Print

နေ့စဉ်စားသုံးသင့်သော ရောင်ရမ်းမှုကို လျော့ကျစေမည့် အစားအစာများ

  22-Nov-2019
Preview Image


          ထိခိုက်ဒဏ်ရာရတဲ့အခါ၊ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဒါမှမဟုတ် ယားယံတဲ့အခါတွေမှာ ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုအနေနဲ့ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်လာပါတယ်။ ဒါတွေဟာ ပုံမှန်ဖြစ်ပြီး အနာကျက်ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နာတာရှည်ရောင်ရမ်းမှုဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်အတွင်းမှာ ကျန်မာရေးပြဿနာဖြစ်နေပါပြီ။ အောက်ပါအစားအစာတွေဟာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့အတွက် သင်နေ့စဉ် စားသုံးပေးသင့်ပါတယ်။ ဒီအစားအစာတွေစားတာကြောင့်လည်း သက်ကြီးဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။


ထောပတ်သီး

          ထောပတ်သီးမှာ နှလုံးကျန်မာရေးကောင်းမွန်စေနိုင်တဲ့ မပြည့်ဝဆီ၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေများစွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုကတော့ အလွန်နည်းပါးပါတယ်။ ထောပတ်သီးတစ်ခြမ်းကို နေ့စဉ်စားသုံးတာက သင့်အတွက် နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ ဗီတာမင် စီ၊ အေ၊ အီးနဲ့ ဘီအုပ်စုဝင်တွေကို အပြည့်အဝရရှိသွားနိုင်ပါတယ်။ ဒီအာဟာရဓာတ်အားလုံးဟာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့ လုပ်ဆောင်ပေးတဲ့အတွက် ထောပတ်သီးကို ရောင်ရမ်းမှု လျော့ကျစေတဲ့ အစားအစာအဖြစ် မဖြစ်မနေစားသုံးသင့်ပါတယ်။


ဗာဒံစေ့

          ဗာဒံစေ့မှာ သံလွင်ဆီလိုမျိုး မပြည့်ဝဆီ၊ ဗီတာမင်အီးနဲ့ မဂ္ဂနိစ်တွေများစွာပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်နဲ့ အပင်ပရိုတင်းတွေလည်း ပေါကြွယ်ဝပါတယ်။ သုတေသနပြုလုပ်ချက်အရ ဗာဒံစေ့စားသုံးသူတွေဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ လျော့နည်းနိုင်တယ်လို့ သိရပါတယ်။ ဗာဒံစေ့ဟာ တခြားသော ရောင်ရမ်းမှုလျော့ကျစေတဲ့အစားအစာတွေထက် ကယ်လိုရီအနည်းငယ်မြင့်မားစွာ ပါဝင်နေပေမယ့် ဗိုက်ပြည့်တင်းမှုကို ရရှိစေနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့စီမံချက်မှာ အဆာပြေစာအဖြစ် လက်တစ်ဆုပ်စာ ဗာဒံစေ့ကိုရွေးချယ်နိုင်ပါတယ်။


ပန်းဂေါ်ဖီစိမ်း

          ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီမှာ အပင်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဂလူဆီနိုလိတ်စ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင်အေလည်း ကြွယ်ဝပါတယ်။ ဂလူဆီနိုလိတ်စ်က အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာနဲ့ ဆက်စပ်မှုရှိပါတယ်။


မုန်လာဥနီ

          မုန်လာဥနီမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် အေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဗီတာမင်အေဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ ဇီယာဇန်သင်းနဲ့ လူတင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကယ်လိုရီနည်းပါးစွာ ပါဝင်ပြီး အမျှင်ဓာတ်တွေ များစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့လည်း ကူညီနိုင်ပါတယ်။


ပဲအမျိုးမျိုး

          ကုလားပဲခြမ်း၊ ပဲနီလေး၊ ပဲဝါလေးလိုမျိုး အခြောက်ခံထားတဲ့ ပဲတွေဟာ ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးနိုင်တဲ့အပြင် သူ့မှာ အပင်ပရိုတင်း၊ သတ္ထုဓာတ်၊ ဗီတာမင်ဘီ အုပ်စုဝင်၊ ဗီတာမင် ကေနဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် သုတေသီတွေက ကျန်းမာရေးအတွက် များစွာအကျိုးရှိတဲ့ အစားအစာလို့ သုံးသပ်ထားတဲ့အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေကိုပါ ကာကွယ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် သက်သက်လွတ်စားသူတွေအနေနဲ့ ပဲအမျိုးမျိုးကို မဖြစ်မနေ ပါဝင်အောင် စားသုံးသင့်ပါတယ်။


ကိုက်လန်

          ကိုက်လန်မှာ ဗီတာမင်အေ၊ စီနဲ့ ကေတွေ များစွာပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်စီတွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အမျှင်ဓာတ်လည်းပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုကတော့ နည်းပါးပါတယ်။ ကိုက်လန်မှာ ပါဝင်တဲ့ ဂလူကိုဆီနိုလိတ်တွေက ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး လူတင်နဲ့ ဇီယာဇန်သင်းတွေက မျက်စိအတွင်းတိမ်ရောဂါနဲ့ မက်ကူလာပျက်စီးယိုယွင်းမှု ဖစ်နိုင်ခြေလျော့နည်းအောင် ကူညီပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ လူတင်က သွေးကြောတွေ မာကျောကျစ်လျစ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


လိမ္မော်သီး

          လိမ္မော်သီးမှာ ဗီတာမင် စီနဲ့ ပိုတက်စီယမ် တွေ များစွာပါဝင်ပြီး အမျှင်ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖောလိတ်တွေလည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ဖောလိတ်ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး ဗီတာမင် စီကတော့ ခုခံအားစနစ်လုပ်ငန်းဆောင်တာ၊ တွယ်ဆက်တစ်သျှူးတွေ သန်မာစေတာနဲ့ သွေးကြောကျန်မာရေးအတွက် အသုံးဝင်ပါတယ်။ ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ အစားအစာဖြစ်တဲ့အတွက် နေ့လယ်အဆာပြေအစာ ဒါမှမဟုတ် မနက်အိပ်ရာထ သောက်တဲ့ဖျော်ရည်အဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။


စတော်ဘယ်ရီ

          စတော်ဘယ်ရီဟာ အရည်ရွှမ်းပြီး အရသာရှိတဲ့ သစ်သီးဖြစ်သလို ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများတဲ့အပြင် ဗီတာမင်စီအပါအဝင် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးကို ပန်းရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ကိုယ်တွင်းရောင်ရမ်းမှုဖြစ်စဉ်တွေကိုလည်း လျှော့ချပေးပါတယ်။


ဟင်းနုနယ်

          ရောင်ရမ်းမှုကို လျော့ကျစေတဲ့ စူပါအစားအစာတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ လူတင်ဓာတ်ဟာ ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်းတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ သူက သံဓာတ်၊ ဗီတာမင်ကေနဲ့ ဖောလိတ်တွေကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ကိုယ်အလေးချိန်လျှော့ချနိုင်တဲ့ အစားအစာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ဟင်းနုနယ်လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်းရွက် စားသုံးသူတွေက မက်ကူလာပျက်စီးယိုယွင်းမှုဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။


မုန်ညင်းရွက်

          ရောင်ရမ်းမှုလျော့ကျစေတဲ့အရွက်တစ်မျိုးဖြစ်ပြီး ဗီတာမင် အေ၊ ကေနဲ့ သတ္ထုဓာတ်မျိုးစုံ ပါဝင်ပါတယ်။


သစ်ကြားသီး

          သူ့မှာ ကျန်းမာရေးကောင်းမွန်စေတဲ့ အဆီ၊ ပရိုတင်း၊ ဗီတာမင် အီး၊ သတ္ထုဓာတ်နဲ့ စတီရောခေါ်တဲ့ အပင်ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်တဲ့ မပြည့်ဝဆီနဲ့ အိုမီဂါ ၃ ဖက်တီးအဆီတွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုမြင့်မားပေမယ့် အချိန်ကြာမြင့်စွာ ဗိုက်ပြည့်တင်းမှုကို ရရှိစေနိုင်တဲ့အတွက် လက်တစ်ဆုပ်စာ သစ်ကြားသီးဟာလည်း ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီနိုင်ပါလိမ့်မယ်။


Credit : ဒေါက်တာ ခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18