Print

အစာအဆိပ်သင့်ခြင်း အပိုင်း(၁)

  25-Dec-2019
Preview Image

အစာအဆိပ်သင့်ခြင်းဆိုသည်မှာ

          အစာအဆိပ်သင့်ခြင်းသည် ယေဘုယျအားဖြင့် မသန့်ရှင်းသော အစားအသောက်တစ်ခုခုကိုစားပြီး ရောဂါဖြစ်ခြင်းပင်ဖြစ်ပါသည်။ အဆိပ်အတောက်ထွက်သည့် အဏုဇီဝပိုးကောင်၏ အဆိပ်ကို စားမိခြင်းကြောင့် ဖြစ်တတ်ပါသည်။


အစာအဆိပ်သင့်ကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ

          အဆိပ်အတောက်ထွက်သည့် အဏုဇီဝရောဂါပိုးများကြောင့် အဓိကဖြစ်တတ်ပါသည်။ ဓာတုဗေဒပစ္စည်းများ၊ အဆိပ်အတောက်ဖြစ်စေသည့် အပင်များနှင့် အသားငါးများ၊ တိရစ္ဆာန်မှတစ်ဆင့် လူဆီသို့ ရောက်ရှိကူးစက်တတ်သော သန်ကောင်များကြောင့်လည်း ဖြစ်တတ်ပါသည်။


အဏုဇီဝရောဂါပိုးများကြောင့် အစာအဆိပ်သင့်ခြင်း

          အဏုဇီဝရောဂါပိုးများကြောင့် အစာအဆိပ်သင့်ခြင်းသည် အသားစိမ်း၊ ငါးစိမ်းများစားသုံးခြင်း၊ မကျက်တကျက်ချက်ပြုတ်စားထားသော အသားနှင့် ပင်လယ်စာများ စားသုံးခြင်း၊ ရက်လွန်သော အစားအစာများစားသုံးခြင်း၊ မသန့်ရှင်းသော နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးခြင်း၊ သိုးနေသောထမင်းနှင့်ဟင်းများအား စားသုံးခြင်း၊ အမှည့်လွန်သော သစ်သီးများကို စားသုံးခြင်း၊ မသန့်ရှင်းသော အိုးခွက်၊ ပန်းကန်များဖြင့် ချက်ပြုတ်စားသောက်ခြင်းနှင့် မသန့်ရှင်းသောလက်ဖြင့် ချက်ပြုတ်ပြင်ဆင်စားသုံးခြင်းများကြောင့် ဖြစ်တတ်ပါသည်။


ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်း

          ဓာတုဗေဒပစ္စည်းများကြောင့် အစာအဆိပ်အတောက်ဖြစ်ခြင်းသည် အလွန်ဖြစ်ခဲပါသည်။ ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်းသည် ဓာတုပစ္စည်းများဖြစ်သော အင်ဂျင်ဝိုင်၊ ဒီဇယ်၊ မက်သနော စသည်တို့ကို ထည့်ထားသည့် ပုလင်း၊ ပုံး၊ ခွက် စသည်တို့ကို အစားအသောက်နှင့် ရေများထည့်၍ စားသုံးခြင်း၊ အစားအစာများကို ကြေးခွက်၊ သံခွက်နှင့် ဆေးပျက်နေသော ကြွေရည်သုတ်ခွက်များထဲတွင် ထည့်စားခြင်း၊ ပိုးသတ်ဆေးအကြွင်းအကျန်ရှိသည့် အသီးအရွက်များကို သေချာစွာမဆေးဘဲ စားမိခြင်းနှင့် Arsenic, Cadmium, Lead နှင့် Zinc တို့ ရောနှောထားသော အစားအစာများ စားမိခြင်းတို့ကြောင့် ဖြစ်ပါသည်။ စားပြီး တိုတောင်းသောအချိန်တွင် လက္ခဏာများ ဖြစ်ပေါ်တတ်ပါသည်။


အဆိပ်အတောက်ဖြစ်စေသော အပင်များနှင့် အစာအဆိပ်သင့်ခြင်း

          အဆိပ်အတောက်ဖြစ်စေသော အပင်များနှင့် အသား၊ ငါးများကြောင့် အစာအဆိပ်သင့်ခြင်းသည် မစားသင့်သောမှို၊ အသီးအရွက်၊ ငါး၊ ခရု၊ ဂုံးများကို စားသုံးမိခြင်းနှင့် Fava Beans ဆိုသောအပင်ကို စားသုံးမိခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ အချိန်မီ မကုသနိုင်ပါက အသက်အန္တရာယ် ဖြစ်စေနိုင်ပါသည်။


တိရစ္ဆာန်မှတစ်ဆင့် လူဆီကို ရောက်ရှိကူးစက်သော သန်ကောင်များကြောင့် အစာအဆိပ်သင့်ခြင်း

        တိရစ္ဆာန်မှတစ်ဆင့် လူဆီသို့ ရောက်ရှိကူးစက်သော သန်ကောင်များကြောင့် အစာအဆိပ်သင့်ခြင်းသည် အသားစိမ်း၊ မကျက်တကျက်ချက်ပြုတ်ထားသော အသားများကို စားသုံးမိခြင်းကြောင့် ဖြစ်ပါသည်။ အသားစိမ်းများနှင့် ချက်ပြီးသော အစားအစာများကို ရောနှောထားခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။


အစာအဆိပ်သင့်ခြင်းကို ကူးစက်နိုင်သော နည်းလမ်းများ

          ပါးစပ်မှ စအိုလမ်းကြောင်း (Oral Faecal Route)၊ တိုက်ရိုက်ကူးစက်ခြင်း(Direct Transmission) ၊ ရောဂါဖြစ်ပွားသူနှင့် အနီးကပ်အတူတကွနေထိုင်ခြင်း (Close Contact)၊ သွယ်ဝိုက်၍ ကူးစက်ခြင်း (Indirect Transmission)၊ ရောဂါပိုးရှိသော ညစ်ညမ်းပြီး မသန့်မပြန့်သော အစားအစာများနှင့် ရေမှတစ်ဆင့်ကူးစက်ခြင်းများ (Contaminated Food and Water) ဖြစ်ပါသည်။


အဏုဇီဝရောဂါပိုးများကြောင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ

                  Clostridium ဘတ်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်း၊ Staphylococcus ကြောင့် အစာအဆိပ်သင့်ခြင်း၊ ကာလဝမ်းရောဂါ (Cholera)၊ ဝမ်းပျက်ဝမ်းလျှောရောဂါ (Gastroentritis)၊ ဝမ်းကိုက်ရောဂါ (Dysentry)၊ အူရောင်ငန်းဖျား (Typhoid)ရောဂါနှင့် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါများသည် အဏုဇီဝရောဂါပိုးများကြောင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပါသည်။


Credit : ဒေါက်တာ မြင့်သန်းထွန်း


 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18