Print

သန်ကောင်အကြောင်း သိကောင်းစရာ (၂)

  04-Mar-2022
Preview Image

နှင်တန်သန်ကောင်နှင့် သန်ချိတ်ကောင်

နှင်တန်သန်ကောင် အမများသည် တစ်နေ့အတွင်း ဥပေါင်း များစွာကို ဥနိုင်ကြပေသည်။ ထိုဥများသည် မစင်စွန့်သည့်အခါတွင် မစင်နှင့်အတူ ပါလေ့ရှိသည်။ အပြင်ရောက်လာသော ဥများသည် အစိုဓာတ်နှင့် တွေ့ပြီး နှစ်ပတ်ကြာလောက်တွင် ဥထဲမှာပင် အကောင်လေးများ အဖြစ်သို့ ပြောင်းလဲရောက်ကြရပေသည်။ ထိုအကောင်များရှိနေသော ဥများကိုစားမိလျှင် ဥများအတွင်းမှ အကောင်လေးများ ထွက်လာပြီး တဖြည်းဖြည်းနှင့် ကြီးထွားလာရာ ၃ လ အကြာတွင် အကောင်းကြီး ဘဝသို့ ရောက်ရပေသည်။ဤသန်ကောင်အမျိုးအစား အနေနှင့် လက္ခဏာပြလေ့မရှိသော်လည်း သန်ကောင်အရေအတွက် များလာပါမူ ဗိုက်နာခြင်း၊ ဝမ်းကိုက်သည် မဟုတ်ပါဘဲ ဝမ်းသွားရာတွင် သွေးပါခြင်းနှင့် ရံဖန်ရံခါတွင် စအိုဝမှ အူမကြီး ကျွံထွက်ခြင်း (Prolapserectum) စသည့် လက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။ အထူးသဖြင့် အာဟာရချို့တဲ့၍ ဝမ်းခဏခဏသွားသည့် ကလေးမျိုးဆိုလျှင် အူမကြီး ကျွံထွက်ရန် ပိုလွယ်ကူပေသည်။

 

အိမ်သာတွင် မစင် မစွန့်ဘဲ မြေကြီးပေါ်တွင် စွန့်လေ့ရှိသည့် အရပ်ဒေသများတွင် ဤသန်ကောင်မျိုး အဖြစ်များသည်မှာ မဆန်းလှပေ။ အထူးသဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ညံ့ဖျင်းသည့် ပတ်ဝန်းကျင်တွင် ပိုဆိုးနိုင်ပေသည်။ အိမ်သာ မသုံးသည့် အရပ်တွင်ကလေးကို မြေကြီးပေါ် မဆော့စေခြင်းဖြင့် လည်းကောင်း၊ ဆော့ခဲ့သော် လက်ကိုသန့်ရှင်းအောင် ဆေးပေးခြင်း၊ လက်သည်းများ ကြေးညှော်ကင်းစေခြင်းဖြင့် လည်းကောင်း ဤသန်ကောင်ရောဂါကို အလွယ်တကူ ကာကွယ်နိုင်ပါသည်။သန်ချိတ်ကောင်များသည် ၎င်းတို့ကို ဦးခေါင်းပေါ်တွင်ရှိသော ချိတ်လေးများဖြင့် အူ၏အတွင်းသားကို တွယ်ချိတ်ထားပြီး Sucker ခေါ် စုပ်ယူကိရိယာ တစ်မျိုးဖြင့် လူ၏သွေးကို တိုက်ရိုက်စုပ်ယူနိုင်ခြင်းဖြင့် လူ၏ အူအတွင်း၌ လပေါင်းများစွာသာမက နှစ်ပေါင်းများစွာကပင် အသက်ရှင်နေနိုင်ပါသည်။ ထို့သို့ သွေးစုပ်ယူ စားသုံးနေသည့်အတွက်လည်း ၎င်းမှီခိုနေသော လူတွင် သွေးအားနည်းရောဂါ ဝင်လာနိုင်ပါသည်။

 

သန်ချိတ်ကောင်၏ ဥများသည် အူတွင်းရှိ မစင်နှင့်ရော၍ အပြင်သို့ရောက်ရပေသည်။ အပြင် ရောက်ပြီး ၂၄ နာရီအတွင်း သန်ချိတ်ကောင် ပေါက်စကလေးများ အဖြစ် သို့ရောက် ကြသည်။ တစ်ဖန် ထိုသန်ချိတ်ကောင် ပေါက်စကလေးတို့သည် ခုနစ်ရက်အတွင်း လူ၏အသားအရေကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည့် သန်ချိတ်ကောင်ပေါက်လေးများ အဖြစ်သို့ ရောက်ကြရပေသည်။ထိုအချိန်ကာလအတွင်း ၎င်းသန်ချိတ်ကောင် လေးများ ရှိနေသောမြေပြင်ပေါ်တွင်ဖိနပ်မပါဘဲ နင်းသွားမိသည် (သို့) ဆော့ကစားမိသည်ရှိသော် ခြေချောင်း၊ လက်ချောင်းလေးများ အကြားရှိ အသားနုများကို ထိုးဖောက်၍ ၎င်းသန်ချိတ်ကောင်ပေါက်လေးများသည် လူ၏သွေးကြောအတွင်းသို့ ရောက်ရပေသည်။ သွေး၏ လည့်ပတ်မှုအတိုင်း ပါသွားမည်ဖြစ်ရာ နှလုံး၊ အဆုတ်များ အတွင်းသို့လည်း ရောက်ကြရမည် ဖြစ်လေသည်။ အဆုတ်အတွင်း လေပြွန်ပိုက်များမှတစ်ဆင့် အပေါ်သို့ ဆန်တက်ကာ အစာမျိုရင်းနှင့် အူတွင်းသို့ ပြန်ရောက်ကြပြန်လေသည်။ အူတွင်း ရောက်ပြီး ၅ ပတ်မျှ ကြာသောအခါ သန်ချိတ်ကောင်ကြီး ဘဝသို့ရောက်ရပေသည်။ 

 

၎င်းရောဂါ၏ လက္ခဏာအနေနဲ့မူ အဓိကအားဖြင့် သွေးအားနည်းရောဂါပင်ဖြစ်သည်ဟု ဆိုရပေမည်။ တစ်ကောင်းရှိလျှင်ပင် သွေးအတော်အစုပ်ခံနေရရာ အရေအတွက်များများရှိနေလျှင် ပို၍များများ အစုပ်ခံရသဖြင့် သွေးအားနည်းရောဂါကို သိသိသာသာကြီး ခံစားရမှာ မလွဲတော့ပေ။ ထိုအခါကလေးသည် ဖြူဖပ်ဖြူရော် ဖြစ်ရုံသာမကတော့ဘဲ မျက်နှာများဖောခြင်း၊ ခြေခုံ၊ လက်ခုံလေးများ ရောင်ရမ်းခြင်းတို့ ဖြစ်လာမှာ ဖြစ်ပေသည်။ အစားအသောက်ပျက်ခြင်း၊ မောပန်းလွယ်ခြင်းနှင့် မကြာခဏ မူးဝေခြင်းတို့ကိုလည်း ခံစားလာကြရမှာဖြစ်သည်။ သန်ချိတ်ကောင်အကြီး အနေနှင့် ထိုသို့ရောဂါကြီးကြီးမားမား ဖြစ်လာအောင်စွမ်းဆောင်နိုင်သလို သန်ချိတ်ကောင်ပေါက်လေး ဘဝများတွင်လည်း ၎င်းတို့ထိုးဖောက်ဝင်ရောက်သည့် ခြေကြား၊ လက်ကြား နေရာများတွင် အဆုတ်ရောင်၊ ပန်းနာရင်ကျပ်အနေနှင့် ခံစားရခြင်းတို့ကို ဖြစ်စေသည်။

 

ဤရောဂါလက္ခဏာများရှိသည့် ကလေးမျိုးဆိုလျှင် ဝမ်းကိုစစ်ဆေး၍ သန်ချိတ်ကောင်ဥများ တွေ့ရှိလျှင် သူနှင့်ဆိုင်ရာ စားသင့်သည့် ဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်း စားရုံနှင့် ပြီးပြတ်နိုင်ပါသည်။ သို့ရာတွင် ဤရောဂါထပ်မဖြစ်အောင် ကာကွယ်ဖို့ရန်နှင့် မပျံ့ပွားစေရန်မှာ ပိုအရေးကြီးပေသည်။ အဓိကမှာ ယင်လုံ တွင်းအိမ်သာ သုံးစွဲရေးပင်ဖြစ်တော့သည်။ မစင်ကို စနစ်တကျ တွင်းအိမ်သာတွင် စွန့်ခြင်းဖြင့် သန်ချိတ်ကောင်ပေါက်များ မြေပေါ်တွင် မရှိနိုင်တော့သဖြင့် လူ့ကိုယ်တွင်းသို့ ဝင်ရန်လမ်းကြောင်း ပြတ်သွားနိုင်သည်။ ထိုသို့ဖြင့် ၎င်းရောဂါ နောက်တစ်ဖန်ဖြစ်ဖို့ မရှိတော့သလို ရောဂါကိုလည်း မပြန့်ပွားအောင် ထိန်းသိမ်းနိုင်ပေသည်။ ချောင်းစပ်များတွင် အိမ်သာ ဆောက်လေ့ရှိသော ရွာများတွင်မူ အိမ်သာရှိသည့်နေရာ အနီးအနားသို့ မသွားစေရန်နှင့် သွားမိပါကလည်း ဖိနပ်စီး၍သာ သွားရန်အထူးလိုအပ်ပါသည်။ ထိုမျှ ဂရုစိုက်ခြင်းဖြင့်ပင် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်သော သွေးအားနည်းရောဂါကို ကာကွယ်ရာရောက်နိုင်ပေသည်။

 

 

Credit:

ဒေါက်တာခင်မျိုးဟန် (ကလေးအထူးကုဆရာဝန်ကြီး)

သားသားမီမီးတို့ ဖြစ်တတ်သောရောဂါများ -၂ စာအုပ်မှကောက်နုတ်ထားပါသည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18