Print

ဗိုက်နာရင် ဘာလုပ်ကြမလဲ

  02-Apr-2020
Preview Image

          ဗိုက်နာဗိုက်အောင့်ခြင်းဟာ ဝမ်းဗိုက်ထဲမှာ မသက်မသာ ခံစားရစေတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ တခြားအခေါ်အဝေါ်တွေနဲ့ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ အစာမကြေခြင်း၊ ဆွဲထားသလို မသက်မသာဖြစ်နေခြင်း စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။ ဗိုက်နာဗိုက်အောင့်တာကနေ အထက်က ခံစားရတာတွေ အားလုံးဟာ ရောဂါမဟုတ်ဘဲ ရောဂါကြောင့် ခံစားရတဲ့လက္ခဏာတွေသာဖြစ်တယ်။ ဆရာဝန်ကမှ ဒီလက္ခဏာတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စမ်းသပ်စစ်ဆေးပြီးမှသာ အကြောင်းရင်းကို ခွဲခြားနိုင်မှာပါ။ ဥပမာ - ဆုပ်ဆွဲထားသလို နာရင် အူထဲလေထိုးခြင်းကြောင့် ဖြစ်နိုင်ပြီး ဗိုက်ထဲက အင်္ဂါတစ်ခုခုရုတ်တရက်ရောင်ရမ်းခြင်းကြောင့် နာကျင်ခြင်းမျိုး (ဥပမာ - အူအတက်ရောင်ခြင်း သို့မဟုတ် သည်းခြေအိတ်) ရောင်ရမ်းခြင်းကြောင့် နာကျင်ခြင်းဖြစ်နိုင်ပါတယ်။


ဘာကြောင့် ဗိုက်နာဗိုက်အောင့်တတ်လေ့ရှိပါသလဲ

          ဖြစ်ရတဲ့ အကြောင်းအချက်ပေါင်းများစွာ ရှိပါတယ်။ ထင်ထင်ရှားရှားအုပ်စုအနေနဲ့ နှစ်မျိုးခွဲလို့ ရပါတယ်။ တစ်ခုက အစာခြေလမ်းကြောင်းမှာ ရောဂါတစ်ခုရှိခြင်းနဲ့ နောက်တစ်ခုက အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ရောဂါဖြစ်ခြင်းဖြစ်ပါတယ်။

          အစာခြေလမ်းကြောင်းဖြစ်တဲ့ အူလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါတွေထဲမှာ အစာအိမ်မှာ အနာဖြစ်ခြင်း၊ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်ခြင်း သို့မဟုတ် ပန်ကရိယကင်ဆာ (မုန့်ချိုအိတ် ကင်ဆာ)တို့ ပါဝင်လေ့ရှိပါတယ်။ အဖြစ်အများဆုံးက အစာအိမ်ပြဿနာဖြစ်တာ ဖြစ်ပါတယ်။ နောက်ကလိုက်တဲ့ ရောဂါတွေက သတိပြုစောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ အူလမ်းကြောင်း၊ အစာခြေလမ်းကြောင်းပြဿနာတွေဟာ အဖြစ်အများဆုံးအကြောင်းတွေ ဖြစ်နေပါတယ်။ အနာရှိလို့မဟုတ်ဘဲ အစာမကြေခြင်းသက်သက်ဖြစ်ခြင်းနဲ့ IBS လို့ခေါ်တဲ့ အူမှ တုံ့ပြန်မှုလွန်ကဲခြင်းရောဂါစုလိုမျိုး ပြဿနာတွေကြောင့် ဗိုက်နာဗိုက်အောင့် ဖြစ်ရတာများပါတယ်။

          အစာအိမ်နာမရှိဘဲ အစာမကြေခြင်းဟာ အစာစားချိန်ပုံမှန်မရှိတာ၊ အစာကို ကြေညက်အောင်မစားခြင်းတွေနဲ့ ဆက်နွယ်ဖြစ်ပေါ်လေ့ရှိပါတယ်။ တချို့လူနာအနည်းငယ်မှာတော့ Helicobacter Pylori ဗက်တီးရီးယားပိုးကြောင့် ဒီပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ အစာခြေခြင်း ကမောက်ကမဖြစ်တဲ့ ပြဿနာမှာ စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်တွေကြောင့် ဖြစ်တာများတယ်လို့လည်း တွေ့ရပါတယ်။

          Sytemic disease လိုမျိုး ရောဂါတစ်ခုခုရှိတဲ့အခါ (ဥပမာ - ဆီးချိုရောဂါ) အစာမကြေတာမျိုး ရှိတတ်ပါတယ်။ ညဘက်အိပ်မပျော်တဲ့သူတွေဟာ နေ့ဘက်မှ ခေါင်းမကြည်ဘဲ အစာစားချင်စိတ်တွေကျဆင်းကာ ဗိုက်မအီမသာ ဖြစ်တတ်ပါတယ်။ နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့ သူတွေမှာလည်း အစာကောင်းကောင်းမခြေနိုင်ခြင်းများ ခံစားရလေ့ရှိပါတယ်။


ရောဂါရှာဖွေခြင်း

          ဗိုက်အောင့်၊ ဗိုက်နာ၊ လေထ၊ လေပွ၊ ဗိုက်ကယ်၊ ဗိုက်တင်းခြင်းများရဲ့ ရောဂါအကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ နောက်ခံအကြောင်းရင်းက အများကြီးဖြစ်နိုင်လို့ပါ။ ဗိုက်ပြဿနာတစ်ခါဖြစ်ရင် အချိန်ဘယ်လောက်ကြာနာသလဲ။ နာရီပိုင်းလား၊ ရက်ပိုင်းလား စသည်ဖြင့် မေးမြန်းသုံးသပ်ရပါတယ်။ အထွေထွေရောဂါကု ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး အထူးကုဆရာဝန်ဆီ လွဲအပ်ကုသပေးရမယ့် အခြေအနေဆိုရင် လွဲပေးပါလိမ့်မယ်။ ရောဂါရှာဖွေစစ်ဆေးဖို့ ရောဂါဇစ်မြစ်သမိုင်းကို သေချာမေးမြန်းခြင်းနဲ့ ပြင်ပရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို အသေးစိတ်ပြုလုပ်ရန် လိုပါတယ်။

          ဓာတ်ခွဲစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း (USG, endoscope, Barium meal X – rays) များနဲ့ အသေးစိတ်ထပ်ပြီး စစ်ဆေးရပါတယ်။


ကုသခြင်း

          ကုသမှုကိုတော့ ရောဂါလက္ခဏာသက်သာစေတဲ့ ကုထုံးနဲ့ ရောဂါဇစ်မြစ်ကို ကုသတဲ့ ကုထုံးဆ         ိုပြီး ခွဲခြားကုသရပါတယ်။ အစာအဆိပ်သင့်တဲ့အခါမှာလည်း ဗိုက်အောင့်ဗိုက်နာဖြစ်တတ်တာမို့ အူကို အနားပေးပြီး အရည်တွေပဲ သောက်စေခြင်းကို တစ်ရက်၊ နှစ်ရက်ခန့် ပြုလုပ်ပေးပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

Credit : ဒေါက်တာ ခင်မိုးမိုးအောင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18