Print

အရေပြားနှင့်ဆံသားကျန်းမာရေးအတွက် နဂါးမောက်သီး၏ အကျိုးကျေးဇူးများ

  18-Nov-2019
Preview Image

          နဂါးမောက်သီးဟာ အာဟာရဓာတ်တွေပေါကြွယ်ဝစွာပါဝင်တဲ့အပြင် အရသာကောင်းမွန်ပြီး ကျန်းမာရေးအတွက် အထောက်အကူရရှိတဲ့အတွက် လူအများအပြားက စားသုံးနေကြပါပြီ။ သူ့မှာ အပင်အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင် စီ၊ မပြည့်ဝဆီ၊ ကယ်ရိုတင်းနဲ့ ပရိုတင်းဓာတ်ပေါင်းတွေလည်း များစွာပါဝင်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ် လုံးဝမပါတဲ့အတွက် ဘယ်လောက်စားစား ကိုယ်အလေးချိန်မြင့်တက်လာမှာလည်း မပူရပါဘူး။ နဂါးမောက်သီးမှာပါဝင်တဲ့ အထက်ပါအာဟာရဓာတ်တွေကြောင့် အရေပြား၊ ဆံသားကျန်းမာရေးနဲ့ အထွေထွေကျန်းမာရေးအတွက် အကျိုးများစွာ ရှိပါတယ်။


အရေပြားကျန်းမာရေးအကျိုးကျေးဇူး

          နဂါးမောက်သီးဟာ အရေပြားရဲ့ပူလောင်ဒဏ်ရာ၊ ဝက်ခြံပေါက်တာတွေကို ကုသနိုင်ပြီး အရေပြားကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။ အောက်ပါတို့ဟာ နဂါးမောက်သီးရဲ့ အရေပြားကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။


အရွယ်အိုမင်းသည့်လက္ခဏာကို တွန်းလှန်နိုင်ခြင်း

          သင့်အရေပြားဟာ အရွယ်အိုမင်းမှုစတင်လာတဲ့အခါမှာ အရေးအကြောင်းပေါ်တာ၊ အရေပြားတွဲကျတာ၊ အရေပြားမှာ အတွန့်အခေါက်တွေ ဖြစ်တာတွေအပြင် ညစ်ထပ်ထပ်ဖြစ်တဲ့ လက္ခဏာတွေပြလာပါတယ်။ အသက်အရွယ်ကြီးရင့်လာတာက ခန္ဓာကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေပျက်စီးမှုဖြစ်စဉ်ကြောင့် ဖြစ်တာပါ။ သဘာဝဖြစ်စဉ်ဖြစ်ပြီး ရှိသင့်တဲ့အရွယ်ထက် ပိုပြီး အိုမင်းတဲ့လက္ခဏာကို ဘယ်သူကမှ မလိုလားကြပါဘူး။ အရွယ်တင်နုပျိုနိုင်အောင် နဂါးမောက်သီးက ကူညီနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်နိုင်တာကြောင့် အရွယ်ကြီးရင့်တဲ့ဖြစ်စဉ်တွေနှေးသွားပြီး သင့်အရေပြားဟာ ချောမွေ့တင်းရင်းကာ နုပျိုတဲ့အသွင်ပေါ်ပေါက်နိုင်ပါတယ်။


လိုအပ်တဲ့ပစ္စည်း

·         နဂါးမောက်သီးတစ်ခြမ်း

·         စားပွဲတစ်ဇွန်းစာ ဒိန်ချဉ်

နဂါးမောက်သီးကို ထက်ခြမ်းခွဲပြီး အထဲက အသားတွေကို ယူကာ ခပ်ပျစ်ပျစ်ရအောင်ချေပါ။ ပြီးရင် ဒိန်ချဉ်ထည့်ပြီး မွှေပေးပါ။ ဒိန်ချဉ်နဲ့ နဂါးမောက်သီးရောထားတဲ့အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ လိမ်းပြီး ၂၀ မိနစ်ကြာအောင်ထားပါ။ ပြီးတဲ့အခါ ကြက်သီးနွေးနဲ့ဆေးချကာ မျက်နှာသုတ်ပဝါအကူအညီနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။ တစ်ပတ်တစ်ကြိမ်နှုန်းနဲ့ နှစ်လပြည့်အောင် ပြုလုပ်ပေးပါ။


ဝက်ခြံပျောက်ကင်းအောင် ကုသနိုင်ခြင်း

     အပျိုဖော်ဝင်ကာစအရွယ်မှာ မျက်နှာပေါ်မှာ အဆီပြန်တာကြောင့် ဝက်ခြံထွက်လာကြပါတယ်။ တချို့တွေဆိုရင် အသက် ၃၀ အရွယ်အထိ ဝက်ခြံပေါက်နေကြတုန်းပါပဲ။ ဝက်ခြံကြောင့် ဆေးတစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီးကုသပေမယ့်လည်း မပျောက်ကင်းနိုင်ဖြစ်နေသူတွေအတွက် နဂါးမောက်သီးကို အသုံးပြုနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ များစွာသော ဗီတာမင်စီကြောင့် ဝက်ခြံသက်သာသွားနိုင်ပါတယ်။


လိုအပ်တဲ့ပစ္စည်း

·         နဂါးမောက်သီးလေးပုံတစ်ပုံ

·         ဝါဂွမ်းတံ သုံးလေးချောင်း

နဂါးမောက်သီးရဲ့အသားတွေကို ယူပြီး ခက်ရင်းအသုံးပြုကာ အနှစ်ရရှိလာအောင် ခပ်နာနာလေး မွှေပေးပါ။ အဲဒီအနှစ်ကို ဝါဂွမ်းတံအသုံးပြုပြီး ဝက်ခြံဖုပေါ်မှာ သုတ်လိမ်းပါ။ ဝက်ခြံတစ်ခုအတွက် သုံးပြီးသား ဝါဂွမ်းတံကို နောက်တစ်ခုအတွက် ထပ်မသုံးပါနဲ့။ ဝက်ခြံပေါ်က ဘက်တီးရီးယားတွေ တစ်ခုနဲ့တစ်ခု ကူးစက်သွားနိုင်တာကြောင့်ပါ။ ၂၀ မိနစ်အကြာမှာ ကြက်သီး ရေနွေးနဲ့ ဆေးကြောပြီးခြောက်သွေ့အောင် မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးပါ။  တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။


နေလောင်ဒဏ်ကို ကုသနိုင်ခြင်း

          မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ကာလမှာ တစ်နေကုန် ရေပက်ခံထွက်တာကြောင့် အရေပြားနေလောင်ဒဏ်ခံရနိုင်ပါတယ်။ အရေပြားမှာ နီရဲရောင်ရမ်းပြီး အဖုအပိမ့်ပေါက်နေရင်တောင်မှ နဂါးမောက်သီးက ပျောက်ကင်းအောင် တာဝန်ယူနိုင်ပါတယ်။ နဂါးမောက်သီးမှာပါဝင်တဲ့ များစွာသော ဗီတာမင်စီ၊ အေနဲ့ အီးတို့က အရေပြားကို UV Rays ဒဏ်မှ ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ကို သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။


လိုအပ်သောပစ္စည်းများ

·         နဂါးမောက်သီး လေးပုံတစ်ပုံ

·         ဗီတာမင်အီးဆေးတောင့်တစ်တောင့်

နဂါးမောက်သီးရဲ့အသားကို ယူပြီး ခက်ရင်းနဲ့ အနှစ်ဖြစ်အောင် ပြုလုပ်ပါ။ ပြီးရင် ဗီတာမင်အီးဆေးတောင့်ကို ဖောက်ပြီး အနှစ်ထဲထည့်ကာ ရောမွှေလိုက်ပါ။ နေလောင်ဒဏ်ရာရှိတဲ့နေရာကို သုတ်လိမ်းပြီး မိနစ် ၃၀ ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးကြောကာ ဒီတိုင်း ခြောက်သွေ့အောင်ထားပေးပါ။ တစ်ရက်ခြား တစ်ခါ ပြုလုပ်နိုင်ပါတယ်။


အရေပြားကျန်းမာရေးကောင်းမွန်နိုင်ခြင်း

အရေပြားတောက်ပြောင်ပြီး အရေးအကြောင်းကင်းကာ ကျန်းမာနေဖို့အတွက် သင်စားသောက်တဲ့အစားအစာနဲ့ သင့်ရဲ့ ဘဝနေထိုင်မှုပုံစံကသာ လိုအပ်ပါတယ်။ မနက်အိပ်ရာထခါစမှာ နဂါးမောက်သီးဖျော်ရည်တစ်ခွက် သောက်ပေးတာက ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကင်းစင်သွားစေနိုင်တာကြောင့် အရေပြားတောက်ပြောင်ဝင်းလက်စေနိုင်ပါတယ်။


ခြောက်သွေ့အရေပြားအတွက် လိုအပ်သည့် အစိုဓာတ်ပေးနိုင်ခြင်း

နဂါးမောက်သီးမှာ ရေဓာတ်တွေများစွာပါဝင်ပါတယ်။ ရေဓာတ်က ၉၀ ရာခိုင်နှုန်းအထိပါဝင်တာကြောင့် အရေပြားကို အစိုဓာတ် လုံလုံလောက်လောက် ရရှိသွားနိုင်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့တဲ့အရေပြားပိုင်ရှင်တွေက နဂါးမောက်သီးကို နေ့စဉ်စားသုံးသင့်ပါတယ်။


ဆံသားကျန်းမာရေးအကျိုးကျေးဇူး

ဆံသားသန်မာပြီး ကျန်းမာဖို့ဆိုတာ ငွေကုန်ကြေးကျများလှတဲ့ အလှကုန်ပစ္စည်းသုံးမှ ဖြစ်လာနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ နဂါးမောက်သီး အသုံးပြုပြီးတော့လည်း ဆံသားသန်စွမ်းကျန်းမာအောင် ပြုလုပ်နိုင်ပါတယ်။ အောက်ပါတို့က နဂါးမောက်သီးရဲ့ ဆံသားအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။


ဆေးဆိုးခြင်းကြောင့် ပျက်စီးသွားသည့်ဆံပင်ကို ပြုပြင်နိုင်ခြင်း

လှချင်လို့ ဆံပင်ကိုအရောင်အမျိုးမျိုးပြောင်းဆိုးတတ်သူတွေအနေနဲ့ ဆံပင်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဆိုးဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံသားခြောက်သွေ့ပြီး ပျက်စီးနိုင်တဲ့အပြင် ဆိုးထားတဲ့ ဆံသားအရောင်တွေလည်း တဖြည်းဖြည်းမှေးမှိန်သွားနိုင်ပါတယ်။နဂါးမောက်သီးမှာ ပေါကြွယ်ဝစွာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ဆံသားအရောင်တာရှည်ခံတဲ့အပြင် ဆံသားပျက်စီးမှုမရှိအောင်လည်း ကာကွယ်နိုင်ပါတယ်။


လိုအပ်တဲ့ပစ္စည်း

·         နဂါးမောက်သီးတစ်လုံး

နဂါးမောက်သီးကို ထက်ခြမ်းခြမ်းပြီး အထဲက အသားကိုယူကာ မွှေစက်ဖြင့် ပျစ်နှစ်အောင် မွှေပေးပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်ပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်၊ ၂၀ မိနစ်ခန့်ထားပြီး ခေါင်းလျှော်ရည်အပျော့စားဖြင့် ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးပါ။


ကျန်းမာသန်စွမ်းတဲ့ ဆံပင်ရရှိအောင် ကူညီနိုင်ခြင်း

          နဂါးမောက်သီးက သင့်ဆံသားတောက်ပြောင်ပြီး ခြောက်သွေ့မှုမရှိအောင် ကူညီပေးတဲ့အတွက် ကျန်းမာသန်စွမ်းတဲ့ဆံပင်ကို ရရှိနိုင်ပါတယ်။


လိုအပ်တဲ့ပစ္စည်း

·         နဂါးမောက်သီးတစ်လုံး

နဂါးမောက်သီးတစ်လုံးကို ထက်ခြမ်းခွဲပြီး အသားကိုယူကာ ဆံပင်နဲ့ ဦးရေပြားပေါ်မှာ Mask ကဲ့သို့ သုတ်လိမ်းကာ Shower Cap နဲ့ ဖုံးအုပ်ထားပါ။ မိနစ် ၂၀ ခန့်ထားပြီး ရိုးရိုးရေအေးနဲ့ ဆေးချလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပါ။ သင်ခေါင်းလျှော်တိုင်းတော့ Mask ကို အသုံးပြုစရာမလိုပါဘူး။ တစ်ပတ်တစ်ကြိမ်လောက်အသုံးပြုရုံနဲ့ သင့်ဆံသားတွေ သန်စွမ်းတောက်ပြောင်လာတာကို တွေ့ရမှာပါ။ နဂါးမောက်သီးအနီအမျိုးအစားကို အသုံးပြုတာက သူ့မှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အင်ဇိုင်းတွေကြောင့် ဆံသားချောမွေ့တောက်ပြောင်မှု ပိုကောင်းနိုင်ပါတယ်။


Credit : ဒေါက်တာ ခင်မိုးမိုး 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18