ ဖြစ်နိုင်ပြီး အနာကျက်နှေးစေပါတယ်။ ဝက်ခြံကို ညှစ်လိုက်တာကြောင့် ဝက်ခြံထိပ် အရေပြားကို ပျက်စီးသွားပါက မိတ်ကပ်နဲ့ဖုံးအုပ်ဖို့ မလွယ်နိုင်ပါဘူး။ ပွဲတက်စရာရှိတဲ့အခါမျိုးမှာ ဝက်ခြံကို ညှစ်မယ့်အစား မိတ်ကပ်နဲ့ဖုံးအုပ်ပါ။


မျက်နှာသန့်စင်မှုများ မလုပ်ပါနှင့်

          မျက်နှာပေါင်းတင်တာ၊ ကြေးချွတ်သန့်စင်တာတွေ ပြုလုပ်တာက မျက်နှာမှာ ဝက်ခြံထွက်တာကို လျော့နည်းစေပါတယ်။ ဒါပေမယ့် မျက်နှာမှာ ထွက်နေတဲ့ ဝက်ခြံကိုတော့ လက်တလော သက်သာအောင် လုပ်မပေးနိုင်တဲ့အပြင် ပိုဆိုးစေနိုင်ပါတယ်။ ပွဲတက်သွားစရာရှိခဲ့ရင် မျက်နှာသန့်စင်မှုတွေကို ၂ - ၃ ပတ်လောက် ကြိုလုပ်ထားသင့်ပါတယ်။


သွားတိုက်ဆေးမလိမ်းပါနှင့်

          သွားတိုက်ဆေးက သွားအတွက်သာ စိတ်ချယုံကြည်စွာ သုံးစွဲသင့်ပါတယ်။ ဝက်ခြံဖုပေါ်မှာ လိမ်းတာမျိုးက ဝက်ခြံကို ခြောက်သွားစေတာ မှန်ပေမယ့် တကယ်တော့ သွားတိုက်ဆေးက ဝက်ခြံဖြစ်စေပါတယ်။ သွားတိုက်ဆေးမှာပါဝင်တဲ့ ဖလိုရိုက်နဲ့ သွားဖြူစေတဲ့ ဒြပ်ပေါင်းတွေက အသားအရေကို ဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။


ဆံပင်၊ ဦးထုပ်တို့နှင့် ဖုံးကွယ်ခြင်းမျိုး မလုပ်ပါနှင့်

          နဖူးပေါ်မှာပေါက်တဲ့ ဝက်ခြံကို ဦးထုပ်ဆောင်းပြီး ဖုံးကွယ်တာက ဦးထုပ်နဲ့ ပွတ်တိုက်မိတာကြောင့် ဝက်ခြံပေါက်ပြဲသွားစေပါတယ်။ အဲဒီလိုပဲ နဖူးနဲ့ နားထင်နားက ဆံပင်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေနဲ့ ခေါင်းလိမ်းဆီတွေက ဝက်ခြံကို ပိုဆိုးစေပါတယ်။

Credit : ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18