Print

ကလေးငယ်တွေကို အစာဝါးကျွေးတာ ကောင်းသလား

  17-Jan-2020
Preview Image

          ကျွန်မတို့ မြန်မာဝန်းကျင်အသိုင်းအဝိုင်းမှာ အစာကောင်းကောင်းမဝါးနိုင်သေးတဲ့ ကလေးငယ်တွေကို အဘွား၊ အမေ၊ အဒေါ် စတဲ့ အုပ်ထိန်းသူတွေက တော်တော်များများ ဝါးကျွေးလေ့ရှိပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် ကောင်းသလား၊ သင့်တော်သလားရယ်လို့ မေမေတို့ကိုယ်တိုင် စဉ်းစားချင်မှ စဉ်းစားခဲ့ပါလိမ့်မယ်။ မြန်မာ့ရိုးရာရှေးအစဉ်အလာအတိုင်း အစာကို ကြေညက်အောင် မဝါးနိုင်သေးတဲ့ ကလေးငယ်တွေကို ထမင်းဖြစ်ဖြစ်၊ မုန့်ဖြစ်ဖြစ်၊ အသီးအနှံ (မာသော) ဖြစ်ဖြစ် ဝါးကျွေးတတ်ကြပါတယ်။ ကလေးငယ်ကို လူကြီးက အစာဝါးပြီးခွံ့ကျွေးတာက ဘယ်လိုအကျိုးဆက်တွေ ဖြစ်စေနိုင်သလဲ။ ဒီလိုအပြုအမူက ကလေးငယ်တွေအတွက် သင့်လျော်မှု ရှိ မရှိကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှချင်ပါတယ်။


အစားအစာကို ဘာကြောင့် ဝါးကြွေးကြသလဲ

          အဓိကအကြောင်းရင်းကတော့ ကလေးငယ်ဟာ အစားအစာကို ကြေညက်အောင် ကောင်းကောင်းမဝါးတတ်သေးလို့ အစာနင်တာ၊ အစာမကြေတာ မဖြစ်ရလေအောင် ဝါးကျွေးကြသလို တချို့ကလေးတွေက အစားအစာကို မဝါးချင်လို့ မစားတဲ့အခါ ကလေးကို ဝါးကျွေးတတ်ကြပါတယ်။


အစားအစာ ဝါးကျွေးသူကရော ကျန်းမာရဲ့လား

          ကလေးငယ်တွေဟာ လူကြီးတွေလို ကိုယ်ခံအားစနစ် ကောင်းမွန်မြင့်မားခြင်း မရှိသေးပါဘူး။ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ အရမ်းနုနယ်သေးတဲ့အတွက် အစားအစာဝါးကျွေးတဲ့ မေမေ ဒါမှမဟုတ် လူကြီးတွေမှာ ရောဂါပိုးမွှားရှိနေရင် ကူးစက်ဖို့ အင်မတန် လွယ်ကူလွန်းလှပါတယ်။ လူကြီးတွေရဲ့ အာခံတွင်းနဲ့ တံတွေးရည်ထဲမှာ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ အခြားသော ရောဂါပိုးမွှားတွေဟာ ရောဂါလက္ခဏာ မပြပေမယ့် ရှိနေပါတယ်။ ဒီလိုအခါမှာ ရောဂါပိုးမွှားရှိနေတဲ့လူကြီးက ဝါးကျွေးလိုက်တဲ့ အစားအစာကနေတစ်ဆင့် ရောဂါပိုးမွှားတွေဟာ ကလေးငယ်ဆီ ကူးစက်ခံရရင်တော့ ကိုယ်ခံအား မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်မှာ ရောဂါကို အလွယ်တကူ ဖြစ်ပေါ်ခံစားရပါတော့တယ်။


အစားအစာ ဝါးကျွေးရာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

          အစားအစာဝါးကျွေးရာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက များစွာရှိပါတယ်။ ဒီထဲကမှ ကလေးငယ်တွေအတွက် အန္တရာယ်အရှိဆုံးရောဂါတွေကတော့


အသည်းရောင်အသားဝါအေနှင့် ဘီရောဂါ

          အသည်းရောင်အသားဝါ အေ နှင့် ဘီရောဂါတွေဟာ တံတွေးရည်ကနေတစ်ဆင့် ကာလကြာရှည်ထိတွေ့ရင် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေပါ။ အသည်းရောင် အသားဝါဘီရောဂါက ကလေးမှာ ကူးစက်ခံရရင် ပျောက်အောင်ကုဖို့ ခက်ခဲတတ်တဲ့ရောဂါပါ။ လူကြီးဘဝအထိ ရောဂါကူးစက်ခံသွားရနိုင်တာမို့ မေမေတို့အနေနဲ့ ကလေးကို အစားအစာ ဝါးကျွေးတာမျိုး ဆင်ခြင်သင့်ပါတယ်။


ရေယုန်ရောဂါ

          တကယ်လို့ ကလေးကို အစာဝါးကျွေးသူရဲ့ အာခံတွင်းထဲမှာ ရေယုန်နာဖြစ်နေရင် ဝါးကျွေးတဲ့ အစားအစာမှတစ်ဆင့် ကလေးငယ်ဆီကို ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။


မှက္ခရုနာ

          လူကြီးရဲ့ အာခံတွင်းထဲမှာ မှက္ခရုပေါက်နေရင်လည်း ကလေးကို အစာဝါးကျွေးတဲ့အခါ ကလေးငယ်ဆီကို ကူးစက်ခံရနိုင်ပါတယ်။


HIV ရောဂါပိုး

          သုတေသနလေ့လာတွေ့ရှိချက်တွေအရ ကလေးကို အစာဝါးကျွေးရာကနေ လူကြီးမှ ကလေးသို့ HIV ရောဂါပိုး ကူးစက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။


သွားနှင့် ခံတွင်းရောဂါ

          ကလေးကို အစာဝါးကျွေးတဲ့လူကြီးရဲ့ သွားနဲ့ ခံတွင်းမှာ Streptococcus Mutans လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးတွေ ရှိနေရင်လည်း ကလေးဆီကို ကူးစက်နိုင်ပြီး ကလေးမှာ ပိုးပွားများနှုန်း ပိုမြန်တယ်လို့ တွေ့ရှိရပါတယ်။ ဒီပိုးမွှားတွေက ကလေးငယ်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်ပျက်စီးစေပါတယ်။


ဆစ်ဖလစ်ရောဂါ

          ကလေးကို အစာဝါးကျွေးတဲ့လူကြီးမှာ ဆစ်ဖလစ်ရောဂါပိုးရှိနေရင်လည်း ကလေးဆီကို ဒီရောဂါပိုးက အလွယ်တကူ ကူးစက်နိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

ဒီလိုရောဂါတွေ မဖြစ်အောင်

          ကလေးကို အစာဝါးကျွေးရာကနေတစ်ဆင့် ကူးစက်နိုင်တဲ့အန္တရာယ်ရှိသော ဒီလိုရောဂါတွေ မဖြစ်အောင် အကောင်းဆုံးကတော့ ကလေးငယ်ကို အစာဝါးကျွေးတာမျိုး လုံးဝမလုပ်မိစေချင်ပါဘူး။ အစာကို ကြေညက်အောင် မဝါးနိုင်သေးတဲ့ ကလေးငယ်ကို အစာကျွေးတဲ့အခါ နူးအိနေအောင် ချက်ပြုတ်ပြီး ကြေညက်အောင် ဇွန်းနဲ့ ဒါမှမဟုတ် ကြိတ်စက်နဲ့ ကြိတ်ခြေပြီးမှ ကျွေးလို့ရပါတယ်။ ကလေးကို အစာကျွေးတဲ့အခါ ကလေးအတွက် ကိုယ်ပိုင်သီးသန့် ဇွန်း၊ ခွက်၊ ပန်းကန်တွေ ခွဲခြားပြီးမှသာ ကျွေးကြပါလို့ အကြံပြုရေးသားလိုက်ရပါတယ်။

Credit : Sheri (U.O.N,Ygn)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18