Print

သင့်အတွေးများကြောင့် ဖြစ်ပေါ်လာသော သင့်ကျန်းမာရေး

  09-Jul-2020
Preview Image

          လူတိုင်း နေ့စဉ်နဲ့အမျှ အချိန်တိုင်းလိုလိုမှာ အတွေးကိုယ်စီရှိကြပါတယ်။ အဲဒီအတွေးအခေါ်တွေက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သင်သိပါရဲ့လား။


ဟိုဟိုဒီဒီ တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ = အသက်ရှူမြန်ခြင်း

          လမ်းမှာ ကားပိတ်နေတဲ့အခါ လူက ထိုင်နေ၊ ရပ်နေပေမယ့် စိတ်ကတော့ ဟိုဟိုဒီဒီပြေးလွှားနေမှာ အမှန်ပါ။ အဲဒီအချိန်မှာ အလုပ်နောက်ကျတော့မယ်၊ ချိန်းထားတဲ့ ချစ်သူဆီရောက်ဖို့ နောက်ကျတော့မယ်၊ အရေးကြီးတဲ့ ချိန်းဆိုမှုတွေ နောက်ကျတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ ဒီလိုနဲ့ ဒေါသစိတ်တွေလည်း ဖြစ်လာပါတယ်။ ဒေါသကြောင့် အသက်ရှူတွေ မြန်ပြီး ပုခုံးနဲ့ ဝမ်းဗိုက်ကြွက်သားတွေ တင်းမာလာပါတယ်။


စိုးရိမ်သောကများကို တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ = အစာအိမ်နာခြင်း

          စိုးရိမ်သောကဖြစ်တာက ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေပေါ် သီးခြားသက်ရောက်မှု ရှိပါတယ်။ စိုးရိမ်သောကတွေ ခံစားရတဲ့အခါ အစာစားချင်စိတ် မရှိတာ၊ ညဘက် အိပ်မပျော်တာစတာတွေကြောင့် အစာအိမ်နာတာကို ခံစားရတာပါ။ တချို့တွေမှာ ခြေထောက်နာကျင်မှု ခံစားရတာမျိုး ဖြစ်တတ်ကြပါတယ်။


ဝမ်းနည်းစိတ်ဖြင့် တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ = လည်ချောင်းနာခြင်း

          ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတဲ့အခါ လည်ချောင်းနာတာမျိုး သင်ခံစားဖူးမှာပါ။ အထူးသဖြင့် မိဘဆွေမျိုးညီအစ်ကို မောင်နှမတွေထဲက တစ်စုံတစ်ဦး ကွယ်လွန်တဲ့အခါမျိုးမှာ ဝမ်းနည်းပူဆွေးမှုတွေ ခံစားကြရပါတယ်။ တချို့လည်း ဝမ်းနည်းပူဆွေးနေမှု အရှိန်က ကြီးမားတာကြောင့် လည်ချောင်းနာတာကို သတိမမူမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


မျိုသိပ်ထားသော ဒေါသများကို တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ = ခေါင်းကိုက်ခြင်း

          တချို့ အခြေအနေတွေမှာ စိတ်ဆိုးဒေါသထွက်ပေမယ့် မျိုသိပ်လိုက်ရတာမျိုးကြောင့် ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ တင်းထားတာကြောင့် ကြွက်သားတွေလည်း တင်းအားများလာတဲ့အပြင် ဝမ်းချုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မကြာခဏဒေါသတွေ မျိုသိပ်ရပါများရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။


ရုတ်တရက် ဒေါသပေါက်ကွဲထွက်ခြင်းကြောင့်

ဖြစ်နိုင်ခြေ = နှလုံးတိုက်ခိုက်ခံရခြင်း

          ဒေါသတွေ မျိုသိပ်ရပါများတာကြောင့် ကျန်းမာရေးထိခိုက်နိုင်သလို အဲဒီမျိုသိပ်ထားရတဲ့ ဒေါသတွေ ရုတ်တရက် ပေါက်ကွဲထွက်တဲ့အခါမျိုးမှာ နှလုံးတိုက်ခိုက်ခံရနိုင်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းကို တွေးတောနေတာကြောင့် နှစ်အနည်းငယ်ကြာတဲ့အခါ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်လာတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။


အကောင်းမြင်စိတ်ဖြင့် တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ = ဖျားနာမှုကင်းဝေးခြင်း

          အကောင်းမြင်စိတ်ရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလို လုပ်ဆောင်မှုတိုင်းလည်း အောင်မြင်မှုတွေ ရရှိတာကို တွေ့ရပါတယ်။ အကောင်းမြင်စိတ်ရှိသူတွေဟာ ပျော်ရွှင်သူတွေဖြစ်ကြပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်။ အကောင်းမြင်စိတ်နဲ့ တွေးတောတတ်သူတွေဟာ သွက်လက်တက်ကြွစွာ လုပ်ဆောင်တတ်ကြပြီး ဖျားနာမှုတွေလည်း ကင်းဝေးကြပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18