Print

အစာ အဆိပ်နှင့် ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင်

  30-Oct-2016
Preview Image

စျေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင်သည်။ သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါ ယင်းဘက်တီးရီးယား တို့သည် သေဆုံးသွားသည်က များ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။တချို့သော ဘက်တီးရီးယားပိုးများသည် အသားငါးထဲတွင် အကောင်ဘဝ၊ အကောင်သဏ္ဌာန် (Vegetative Form) ရှိနေခြင်းမဟုတ်ဘဲ မျိုးအောင်းစေ့ (Spore) ဘဝနှင့် ရှိနေတတ်လေသည်။ ဘက်တီးရီးယားပိုးများကို အကောင်ဘဝ (Vegetative Form) တွင် အပူပေး၍သတ်ရန် လွယ်ကူးသော်လည်း မျိုးအောင်းစေ့ (Spore) များသည် အသား၊ ငါးကို တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့် သေမသွားတတ်ပါ။ အသား၊ ငါးကို ချက်ပြုတ်ပြီး ချက်ချင်းမစားသောက်ဘဲ ကြာရှည်စွာထားမိပါက အပူချိန်တဖြည်းဖြည်းကျလာနေစဉ် မျိုးအောင်းစေ့ (Spore)ဘဝမှ အကောင်ဘဝ (Vegetative Form) သို့ ပြောင်းလဲလာပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် အသား၊ ငါးများကို စားသုံးလျှင်—အမဲသား၊ ဆိတ်သား၊ ကြက်၊ ဘဲ၊ ငန်း၊ စသည့် အသားအမျိုးမျိုးကို စားသုံးသည့်အခါ အသားများ ကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်လျှင် ပို၍ဂရုစိုက်ဖို့လို၏။ အမဲသား၊ ၀က်သားတုံးများကို အတုံးကြီးကြီးတုံး၍ ချက်လျှင် အသားတုံး၏ အတွင်းအကျဆုံး အပိုင်းတွင်ရောက်အောင် ချက်ပြုတ်မှသာ စိတ်ချရလေသည်။ခရုကမာ (Shellfish, Oyster)တို့သည် ကောင်းစွာ မချက်ပြုတ်ဘဲ စားလျှင် အန္တရာယ်ပေးနိုင် သည့်အစာများ ဖြစ်ပါသည်။ ခရုကမာအခွံကို သေသေချာချာ ပွတ်တိုက်ဆေးကြောပြီးမှ အိုးထဲထည့်ရပါမည်။ ချက်ပြီး ခရုကမာများကို မချက်ရသေးသည့် ခရုကမာကောင်အစိမ်းများ လှီးဖြတ်တုံးတစ်သည့်နေရာတွင် လှီးဖြတ်ခြင်း မပြုသင့်ပေ။ ခရုကမာဟင်းကို နေ့ဖို့ည စာ ချန်ထားလျှင် အန္တရာယ်များသဖြင့် စား၍ကုန်နို်င်ရုံသာ ချက်စားပြီး၊ မကုန်လျှင် သွန်ပစ်သင့်ပါသည်။အသား ငါးတို့ကို အပူရှိန်ပြင်းပြင်းပေးပြီး မြန်မြန်ကျက်အောင်ချက်ပြုတ်ခြင်းသည် စိတ်အချရဆုံး ဖြစ်၏။ ဆီပူနှင့်ကြော်ခြင်း၊ အတုံးသေးသေးတုံးပြီး ကျက်အောင် မီးကင်ခြင်း၊ မီးအုံးခြင်း၊ လေဖိအားပြင်းပြင်းနှင့် ပေါင်းခြင်း (Steaming under pressure) စသည်တို့ဖြစ်ပေသည်။လေဖိအားသုံး ပေါင်းအိုးများဖြင့် သားငါးများကို အချိန်တိုတိုအတွင်း ကျက်အောင်ချက်ပြုတ်နိုင်၏။ လေဖိအားနှင့် အပူချိန်ကို တပြိုင်နက်တွဲ၍သုံးသော ဤနည်းတွင် ဘက်တီးရီးယားများသာမက ယင်းတို့၏ မျိုးအောင်းစေ့ (Spore) များကိုပင် ပျက်စီးအောင် ဖျက်ဆီးသတ်ဖြတ်နိုင်လေသည်။အသား ငါးများကို ချက်ပြုတ်ရာတွင် အပူချိန် မည်မျှရောက်အောင် ပေးနိုင်သည်ဆိုသောအချက်က အရေးအကြီးဆုံး ဖြစ်ပေသည်။ လုံလောက်သည့် အပူချိန်ပေး၍ ကျက်အောင်၊ နူးနပ်အောင် ချက်နိုင်မှ အန္တရာယ်ကင်းမည်ဖြစ်၏။ မကျက်တကျက် ချက်ထားသော အသား ငါး ကိုမှ စားလိုသည်ဆိုလျှင် ရောဂါပိုးကင်းသည့် တိရစ္ဆာန်၏ လတ်ဆတ်သောအသား၊ ရောဂါပိုးကင်း၍ လတ်ဆတ်သော ငါးဖြစ်ကြောင်း သေချာဖို့လိုပါသည်။ (ခရု၊ ကမာကဲ့သို့ သတ္တဝါများတွင် ရောဂါပိုးကင်းသည်ဟု မည်သို့မှ တပ်အပ်သေချာစွာ မပြောနိုင်ပါ)။အပူချိန်လုံလုံလောက်လောက်နှင့် ကျက်အောင်ချက်ထားသောအသားသည် အညိုရောင် ဖြစ်ရပါမည်။ အသားတုံး၏ အတွင်းပိုင်းသည် အညိုရောင်သို့ မပြောင်းသေးဘဲ နီမြဲနီနေလျှင် မကျက်သေးကြောင်း သိနိုင်၏။ Salmonella နှင့် Clostridium perfringens ဘက်တီးရီးယားများကြောင့် အစာလမ်းကြောင်း ရောဂါဖြစ်ခြင်း၊ လူအမြောက်အမြား တပြိုင်နက် အစာအဆိပ်သင့်ခြင်းတို့ ဖြစ်ပွားရာတွင် မကျက်တကျက် ချက်ထားသော အမဲသားကို စားသောက်မိခြင်း-မသန်ရှင်းသော ချက်ပြုတ်အသုံးဆောင်ပစ္စည်းများဖြင့် ချက်ပြုတ်ခြင်း-ဘက်တီးရီးယားပိုးဝင်နေသည့် အချိန်ကြာ ထားသည့် ငါးငါးများ ကြောင့် ဖြစ်သည် အကြောင်းရင်းဖြစ်တတ်ပါသည်။

 

အသား ငါး စားခြင်းနှင့် သန်ကောင်ရောဂါများ

------------------------------------------------

ကလေးကို အသား၊ ငါး ကျွေးလျှင် သန်ကောင်ရောဂါရတတ်သည်ဟု ကလေးမိဘ အတော်များများက အထင်မှားနေကြပါသည်။ သူတို့သိထားသော သန်လုံးကောင် (Ascaris) များကို အသား၊ ငါး စားခြင်းကြောင့် ရရှိခြင်းမဟုတ်ပေ။ ရေလောင်းအိမ်သာ၊ တွင်းနက်အိမ်သာ စသည့် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သာများ မသုံးစွဲခြင်း၊ တကိုယ်ရေ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကူးစက်ခြင်းသာဖြစ်လေသည်။အသား၊ ငါးတို့ကို နူးနပ်အောင် ချက်စားခြင်းဖြင့် ထိုအစာများမှ ရရှိနိုင်သော အဓိက အာဟာရဓာတ်ဖြစ်သည့် ပရိုတင်းများ ပျက်စီးလျော့နည်း မသွားပါ။ တနည်းပြန်ပြောရလျှင် အသား၊ ငါးတို့ကို အစိမ်း သို့မဟုတ်-မကျက်တကျက် စားခြင်းဖြင့် ထူးထူးခြားခြား အာဟာရတန်ဖိုး တက်မလာပါ။ ရောဂါရနိုင်သည့် အန္တရာယ်သာ ပို၍များပါသည်။

(ထို့အတူ ကြက်ဥအစိမ်းကို ဖောက်သောက်ခြင်းသည် ကြက်ဥကို ကြော်စားခြင်း၊ ပြုတ်စားခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။

အလားတူပင် နွားနို့ကို မကျိုဘဲ အစိမ်းသောက်ခြင်းသည် ကျက်အောင် ကျို၍သောက်ခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။)မြန်မာလူမျိုးတို့၏ ဓလေ့အတိုင်း အသား၊ ငါးတို့ကို နူးနပ်အောင် ချက်ပြုတ်ပြီးမှစားခြင်း၊ ထမင်းဟင်းများကို ပူပူနွေးနွေး စားသုံးခြင်းတို့သည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကောင်းမွန်လှသဖြင့် ဆက်လက်ကျင့်သုံးသင့်ကြောင်း ပြောလိုပါသည်။ မြန်မာမိသားစုအများစု၏ မီးဖိုချောင်အခြေအနေ ပတ်ဝန်းကျင်အခြေအနေတို့နှင့်လည်း ကိုက်ညီသည့်စနစ်ဖြစ်ပါသည်။

 

Ref;

ပေါက်ခေါင်းသတင်း

Source: ဒေါက်တာလှကြည် (Lifestyle ၂၀၀၁-ခု ဖေဖော်ဝါရီလ)

Rachanok Min Burma

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18