Print

ကလေးငယ်လေးတွေကို မနမ်းရှုံ့သင့်တဲ့ အကြောင်းရင်းများ

  20-Jan-2020
Preview Image

          မွေးကင်းစနဲ့ အသက်တစ်နှစ်အောက်ကလေးတွေဟာ ရောဂါပိုးဝင်ရောက်ဖို့ အလွန်လွယ်ကူစေပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့ ကလေးပေါက်စနဆီသို့ လူကြီးတွေဆီက ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ကာ၊ ရောဂါဘယ ဖြစ်လွယ်စေလို့ မနမ်းရှုံ့သင့်တာ ဖြစ်ပါတယ်။

 

         ရက်သား လသားကလေးငယ်တွေကို နှုတ်ခမ်းနဲ့ ပါးတွေကို ဖိကပ်နမ်းရှုံ့တာက ရေယုန်ရောဂါကူးစက်မှုကို ကလေးတွေဆီမှာ အလွယ်တကူ ရောက်ရှိသွားစေတာ တွေ့ရတယ်။


          ကျန်းမာနေတယ်ထင်ရသူ ဘယ်သူမဆို ကလေးပေါက်စနလေးတွေကို နှုတ်ခမ်းချင်းနဲ့ ဘယ်နေရာမဆို မနမ်းသင့်ပါဘူး။ အဲလိုလူကြီးတွေက၊ ရေယုန်ရောဂါကို သယ်ဆောင်ထားနိုင်ကြလို့ဖြစ်တယ်။

  

        ဒါ့အပြင် လူကြီးတွေဆီကနေ အနာစိမ်းတွေ၊ ယားနာတွေစသဖြင့် အရေပြားရောဂါတွေပါ ကူးစက်နိုင်တဲ့အတွက် ဟိုလူဒီလူ ချီပိုးချော့မြူတာမျိုးတွေကိုလည်း ခွင့်မပြုသင့်ပါဘူး။ တီဘီနဲ့ ချောင်းဆိုးရင်ကျပ်နေသူတွေဆီက ရောဂါပိုးတွေဟာ သူတို့ ချောင်းဆိုးချောင်းဟန့်တာနဲ့ကို အနီးပတ်ဝန်းကျင်က လူတွေ အထူးသဖြင့် မွေးကင်းစနဲ့ လသားကလေးတွေဆီသို့ လေထဲက တစ်ဆင့်ကူးစက်ရောက်ရှိစေပါတယ်။ အဲလိုရောဂါရှိသူတွေကို ပွေ့ဖက်နမ်းရှုံ့ဖို့ မဆိုထားနဲ့ ကလေးအခန်းထဲ ကလေးရှိရာအနီးအနားတောင် မလာဖို့ သတိပြုစေချင်တယ်။

 

         ကလေး ပေါက်စနလေးတွေဟာ အသက်ခြောက်ပတ် ရှစ်ပတ်သားအရွယ်အထိ လူကြီးတွေဆီက ရလာနိုင်တဲ့ ရောဂါပိုးတွေကို ခုခံနိုင်စွမ်း လုံးဝမရှိကြသေးဘူး။ အဲဒီအချိန် အနာအဆာရှိတဲ့သူ၊ နှာစေးချောင်းဆိုး ဖျားနေတဲ့သူကသာ ကလေးကို ပွေ့ချီ နမ်းရှုံ့မယ်ဆိုရင် ကလေးအတွက်တော့ ကြီးမားတဲ့ အသက်အန္တရာယ်အထိ ကျရောက်စေပါတယ်။

 

         ကလေးလေးတွေဟာ သူ့သဘာဝအတိုင်း ကျန်းမာစွာ စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးသန်မာစွာ ကြီးပြင်းလာသင့်ပါတယ်။ လူကြီးတွေ မသိတတ်မှုကြောင့်၊ မဆင်ခြင်မှုကြောင့် ကလေးပေါက်စနအရွယ်ကတည်းက လူကြီးတွေဆီက ရောဂါတွေကူးစက်ခံရတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒါကြောင့် ကလေးအသက် တစ်လခွဲနှစ်လ မတိုင်ခင်အထိ ကလေးမွေးတာ သတင်းမေးသွားကြရင် ကလေးအနီးမနေဖို့ ဖက်ရမ်းမနမ်းရှုံ့ဖို့၊ မပွေ့ချီဖို့၊ လူကြီးတွေက သတိထားသင့်တယ်။ မိဘတွေကလည်း အဲဒီအတိုင်း လိုက်နာဖို့အားမနာတမ်းပြောပြ ဟန့်တားသင့်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးထက် ဘယ်ဟာကမှ ပိုအရေးမကြီးနိုင်ပါဘူး။ မြန်မာ့ထုံးစံဆိုရင် အဲလို ဟန့်တားကြရင် မကြိုက်ကြပါဘူး။ (သူ့ကလေး ပဲ့ပါသွားမှာကျလို့၊ နှမြှောတွန့်တိုလိုက်တာလို့ ) စကားတင်းဆိုခံရရင် ခံရပါစေတော့။ မိမိကလေးကို ပိုးမွေးသလို တယုတယထိန်းသိမ်းမွေးမြူရင်း ကျန်းမာရေးနဲ့ ညီညွတ်စွာ စောင့်ရှောက်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : ဒေါက်တာ မြမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18