Print

နှစ်နှစ်အထက်ကလေးတွေကို အဆာပြေမုန့်တွေကျွေးမယ်ဆို ဘာတွေသတိထားသင့်သလဲ

  22-Oct-2019
Preview Image


          မိဘတွေအနေနဲ့ ကလေးငယ်တွေကို အဆာပြေမုန့်ကျွေးတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ အသက် နှစ်နှစ်နှင့်အထက် ကလေးတွေမှာ အဆာပြေအနေနဲ့ ကျွေးတဲ့နေရမှာ တွေ့ရာမုန့် ကျွေးလို့မရပါဘူး။ စဉ်းစားရမယ့်အချက်တွေ အများကြီးရှိပါတယ်။ သဘာဝ အစားအစာတွေ ကျွေးလာကြသလို ရယ်ဒီမိတ်အစားအစာတွေလည်း ကျွေးလာကြတာ တွေ့ရပါတယ်။ သတိထားရမှာက အစာက လေပြွန်ထဲရောက်သွားမှာ စိုးရတဲ့အတွက် သဘာဝအစားအစာကျွေးရင် ပါးစပ်ထဲမှာ ပျော်လွယ်တာမျိုးလေးတွေကို ကျွေးသင့်ပါတယ်။ အကယ်၍ အသီးအနှံကျွေးရင်လည်း ပျော့ပျောင်းတဲ့ အသီးမျိုးကျွေးသင့်သလို နည်းနည်းမာတဲ့ အသီးလိုမျိုးကို ကျွေးမယ်ဆိုရင်လည်း အစမှာဆိုရင် အနှစ်လိုဖြစ်အောင် အရင်လုပ်ကျွေးပါ။ နောက်ပိုင်းမှ အတုံသေးသေးလေးတွေ တုံးပြီးစကျွေးပါ။ စားနေတုန်းမှာ လူကြီးက ဘေးကကြည့်နေပေးသင့်ပါတယ်။


          ကိုယ်တိုင်လုပ်ကျွေးမယ့် အစားအစာတွေ ကျွေးမယ်ဆိုရင်တော့ အဓိကထည့်သင့်တဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကတော့-

ကြက်ဥ - ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥက ကလေးငယ်များကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အစားအစာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီအပြင် ကြက်ဥမှာ ကိုလင်း (Choline) ဓာတ်ပါတဲ့အတွက် ကလေးငယ်များကို မှတ်ဉာဏ်စွမ်းအား မြင့်တက်စေနိုင်ပါတယ်။


နွားနို့ - နွားနို့ကတော့ ကလေးငယ်များအရိုးအဆစ်တွေ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ကယ်လ်စီယမ် (ထုံးဓာတ်) ပါတဲ့အတွက်ကြောင့် ကလေးငယ်တွေ အသက်နှစ်နှစ်ကျော်ပြီဆိုတာနဲ့ နွားနို့သောက်တတ်တဲ့ အကျင့်လေး လုပ်ပေးသင့်ပါတယ်။ ဒီအပြင်နွားနို့က ပရိုတင်း(အသားဓာတ်) ကြွယ်ဝစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။ ခြုံငုံပြောရရင်တော့ ကလေးငယ်တွေကို နို့နှင့် နို့ထွက်ပစ္စည်းတွေ ကျွေးမွေးတိုက်ပေးတာက ကလေးငယ်တွေကို အရပ်ရှည်စေသည့် အစွမ်းသတ္တိရှိသည့်အပြင် ခန္ဓာကိုယ်ကိုပါ ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။


ဒိန်ချဉ် - ကလေးငယ်တွေကို အဆာပြေတစ်ခုခု ကျွေးတဲ့နေရာမှာ ဒိန်ချဉ်ကိုလည်း ရံဖန်ရံခါ ကျွေးသင့်ပါတယ်။ Probiotic (ပရိုဘိုင်အော့တစ်) ပါတဲ့အတွက် ကလေးငယ်တွေ ဝမ်းမှန်စေပြီး ဝမ်းအရမ်းချုပ်တတ်တဲ့ ကလေးငယ်တွေမှာဆိုရင် ဒိန်ချဉ်က တစ်ရက်ခြားတစ်ခါလောက်လေး ကျွေးသင့်ပါတယ်။


ကြက်ဥပူတင်း - တစ်ခါတစ်လေကျရင် ကလေးငယ်တွေက အစာကျွေးရ အရမ်းခက်ခဲပါတယ်။ ဘာကျွေးကျွေးမစားဘူးဆိုတဲ့ အခြေအနေမှာ မိဘတော်တော်များများ စိတ်ညစ်ကြရပါတယ်။ တစ်ခါတစ်လေ သူတို့ကို နည်းနည်းနဲ့ အာဟာရများများရမယ့် ကြက်ဥပူတင်းလိုမျိုး လုပ်ကျွေးသင့်ပါတယ်။ ကလေးက သိပ်မစားတော့ နည်းနည်းပဲ ဝင်စေဦးတော့ သူ့ဟာနဲ့သူ အာဟာရဓာတ်လေးတွေအနေနဲ့ အမှတ်မထင်ဘဲ များများစားမိသွားတတ်ပါတယ်။ တစ်ခါတစ်လေ ပူတင်းထဲကို အသီးပျော့ပျော့လေးတွေ ဥပမာ သင်္ဘောသီး၊ သရက်သီး၊ ထောပတ်သီး၊ စတော်ဘယ်ရီသီး စတာတွေထည့်ပြီး အပြောင်းအလဲဖြစ်အောင် ထည့်ကျွေးသင့်ပါတယ်။ ကလေးတွေကလည်း လူကြီးလိုပဲ တစ်မျိုးတည်းချည်း စားနေရရင် ငြီးငွေ့လာတတ်တဲ့အတွက် အရသာမတူအောင် အရောင်အဆင်းမတူအောင် အသီးတွေရောထည့်ပြီး လုပ်ပေးဖို့က အဓိက သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။


          အသီးဖျော်ရည်လေးတွေလည်း တိုက်ပေးလို့ ရပါတယ်။ ကလေးငယ်က နှစ်နှစ်ကျော်ကျော်ဆိုရင် ငယ်သေးလို့ အသီးတွေစားရင် အစာနင်သွားမှာ စိုးရိမ်တယ်ဆိုပြီး အသီးလုံးဝမကျွေးရပါဘူး။ ဒီနေရာမှာ ကျွန်တော်တို့ အသီးစစ်စစ်ဖျော်ရည်ကို သကြားမထည့်ဘဲ တိုက်ပေးလို့လည်းရပါတယ်။ အရေးကြီးတာကတော့ ဖျော်စက်ထဲ ထည့်ဖျော်လိုက်တဲ့အတွက် တကူးတက အားဆေးတွေလည်း သိပ်ထွေထွေထူးထူး တိုက်စရာမလိုတော့တဲ့အတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေပါတယ်။


          ဒုတိယတစ်ချက်ကတော့ ကလေးငယ်တွေစားရင် အလွယ်တကူ လျှာထဲမှာ ပျော်သွားနိုင်လားဆိုတာလည်း သတိထားသင့်ပါတယ်။ ဒါမှ အခု ရက်ပိုင်းတွေမှာ အတွေ့များနေတဲ့ အစာလေပြွန်ထဲပိတ်ခြင်း (Choking) ကိုမဖြစ်အောင် ဟန့်တားပေးနိုင်မှာပါ။ ကလေးတွေကို ဖြစ်နိုင်ရင် ဂျယ်လီသကြားလုံး၊ Marshmallow စတာတွေ မကျွေးသင့်ပါဘူး။


          နောက်တစ်ခု သတိထားသင့်တာကတော့ ကလေးတွေကို ချိုလွန်းတဲ့ ကွတ်ကီးတွေ၊ အချိုမုန့်တွေ မကျွေးသင့်သလို ဆီကြော်မုန့်တွေကိုလည်း ငယ်စဉ်ကတည်းက တတ်နိုင်သလောက် လျှော့ကျွေးသင့်ပါတယ်။ ဆီကြော်မဟုတ်ဘဲ Baked လုပ်ထားတာလေးတွေဆို ကလေးတွေအတွက် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် လျှာထဲမှာလည်း အလွယ်တကူပျော်ဝင်စေဖို့ အရေးကြီးပါတယ်။


          ကလေးတွေမှာ ဝမ်းချုပ်တတ်တဲ့ ပြဿနာဟာ အခုနောက်ပိုင်း တော်တော်ကြီးလာပါတယ်။ ဒါကြောင့် သဘာဝအသီးအနှံတွေကို ကျွေးပေးသင့်သလို တစ်ဖက်တစ်လမ်းကနေလည်း အဆာပြေကျွေးလေ့ရှိတဲ့ မုန့်တွေမှာလည်း အမျှင်ဓာတ်များတဲ့ မုန့်လေးတွေကို ရှာပြီးကျွေးသင့်ပါတယ်။


          ကလေးငယ်တွေ အာဟာရ ပြည့်ဝအောင် သဘာဝအစားအစာတွေ အဆာပြေမုန့်လေးတွေကို ကျွေးတဲ့နေရာမှာ အထက်ပါ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို သတိထားပြီး ကျွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : ဒေါက်တာ ညီညီကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18