Print

ပထမ ၆ လ မိခင်နို့တိုက်ကျွေးခြင်း

  16-Jan-2020
Preview Image

          သားသားမီးမီးကို မိခင်နို့တိုက်ကျွေးခြင်းက အလွန်လှပတဲ့ အတွေ့အကြုံတစ်ခုပါ။ သဘာဝကပေးတဲ့ အာဟာရနဲ့ ခွန်အားဖြစ်ပြီး ကလေးအတွက် အစာခြေရလွယ်ကူတယ်။ ရောဂါဘယတွေက ကာကွယ်တယ်။ ကလေးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းလျှောခြင်း၊ အအေးမိခြင်းတို့ ရဖို့လျော့နည်းစေပြီး ဖြစ်ခဲ့ရင်လည်း မြန်မြန်သက်သာပျောက်ကင်း စေပါတယ်။

          ကလေးအတွက်သာမကပါဘူး။ မိခင်ကျန်းမာရေးအတွက် သားအိမ်ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းလျော့နည်းတယ်။ သားဆက်ခြားခြင်းကို ကူညီတယ်လို့ သုတေသနပညာရှင်တွေက ဆိုတယ်။

          မိခင်နို့တိုက်ကျွေးခြင်းက သဘာဝတစ်ခုဖြစ်ပြီး ကလေးရော မိခင်မှာပါ အကျိုးများစွာရှိပါတယ်။

          ဒါပေမယ့်လည်း မျှော်လင့်မထားတဲ့အခက်အခဲတွေ ဘယ်သူမှ ကြိုမပြောပြခဲ့တဲ့ ခံစားချက်တွေကို ရင်ဆိုင်ရတဲ့အခါ မိခင်နို့တိုက်ကျွေးခြင်းကို စွန့်လွှတ်ဖို့ ကလေးမွေးကင်းစ ပေါက်စလေးကို နို့ဖြတ်ပစ်ဖို့ စဉ်းစားမိတဲ့ မိခင်သစ်တွေလည်း အများကြီး ရှိပါတယ်။

          ကလေးတိုင်း ပထမ ၆ လမှာ မိခင်နို့ အပြည့်အဝသောက်ရဖို့ အရေးကြီးသလို အကျိုးကျေးဇူးတွေအများကြီး ရှိတယ်ဆိုတာ ဆေးပညာရှင်များ၊ သုတေသနပညာရှင်များက တွေ့ရှိခဲ့တာမို့ မိခင်များလည်း သဘောတူမှာပါ။ ကျွန်မကတော့ ကျွန်မရဲ့ကိုယ်တွေ့အရ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းများကို မိခင်တိုင်း အသိပေး ကြိုတင်နားလည် ပြင်ဆင်ထားစေချင်ပါတယ်။ တွေ့ရှိနိုင်တဲ့ အခက်အခဲများထဲက ပထမဆုံး ရင်ဆိုင်ရတတ်တာကတော့ မိခင်ရဲ့ ရင်သားရောင်ရမ်းနာကျင်နေခြင်းနဲ့ နို့သီးခေါင်းနာကျင်ခြင်းပါ။


မိခင်ရဲ့ ရင်သားရောင်ရမ်းနာကျင်နေခြင်း

          မီးဖွားပြီး ပထမသုံးရက်လေးရက်မှာ မိခင်ရဲ့ရင်သားတွေ ရောင်ရမ်းနေခြင်းပါ။ နို့တိုက်ကျွေးဖို့ နာကျင်ခက်ခဲပါတယ်။ ဖြစ်နိုင်တာကတော့ နို့လတ်လတ်ဆတ်ဆတ် ထုတ်လုပ်မှုနဲ့ ရင်သားသို့ သွေးစီးဆင်းမှုများခြင်းကြောင့်ပါ။

          ကျွန်မရဲ့ဆရာဝန်နဲ့ နို့တိုက်ကျွေးခြင်း အတိုင်ပင်ခံ Lactation Consultant က အကြံပေးပါတယ်။

-       နို့မတိုက်ခင် ရေနွေးဖတ်လေးအုပ်ပေးခြင်း၊ ရေနွေးနွေးနဲ့ ရေစိမ်ချိုးပေးခြင်း လုပ်တဲ့အခါ နို့ရည်စီးဆင်းဖို့ ကူညီပြီး နို့တိုက်ရ လွယ်ကူစေပါတယ်။

-       ကလေးနို့တိုက်ပြီးတဲ့အခါ ရင်သားကို ရေခဲထုတ်၊ ဂေါ်ဖီရွက်အုံပေးခြင်းနဲ့ အရောင်သက်သာအောင် လုပ်ပေးလို့ရပါတယ်။

-       နို့မကြာခဏထွက်လေ ပိုသက်သာလေဖြစ်တာမို့ မကြာခဏ နို့တိုက်ပေးရပါတယ်။

-       သိပ်ကိုက်ခဲနာကျင်တဲ့အခါ နို့တိုက်တဲ့မိခင်များသုံးစွဲနိုင်တဲ့ အနာအကျင်အကိုက်အခဲပျောက်ဆေး သောက်ဖို့ ခွင့်ပြုပါတယ်။

-       တချို့မိခင်တွေကတော့ နို့ရည်စီးဆင်းမှုကောင်းအောင် နို့မတိုက်ခင် နို့အရင်ညှစ်ပေးပါတယ်။ ရင်သားတင်းမာခြင်းကို လျော့နည်းစေလို့ ကလေးအတွက်လည်း စုပ်ယူရလွယ်ကူစေပါတယ်။

-       မီးဖွားချိန်မှာ IV သွင်းရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်ပိုများပြီး ရင်သားပိုတင်းတတ်ပါတယ်။ မိခင်က မိမိရင်သားမှ နို့သီးလေး ပတ်ပတ်လည်က တစ်သျှူးကို လက်ချောင်းလေးနဲ့ သက်သက်သာသာနှိပ်နယ်ပေးတဲ့အခါ ပျော့ပျောင်းလာပြီး ကလေးနို့စုပ်ယူဖို့ လွယ်ကူစေပါတယ်။


မိခင်ရဲ့ နို့သီးခေါင်းနာကျင်ခြင်း

          ကလေးနို့သောက်တိုင်း နို့သီးခေါင်းနာကျင်လွန်းလို့ မျက်ရည်ကျရမတတ် ခံစားရတတ်တယ်။ ကလေးရဲ့လျှာက သဲစက္ကူလို ကြမ်းတမ်းတယ်လို့ ခံစားရတတ်တယ်။ အထူးသဖြင့် နို့သီးခေါင်းကွဲခြင်း၊ သွေးထွက်ခြင်း ဖြစ်တဲ့အခါမျိုးမှာပေါ့။

ကျွန်မရဲ့ နို့တိုက်ကျွေးခြင်း အတိုင်ပင်ခံ အကြံပေးပါတယ်။ ဒီလိုဖြစ်တာ ကလေးက နို့သီးစို့တဲ့အခါ နို့နဲ့ ကလေးပါးစပ်နဲ့ ထိထိရောက်ရောက်အထဲကို နက်နက်ဆက်သွယ်မနေလို့ ဖြစ်မယ်။ လျှာကိုလည်း ကောင်းကောင်းအသုံးမချတတ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ ကလေးကို ဆရာဝန်က စစ်ဆေးတဲ့အခါ ဘာအပြစ်မှ မတွေ့ဘူး။ နို့တိုက်တဲ့အခါ နို့သီးနဲ့ ကလေးပါးစပ်နဲ့ နက်နက်တွေ့ထိပြီး တိုက်ရပါတယ်။

ဒါကြောင့်ကလေးမွေးမွေးချင်း မိခင်ရဲ့ ရင်ဘတ်ပေါ်မှာ ကလေးတင်ထားပြီး အသားချင်းထိတွေ့ကာ မိခင်နဲ့ကလေး ဆက်နွယ်ခြင်းလုပ်ပေးဖို့ အရေးကြီးပါတယ်။ တချို့ကလေးတွေဆို သဘာဝအရ မိခင်နို့ကိုရှာပြီး ချက်ချင်း နို့စုပ်ယူတတ်ပါတယ်။ မွေးစကလေးကို ဖိအားမပေးဘဲ မိခင်နဲ့ မျက်နှာချင်းဆိုင် ပခုံး၊ ကျော၊ ခေါင်းကို ကူညီသယ်ပို့ပြီး နို့တိုက်ပေးလို့ရတယ်လို့ အကြံပေးတယ်။

မိခင်နို့သီးခေါင်းနာကျင်ခြင်း အခက်အခဲဖြစ်နေချိန်ကာလမှာ မလုပ်သင့်တာကတော့ ချိုလိမ်ပေးခြင်း၊ နို့ဘူးစတိုက်ခြင်းပါ။ ချိုလိမ်နဲ့ နို့ဘူးက အလွယ်တကူအဝလေးမှာ စုပ်ရတယ်။ အားမစိုက်ရဘူး။ ဒါကြောင့် မိခင်နို့ပြန်သောက်တဲ့အခါ နို့သီးကို ပိုနာကျင်စေပါတယ်။


နို့တိုက်တဲ့အခါ

-       မိခင်ရော ကလေးပါ သက်သောင့်သက်သာရှိတဲ့နေရာရှာပါ။

-       မိခင်နဲ့ ခဏခဏ အသားချင်းထိတွေ့နေရတဲ့အခါ ကလေးအတွက်လည်း စိတ်သက်သာစေတာမို့ ဖြစ်နိုင်ရင် အသားချင်းထိထားပါ။

-       နို့မတိုက်ခင် မိခင်နို့သီးခေါင်းလေးကို နွေးစိုစွတ်အောင် လုပ်ပေးပါ။

-       နို့အနည်းငယ်ညှစ်ပြီး နို့သီးခေါင်းလေစွတ်စိုပေးပြီး ခြောက်သွေ့စေခြင်းကတော့ အနာသက်သာစေပြီး ပိုးမွှားဝင်ခြင်းအနာရင်းခြင်းမှ ကာကွယ်ပေးတယ်လို့ အကြံပေးပါတယ်။

ကလေးခန္ဓာကိုယ် အလေးချိန် ပေါင်ချိန် မှန်မှန်တက်ဖို့ အရေးကြီးတာမို့ မိခင်ရဲ့နို့သီးခေါင်း အနာကျက်ဖို့ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုပဲလုပ်လုပ် အနာမကျက်ဘူး၊ ဆက်လက်နာကျင်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ ကလေးမှာ ရှိနိုင်တဲ့ တခြားအခြေအနေတွေ အဖြေရှာသင့်ပါတယ်။


Credit : ဧကရီပြုံး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18