Print

ပန်းနာရင်ကြပ်ရောဂါ

  05-Mar-2022
Preview Image

       ပန်းနာရင်ကြပ်ရောဂါကို ဆေးပညာအရတော့ Asthma ( အက်စ်မာ) လို့ ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ရောင်ရမ်းကျဉ်းမြောင်းနေပြီး အကျိအချွဲတွေ များစွာထုတ်နေတဲ့အခြေအနေဖြစ်ပါတယ်။ အသက်ရှူရခက်ခဲစေပြီး ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်းများကို ဖြစ်ပွားစေပါတယ်။ မကြာခဏ သက်ပြင်းချနေရခြင်းများလည်း ရှိနေတတ်ပါတယ်။

          တချို့လူတွေအတွက်တော့ ပန်းနာရင်ကြပ်ရောဂါဟာ သာမန်ပြဿနာတစ်ခုလောက်သာ ခံစားရသော်လည်း အခြားလူတွေအတွက်ကတော့ ဆိုးရွားကြီးမားတဲ့ ဒုက္ခတစ်ခုပါပဲ။ ပုံမှန်နေ့စဉ်အလုပ်တွေတောင် မလုပ်နိုင်ဘဲဖြစ်သွားသည့်အပြင် တချို့တွေဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

          ပန်းနာရင်ကြပ်ရောဂါဟာ ပျောက်ကင်းအောင်ကုသ၍မရသော်လည်း လက္ခဏာတွေသက်သာအောင်တော့ ထိန်းထားလို့ ရပါတယ်။ ပန်းနာရင်ကြပ်ရောဂါဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိနေနိုင်တဲ့အတွက် ရောဂါလက္ခဏာတွေကို ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့လိုအပ်ပါတယ်။

          ပန်းနာရင်ကြပ်ရောဂါဟာ တစ်ယောက်နဲ့တစ်ယောက်တော့ လက္ခဏာတွေ ကွဲပြားတတ်ကြပါတယ်။ မကြာခဏရောဂါထနေမှာမျိူးတော့ မဟုတ်ပါဘူး။ ဖြစ်စေတဲ့အကြောင်းအရင်းတွေ ရှိတဲ့အချိန်မှသာ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဥပမာ- လေ့ကျင့်ခန်းလုပ်ခြင်း။ ပန်းနာရင်ကြပ်ရောဂါရဲ့ လက္ခဏာတွေကတော့ ရင်ကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်၍ တရွှီရွှီမြည်ခြင်း၊ သက်ပြင်းမကြာခဏချရခြင်း( အသက်ရှူထုတ်ချိန်ကြာခြင်း) ၊ အိပ်မရခြင်း စသည်တို့ဖြစ်ပါတယ်။

          ပန်းနာရင်ကြပ်ရောဂါရဲ့ ဆိုးရွားတဲ့အခြေအနေကတော့ မကြာခဏ ရင်ကြပ်လက္ခဏာတွေပေါ်နေခြင်း၊ အသက်ရှူရ ပိုပိုပြီး ခက်ခဲလာခြင်း( လေထုတ်အားကောင်းမကောင်း လေမှုတ်ထုတ်စေပြီး စက်ကလေးနဲ့ စမ်းသပ်တဲ့အခါမှာ အဆုတ်ရဲ့ လုပ်ဆောင်ရည် ကျဆင်းနေခြင်း)၊ အမြန်သက်သာစေမယ့် ရှူဆေး(သို့) အာဖျန်းဆေးကို ခဏခဏရှူနေရခြင်းတို့ဖြစ်ပါတယ်။

 

ပန်းနာရင်ကြပ်ဖြစ်စေနိုင်သော အကြောင်းအရာများ

             ပန်းနာရင်ကြပ်ရောဂါဟာ တစ်ချို့တွေကျဖြစ်ပြီး တစ်ချို့တွေကျ ဘာလို့မဖြစ်တာလဲဆိုတာကတော့ မရှင်းပါဘူး။ ဒါပေမယ့် ပန်းနာရင်ကြပ်ဟာ ပတ်ဝန်းကျင်အခြေအနေနဲ့ ဗီဇ(Genetic) တို့ကြောင့်ဖြစ်နိုင်ပါတယ်။

          အသက်ရှူလမ်းကြောင်းတလျှောက်ယားယံစေတဲ့ အမှုန်တွေရှူမိတဲ့အခါမှာဆိုရင် ပန်းနာရင်ကြပ် လက္ခဏာတွေ ထလာနိုင်ပါတယ်။ ယားယံစေတဲ့အမှုန်တွေနဲ့ ပိုမိုဆိုးရွားစေတဲ့ အချက်တွေကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူတတ်ကြပါဘူး။ ဘာတွေပါဝင်လဲဆိုတော့…

 

-လေကြောင်းတစ်လျှောက်ပါလာတတ်တဲ့ ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ အိမ်မွေးတိရိစ္ဆာန်အမွှေးအမျှင်များ

-ရေမွှေး၊ ပေါင်ဒါမှုန့်ရှူမိခြင်း။

-ခြောက်ကပ်အေးစက်နေတဲ့လေကိုရှူမိခြင်း

-လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း

-မီးခိုး၊ ဆေးလိပ်၊ ညစ်ညမ်းသောလေ

-တချို့ဆေးဝါးများ( သွေးပေါင်ကျဆေး၊ အကိုက်အခဲပျောက်ဆေး)

-စိတ်ဖိစီးမှုများ၊ စိတ်လှုပ်ရှားမှုများ။

-အသင့်စားရန်ပြင်ဆင်ထားသော အစားအစာများ၊ အချိုရည်များ၊ ဘီယာ၊ ဝိုင်။

-စားချင့်ပြန်ရောဂါရှိသူများ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ချေများသူများမှာ

-မိသားစုတွင် ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင် ရှိသူများ။

-အရေပြားဓာတ်မတည့်ရောဂါရှိသူများ၊ မကြာခဏ ဓာတ်မတည့်ဖြစ်ကာ နှာစေးတတ်သူများ။

-အဝလွန်သူများ။

-ဆေးလိပ်သောက်သူများ၊ ဆေးလိပ်နံ့ ရှူရသူများ။

-ကား ဆိုက်ကယ် စက်ပစ္စည်းများမှ ထွက်သော မီးခိုးများရှူရသူများ။

-အလုပ်အကိုင်အရ ဓာတုဗေဒပစ္စည်းများဖြစ်တဲ့ သုတ်ဆေးအမျိုးမျိုး၊ ဆံပင်ဆိုးဆေးများနှင့် အလုပ်လုပ်ရသူများ၊ အမှုန်များထွက်သော စက်ရုံများတွင် အလုပ်လုပ်ရသူများဖြစ်သည်။

 

နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့ အဆုတ်အတွင်းရှိ အသက်ရှူပြွန်လေးများ ကျဉ်းမြောင်းသွားခြင်း နှင့် ပန်းနာရင်ကြပ်အတွက်သောက်တဲ့ဆေးတွေရဲ့ဘေးထွက်ဆိုကျိုးတွေ ခံစားရနိုင်ပါတယ်။

 

ကြိုတင်ကာကွယ်ခြင်း

          ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင် ဖြစ်စေတဲ့အကြောင်းအရင်းတွေကို တတ်နိုင်သမျှရှောင်ရှားဖို့ပါပဲ။ မျိုးရိုးဗီဇကိုတော့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ သောက်ရမယ့်ဆေးတွေကို ပုံမှန်သောက်ပေးခြင်းဖြင့် ရင်ကြပ်ရောဂါမထအောင်ကာကွယ်ရပါမယ်။ ရာသီတုပ်ကွေးနဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးတွေ ထိုးထားဖို့လိုပါတယ်။ တကယ်လို့ ရင်ကြပ်လက္ခဏာတွေ ပေါ်လာပြီဆိုတာနဲ့ ချက်ချင်း ကုသမှုခံယူရပါမယ်။ လေပြွန်လေးတွေကို ကျယ်စေတဲ့ ရှူဆေး (သို့) အာဖျန်းဆေးလေးလည်း ဆောင်ထားသင့်ပါတယ်။

Reference- Mayo clinic

Dr. Lwin Moe Kyaw


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, Telenor မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18