Print

ကြွက်တက်ခြင်းကို အလွယ်တကူကုသခြင်း

  19-Mar-2020
Preview Image

          ကြွက်တက်ခြင်း (Cramps) ဟာ အားကစားသမားတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေအများစုနဲ့ သာမန်လူတစ်ချို့ ခံစားရတတ်တဲ့ ဝေဒနာဖြစ်ပါတယ်။ ကြွက်တက်တာက ကြွက်သားတစ်ခုဟာ ရုတ်တရက် ကျုံ့ဆွဲ (Contraction) လုပ်သွားရင် အဲဒီကြွက်သားရှိတဲ့ နေရာနာကျင်မှု ခံစားလာရတယ်။ ပြင်းထန်လွန်းရင် နာကျင်မှုအကြီးအကျယ်ခံစားရတာနဲ့အတူ အဲဒီကြွက်သားတွေ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ ရေကူးနေတုန်း၊ အမြင့်တနေရာ တက်နေတုန်း၊ အချိန်အတောအတွင်းမှာ အပြင်းအထန် ကြွက်တက်ရင် ရေနစ်တာနဲ့ အမြင့်ကပြုတ်ကျတာစတဲ့ အသက်အန္တရာယ်နီးတာမျိုး ဖြစ်တတ်တယ်။ ဒါ့ကြောင့် သတိထားသင့်တဲ့ ဝေဒနာတစ်ခုပါ။


ကြွက်တက်တတ်တဲ့ နေရာတွေ

          ခြေထောက်နဲ့ လက်တွေ၊ လက်ချောင်း၊ ခြေချောင်းတွေမှာ ကြွက်တက်တာကို ရေအေးထဲ ရေဆင်းကူးလိုက်တာနဲ့ အတွေ့ရများတဲ့အတွက် ရေကူးသူရဲ့ ကြွက်တက်ခြင်း (Swimmer’s Cramps) လို့လည်းခေါ်ကြတယ်။ ဝမ်းဗိုက်ကြွက်သားတွေလည်း ကြွက်တက်တတ်တယ်။ ချွေးထွက်များလို့၊ အန်ရလွန်းလို့ ၊ ဝမ်းလျှောလို့ ကိုယ်တွင်းရေဓာတ် ဆုံးရှုံးမှုများရင်လည်း ကြွက်တက်တာ တွေရတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ကြီးသူတွေမှာလည်း ကြွက်တက်တာ အဖြစ်များပါတယ်။

          အများစုကတော့ မိနစ်ပိုင်းလောက် ကြွက်တက်တတ်ပြီး ပျောက်သွားတတ်ကြတယ်။ ဒါပေမယ့် တစ်နာရီထက် ပိုကြာအောင် ကြွက်တက်နေရင်တော့ ကြီးမားပြင်းထန်တဲ့ ရောဂါတစ်ခုခု ရှိနေတာကို ဖော်ပြနေတာဖြစ်တယ်။


ကြွက်တက်စေတဲ့ အကြောင်းရင်းများ

          ကြွက်သားတွေကို မသုံးဖြစ်ဘဲ အနေအထားတစ်ခုမှာ အကြာကြီး ထိုင်နေခြင်း၊ အနားတမ်း အားကစားလုပ်နေခြင်း၊ ချွေးထွက်များလာရခြင်း။ ကိုယ်ခန္ဓာထဲ ရေနဲ့ ဓာတ်ဆားဓာတ်တွေ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးခြင်း။ ဥပမာ ဝမ်းလျှောဝမ်းပျက်ခြင်း၊ အထက်လှန်အောက်လျှောခြင်း၊ အော့အန်ခြင်း။

          လေ့ကျင့်ခန်း (သို့) အားကစားတစ်ခုခုကို သွေးပူလေ့ကျင့်ခန်းမပြုလုပ်ဘဲ ချက်ချင်းပြုလုပ်ခြင်း။


ခံစားရတဲ့ဝေဒနာ

          ရုတ်တရက် ကြွက်သားတစ်နေရာရာမှာ တင်းတောင့်လာပြီး စူးရှနာကျင်မှုကို ခံစားရတယ်။ တချို့ဆို အိပ်ပျော်ရာကနေ လန့်နိုးလာစေတဲ့အထိ ပြင်းထန်တယ်လို့ပြောကြတယ်။ လက်ချောင်း၊ ခြေချောင်းတွေ ကြွက်တက်နေရင် ကွေးမရ ဆန့်မရနဲ့ အနေရခက်တဲ့ဝေဒနာ ခံစားရတယ်။


ပြုစုကုသနည်း

          ကြွက်တက်နေတဲ့ ကြွက်သားရှိတဲ့ ခြေထောက်ဖြစ်ဖြစ်၊ လက်ဖြစ်ဖြစ် ကြွက်တက်တာနဲ့ တစ်ပြိုင်တည်းဆန့်ထုတ်ထားရမယ်။ ခြေသလုံးနဲ့ ခြေထောက်တစ်နေရာရာ ကြွက်တက်နေရင် ကြမ်းပြင်ပေါ် ခြေဆင်းထိုင်ချလိုက်ပြီး ခြေချောင်းလေးတွေကို မိမိဘက်သို့ ဆွဲလိုက်ရင် ကြွက်တက်တာကြောင့် နာကျင်တာ ခဏအတွင်း ပြေပျောက်သွားလိမ့်မယ်။ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေ ကြွက်တက်နေရင်တော့ ခြေချောင်းတွေပေါ် ဖိနင်းပြီး ဖြည်းဖြည်းလေး လမ်းလျှောက်ပေးပါ။

          ဝမ်းဗိုက်ကြွက်သားတွေ ကြွက်တက်တာနဲ့ ရာသီလာစဉ် ဗိုက်နာတာတွေအတွက် ရေနွေးပုလင်းနဲ့ ရေနွေးအိတ်တစ်ခုခုကို ဝမ်းဗိုက်ကြွက်သားတွေအပေါ် တင်ထားပေးရင် သက်သာစေပါတယ်။

          ကြွက်တက်တာ ပြေပျောက်သွားတောင်မှ ကြွက်တက်တဲ့ နေရာမှာ ဆက်နာကျင်နေသေးရင် ပါရာစီတမော (သို့) အိုင်ဗြူပရိုဖင် ဆေးတစ်မျိုးမျိုးကို အစာစားပြီး အညွှန်းအတိုင်း သောက်ပေးနိုင်တယ်။


ကာကွယ်ခြင်း

          အားကစားနဲ့ လေ့ကျင့်ခန်းပဲလုပ်လုပ်၊ ရေကူးကန်အေးအေးထဲပဲ ဆင်းဆင်း၊ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းသေချာလုပ်သင့်တယ်။ လေ့ကျင့်ခန်းနဲ့ အားကစားပြုလုပ်နေစဉ် အတောအတွင်းမှာရော မပြုလုပ်ခင်နဲ့ ပြုလုပ်အပြီး အချိန်တွေမှာပါ ရေနဲ့ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေ များများသောက်ပေးသင့်ပါတယ်။

          ကြွက်တက်သူတွေ အစားအသောက်ပြောင်းလဲစားသင့်တယ်။ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ နေ့စဉ်ပါအောင် စားသင့်တယ်။ လတ်ဆတ်တဲ့ အသီးအရွက်၊ အသီးအနှံ၊ နို့နဲ့ နို့ထွက်အစားအစာတွေ၊ တရုတ်ဆီးသီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ အသီးမျိုးစုံ၊ ဖြူလွန်းအောင်သိပ်ဖွပ်မထားတဲ့ ကောက်နှံအစားအစာတွေ၊ ပဲအမျိုးမျိုး၊ မက်မွန်သီးခြောက်၊ ချဉ်တဲ့အရသာရှိ အရည်ရွှမ်းတဲ့ သီးနှံတွေ စတာတွေကို လုံလောက်အောင် စားပေးရင် ပိုတက်ဆီယမ်ဓာတ် မချို့တဲ့တော့ဘူး။ အသီးအနှံ၊ အသီးအရွက် မစားဖြစ်သူတွေနဲ့ မစားချင်သူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် ဖြည့်စွက်အားဆေးတွေ သောက်နိုင်တယ်။ ကယ်လ်ဆီယမ်ဓာတ် မချို့တဲ့အောင် နို့အမျိုးမျိုး၊ နို့မှုန့်၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အရိုးပါဝါးစားရတဲ့ ငါး၊ ငါးခြောက်၊ ပုစွန်နဲ့ ပင်လယ်အစားအစာတွေလည်း လုံလောက်အောင် စားပေးသင့်တယ်။

Credit : ဒေါက်တာ အေးမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18