Print

ပူလွန်းခြင်းဒုက္ခ

  09-Apr-2020
Preview Image

လူ့ခန္ဓာကိုယ်ဟာ တခြားသော သွေးနွေးသတ္တဝါများလို ပုံသေကိုယ်တွင်းအပူချိန်အတွင်းမှာသာ ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်တယ်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်ရဲ့ အပူချိန်ပြောင်းလဲမှုအပေါ် မူတည်ပြီး ကိုယ်တွင်းကလီစာများရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေ မပျက်စီးစေဖို့ ဦးနှောက်တွင်းက ဟိုက်ပိုသားလမက်စ်ကလင်း (hypothalamus gland) အပါအဝင် အရေပြား၊ ချွေးကလင်းနဲ့ သွေးကြောတွေက ကိုယ်တွင်းအပူချိန်ကို အလိုအလျောက် စနစ်တကျ ထိန်းညှိပေးကြတယ်။ လူတစ်ယောက်ရဲ့ ကိုယ်တွင်းအပူချိန်ဟာ သာမန်အားဖြင့် ၃၇ ဒီဂရီစင်တီဂရိတ် / ၉၈. ဒီဂရီဖာရင်ဟိုက် ရှိရမှာဖြစ်ပြီး ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲမှုအနည်းငယ်လောက်ကိုတော့ ကိုယ်တွင်းထိန်းညှိတဲ့စနစ်က ပုံမှန်ကိုယ်တွင်းအပူချိန် မပျက်ယွင်းအောင် ထိန်းထားပေးနိုင်ပါတယ်။


တစ်နှစ်ထက်တစ်နှစ် အပူရှိန်များများလာတဲ့ နွေရာသီကာလတွေမှာ အပူကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာများလည်း တစတစများပြားလာကြတယ်။ ဒါတွေဟာ ပူလွန်းတဲ့ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ အချိန်အကြာကြီး အလုပ်လုပ်ရတဲ့အခါ၊ ပြင်းထန်တဲ့အားကစားလှုပ်ရှားမှုတွေ လုပ်မိတဲ့အခါနဲ့ အရက်သေစာအလွန်အကျွံသောက်မိတဲ့အခါတွေမှာ ကိုယ်တွင်းထိန်းညှိတဲ့စနစ်က ပုံမှန်ကိုယ်အပူချိန်ရအောင် မထိန်းညှိပေးနိုင်တော့ခြင်းကြောင့်ပဲဖြစ်တယ်။ အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ၊ ဝလွန်း ပိန်လွန်းတဲ့သူတွေ၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ သွေးတိုးကျဆေးစတဲ့ နာတာရှည်ဆေးစွဲသောက်နေရတဲ့သူတွေမှာ အပူလွန်ခြင်းနောက်ဆက်တွဲပြဿနာတွေ ပိုဖြစ်တတ်တယ်။


အရမ်းပူလာတဲ့အခါ ကိုယ်တွင်းအပူချိန်ထိန်းညှိနိုင်ဖို့အတွက် ချွေးထွက်များလာပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ရေနဲ့ ဓာတ်ဆားတွေပါ တပါထဲဆုံးရှံးလိုက်ရတယ်။ အပူလွန်ကဲခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများရဲ့ဦးဆုံးလက္ခဏာကတော့ ကြွက်တက်ခြင်းပဲဖြစ်ပြီး အားကစားလုပ်လေ့လုပ်ထမရှိခဲ့ဘဲ နေပူထဲမှာ အားသွန်ခွန်စိုက်လှုပ်လှုပ်ရှားရှားလုပ်မိတဲ့ အခါမျိုးတွေမှာ ကြွက်သားနာကျင်ခြင်းပါတွဲဖြစ်တတ်တယ်။


ကြွက်တက်ရုံတင်မကဘဲ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးလာခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ ရေအဆမတန်ငတ်ခြင်း၊ ဖြူလျော်လျော်ဖြစ်ပြီး ပျို့အန်ခြင်းနဲ့ အလွန်အမင်းချွေးထွက်ခြင်း စတဲ့ အပူလက်ပန်းကျခြင်း (heat exhaustion) လက္ခဏာများဖြစ်လာပြီဆိုရင်တော့ ဆိုးရွားတဲ့ကျန်းမာရေးအကျိုးဆက်တွေ မဖြစ်စေဖို့အတွက် အမြန်ဆုံးသတိပြုမိပြီး သက်သာအောင်ပြုလုပ်ပေးဖို့လိုပါတယ်။


ဒီအခြေအနေတွေကို သတိမမူမိဘဲ သက်သာအောင်မလုပ်မိတဲ့အခါ အပူလက်ပန်းကျခြင်းလက္ခဏာများအပြင် ကိုယ်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်/၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာခြင်း၊ စိတ်အခြေအနေပုံမှန်မဟုတ်တော့ခြင်း၊ ချွေးအလွန်အကျွံထွက်နေရာက ချွေးလုံးဝမထွက်တော့ဘဲ အရေပြားနီရဲခြောက်သွေ့သွားခြင်း၊ တက်ခြင်း၊ သတိမေ့ခြင်း စသဖြင့် ခန္ဓာကိုယ်တွင်းကလီစာများပျက်စီးပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့ အပူကြီး၍လေဖြတ်ခြင်း (heat stroke) အခြေအနေကို ကြုံရမှာဖြစ်တယ်။


ဒါကြောင့် အထက်ပါအပူလွန်ကဲခြင်းလက္ခဏာတွေဖြစ်လာတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသမှုခံယူရမှာဖြစ်ပြီး ဆေးရုံဆေးခန်းမရောက်နိုင်ခင်အချိန်စပ်ကြားမှာ လူနာကို နေပူထဲကနေ အရိပ်အောက်ကို ချက်ချင်းပို့ခြင်း၊ အဝတ်အစားအထူများချွတ်ပစ်ခြင်း၊ ယပ်ခတ်ပေးခြင်း၊ ပန်ကာဖွင့်ပေးခြင်း၊ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြားကို ရေပတ်တိုက်ပေးခြင်း၊ ဖြစ်နိုင်လျှင် ရေချိုးပေးခြင်းစတဲ့ အရေးပေါ်အသက်ကယ် ရှေးဦးပြုစုနည်းများကို မြန်မြန်ဆန်ဆန်လုပ်ပေးဖို့ လိုအပ်ပါတယ်။


အပူလွန်ခြင်းကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက် ရေနဲ့အရည်များများသောက်တာ၊ သစ်သီးဖျော်ရည်သောက်တာ၊ ဓာတ်ဆားရည်သောက်တာ၊ အရည်ရွှမ်းတဲ့ အသီးအနှံများများစားတာ၊ အရက်ကိုအထူးတလည် လျှော့သောက်တာ၊ အပူအစပ်လျှော့စားတာ၊ နေပူထဲ အချိန်အကြာကြီးမနေတာ၊ နေရောင်ထဲမှာ မလွှဲမရှောင်အလုပ်လုပ်ရတဲ့အခါ ရေပိုသောက်တာ၊ ချည်ထည်ပါးလေးတွေဝတ်တာ၊ နေရိပ်ထဲမှာ ခဏတဖြုတ် အနားယူပေးတာ၊ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတာ စတာတွေကို သတိထားလုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။

 

Written by Dr Khaing Zar Thwe

Ref: Healthline, Khenacedamy, Dr Tint Swe Blogspot



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18