Print

ခန္ဓာကိုယ်အောက်ပိုင်း ပေါင်ခြံ၊ တင်ပါးဆုံနှင့် ခြေချင်းဝတ် ရောဂါအန္တရာ...

  19-Dec-2019
Preview Image

(၁) ပေါင်ခြံ (Groin)

ပေါင်ခြံတွင်လည်းကောင်း၊ ခြေထောက်တွင်လည်းကောင်း ရောင်ခြင်း၊ နာခြင်း၊ အထိမခံခြင်းဖြစ်ပေါ်ပါက သွေးခဲများရှိနိုင်ပြီး ထိုမှတစ်ဆင့် အဆုတ်များဆီသို့ ရောက်ရှိသွားနိုင်သဖြင့် အန္တရာယ်ရှိသည်။

          သွေးပြန်ကြောများ (Veins) ရောင်ရမ်းခြင်းကြောင့် သွေးခဲခြင်းကို ဖြစ်စေနိုင်သည်။ သွေးပြန်ကြောများ ရောင်စေနိုင်သော အကြောင်းများမှာ

-       ခြေထောက်များတွင် သွေးပြန်ကြောများ ကျယ်လာခြင်း (Varicose Veins) နှင့် ပျက်စီးခြင်း

-       ခြေထောက်တွင် ဒဏ်ရာရခြင်း

-       တာရှည်စွာ ထိုင်ခြင်း၊ ဥပမာ လေယာဉ် ခရီး၊ မော်တော်ယာဉ်ခရီး

-       တာရှည်စွာ ခုတင်ပေါ်တွင် လဲလျောင်းနေရခြင်း (ရောဂါတစ်ခုခုကြောင့်)

-       အဆုတ်၊ အူလမ်းကြောင်းနှင့် သွေးကင်ဆာများကြောင့် သွေးပြန်ကြောများပျက်စီး၊ ရောင်ရမ်းခြင်း

-       ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးပြန်ကြောများ ရောင်ရမ်းခြင်းရောဂါ

သွေးပြန်ကြောရောင်ရမ်းခြင်း (Phlebitis) မှာ အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသွေးပြန်ကြောများတွင် ဖြစ်ပေါ်လာသော သွေးခဲသည် အချိန်မရွေးပြုတ်ထွက်၍ အဆုတ်များထံသို့ ရောက်ရှိနိုင်သည်။ အဆုတ်သွေးကြောများကို ပိတ်ဆို့စေသဖြင့် အောက်ဆီဂျင် (Oxygen) ဓာတ်ကို ပြတ်တောက်စေကာ အသက်ဆုံးရှုံးနိုင်သည်။ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရမည့် အခြေအနေဖြစ်သည်။


(၂) ခါးအောက်ပိုင်း သို့မဟုတ် တင်ပါးဆုံများတွင်

ခါးအောက်ပိုင်း သို့မဟုတ် တင်ပါးဆုံများတွင် စတင်၍ နက်ရှိုင်းပြင်းပြစွာ အောင့်နာနာခြင်းဖြစ်၍ ထိုမှတစ်ဆင့် ပေါင်၊ ခြေထောက်၏ နောက်ဘက်တစ်လျှောက်သို့ ဆင်းသက်သွားပါက ကျောရိုးမှထွက်ဖြာလာသော အာရုံကြောများ (Spinal Nerves) တစ်ခုခု ဖိနှိပ်ခံရခြင်း၊ နှိုးဆွခံရခြင်း (Irritation) ကြောင့် ဖြစ်ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ရက်ပေါင်း၊ လပေါင်းများစွာကြာရှည်လာပါက ထိုအာရုံကြောအား ဖိနှိပ်မှုကြောင့် ပျက်စီးခြင်းဖြစ်စေ၍  အဆုံးတွင် ခြေထောက်ထုံကျင်ခြင်းမှတစ်ဆင့် အားပျော့ခြင်း၊ ထာဝရလှုပ်ရှား၍ မရတော့ခြင်း (Paralysis) ကို ဖြစ်သွားစေနိုင်ပါသည်။

          လည်ပင်းမှစ၍ မြီးညောင်းရိုးအထိ ကျောရိုးသည် အဆစ်များဖြင့် ဖွဲ့စည်းထားပြီး အဆစ်တစ်ခုနှင့် တစ်ခုကြားတွင် အရိုးနုပြားများ (Disks) ဖြင့် ကူရှင်ကဲ့သို့ ခံထားပေးသည်။

          အဆိုပါ အရိုးနုပြားကလေးများသည် လူအသက်ကြီးလာသောအခါ ပျက်စီးလာ၍ ပျော့လာခြင်း၊ မာကြွပ်လာခြင်း တစ်ခုခုဖြစ်ပြီး အရိုးနှစ်ဆစ်ကြားတွင် ပြားလာခြင်း၊ စုတ်ပြဲလာခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုသို့ဖြစ်လာသောအခါ ကျောရိုးအတွင်းတွင် ငုံထားသော အာရုံကြောမကြီးမှ ဖြာထွက်လာသော အာရုံကြောကလေးများ တစ်ခုခုကို ဖိနှိပ်မိပေမည်။

          ထိုသို့ ဖိနှိပ်မိသောအခါ နာကျင်မှုကို ဖြစ်စေပြီး ထိုနာကျင်မှုမှာ တင်ပါးဆုံမှ တစ်ဆင့် ပေါင်နှင့် ခြေသလုံး အနောက်ဘက်သို့ ဆင်းသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ ခြေထောက်များ မလှုပ်ရှားနိုင်တော့ခြင်း၊ တရွတ်ဆွဲခြင်းများ ဖြစ်လာနိုင်ပေသည်။

          ဤကဲ့သို့ ဖြစ်စဉ်များကို ကာကွယ်ရန်နှင့် ကုသရန်မှာ ဆေးရုံ ဆေးခန်းများနှင့်သာ သက်ဆိုင်ပါ၍ စောစီးစွာသွားရောက်ကြရန်မှာ လွန်စွာအရေးကြီးလှသည်။


(၃) ခြေချင်းဝတ်

          ခြေချင်းဝတ်ရောင်ခြင်းသည် တစ်ခါတစ်ရံ ဆိုးရွားသော ရောဂါလက္ခဏာဖြစ်နိုင်သည်။ ကိုယ်အလေးချိန် များသောလူပုဂ္ဂိုလ် သို့မဟုတ် ကိုယ်ဝန်ဆောင် တစ်ဦးသည် တာရှည်စွာ မတ်တတ်ရပ်ခဲ့ပါက ခြေချင်းဝတ်များ ရောင်ရမ်းလာနိုင်သည်။ ထိုသို့ဖြစ်ပါက တစ်ညတာ အနားယူလိုက်လျှင် လုံးဝပျောက်သွားပေမည်။ အရေးကြီးသော အကြောင်းမဟုတ်ပါ။

          သို့ရာတွင် ခြေချင်းဝတ်ရောင်ခြင်း၊ ကြီးလာခြင်းမှာ တစ်ခါတစ်ရံတွင် အရေးကြီးသော ရောဂါတစ်ခုခု၏ လက္ခဏာ ဖြစ်နိုင်သည်။ ဥပမာ ခြေဆစ်များထိခိုက်မိ၍ ရောင်ခြင်း၊ သွေးပြန်ကြော ပိတ်ခြင်းကြောင့်လည်း၊ နှလုံး၊ အသည်းနှင့် ကျောက်ကပ်ရောဂါများကြောင့်လည်းကောင်း၊ ခန္ဓာကိုယ်၏ တစ်နေရာရာတွင် ကင်ဆာဖြစ်နေသောကြောင့်လည်းကောင်း ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဆေးဝါးတစ်ခုခုနှင့် ဓာတ်မတည့်သောကြောင့်လည်း ဖြစ်နိုင်ပေသေးသည်။

          ထို့ကြောင့် ခြေချင်းဝတ် ရောင်ခြင်းကို ပေါ့ပေါ့ဆဆမထားဘဲ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသရန် အရေးကြီးပါသည်။

Credit : ခွန်စိုင်းဆေး

 

     



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18