Print

ဖီယိုခရိုမိုစိုက်တိုးမား သွေးတိုးရောဂါ

  16-Jul-2020
Preview Image

          တစ်ချက်တစ်ချက်မှ သွေးပေါင်ချိန်ထတက်တတ်တဲ့ လူနာတွေကို တွေ့ရတဲ့အခါ (အထူးသဖြင့် အဲဒီလိုတက်တဲ့ အခိုက်မှာ သွေးပေါင်ချိန်က သိပ်များနေရင်) ကျွန်တော်တို့ သမားတော်ကြီးတွေ အစိုးရိမ်ပိုတတ်ကြပါတယ်။ ကာယကံရှင် လူနာအနေနဲ့ကတော့ ဆိုင်ကယ်စီးလာရလို့ပါ။ ကားစီးလာရလို့ပါ၊ ညက အိပ်ရေးပျက်လို့ပါ၊ အငန်စားပြီးခါစမို့လို့ပါ စသည်ဖြင့် သူ့ဆင်ခြေနဲ့သူ အကြောင်းအမျိုးမျိုးပြပြီးတော့ သွေးပေါင်တက်နေတဲ့ ကိစ္စကို သာမညအနေနဲ့ ဖြစ်အောင်ကြိုးစားကြလေ့ရှိပါတယ်။ “သွေးပေါင် အမြဲချိန်နေတာပဲ၊ တစ်ခါမှမတက်ဖူးဘူး၊ ဟုတ်မှဟုတ်ပါ့မလား” ဆိုတဲ့ စကားမျိုးနဲ့ စော်ကားကြတဲ့သူတွေလည်း အနည်းလှပါဘူး။


          ဖီယိုခရိုမိုစိုက်တိုးမား PHEOCHROMOCYTOMA ဆိုတဲ့ အလုံးကြောင့် ဖြစ်လာရတဲ့ သွေးတိုးရောဂါမှာ အဲဒီလိုမျိုးအကောင်းကြီးကနေ သွေးပေါင်ချိန် ထထတက်တတ်တဲ့ ပြဿနာမျိုး ပေါ်တတ်လို့ ဒီရောဂါအကြောင်း နောကျေနေတဲ့ သမားတော်ကြီးတွေက အစိုးရိမ်ပိုကြရတာပါ။ အဲဒီအလုံးဟာ ကျောက်ကပ်အပေါ်မှာ တည်ရှိနေတဲ့ အက်ဒီနယ် (ADRENAL) ဂလန်း (GLAND) ကနေ ဖြစ်ပေါ်လာတာ များပါတယ်။


          တချို့တွေကလည်း စင်ပသက်တစ်ချိန်း (SYMPATHETIC CHAIN) ဆိုတဲ့ အာရုံကြောအဖွဲ့အစည်းကနေ ဖြစ်ပေါ်လာရတာပါ။ ပုံမှန်အားဖြင့်ဆိုရင် အဲဒီ အက်ဒီနယ်ဂလန်းနဲ့ စင်ပသက်တစ်ချိန်း ကနေ ကတီကောအေမင်း (CAT – ECHOLAMINE) အုပ်စုဝင် ဟော်မုန်း (HORMONE) အုပ်စုဝင်တွေဖြစ်တဲ့ အက်ဒီနယ်လင် (ADRENANILE) နော်အက်ဒီနယ်လင် (NOR ADRENANILE) နဲ့ ဒိုပါမင်း (DOPAMINE) ဆိုတဲ့ ဟော်မုန်းတွေဟာ (သူ့အချိန်နဲ့သူ ခန္ဓာကိုယ်က လိုအပ်တဲ့အချိန်မှာ ပုံမှန်ပမာဏနဲ့ ထွက်ပါတယ်။ အဲဒီအင်္ဂါအစိတ်အပိုင်းတွေမှာ အလုံးအဖုတွေအဖြစ် ကြီးထွားလာတဲ့အခါ အဲဒီ ဟော်မုန်းတွေကလည်း အဆမတန် ထွက်လာပါတယ်။ အဲဒီဟော်မုန်းတွေဟာ သွေးပေါင်ချိန်ကို တက်စေတတ်ပါတယ်။


          ဒီရောဂါရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတစ်ခုကတော့ အဲဒီအဖုအလုံးကနေ အဲဒီဟော်မုန်းတွေ အမြဲတမ်း (အများကြီး) ထွက်မနေဘဲနဲ့ သူထွက်ချင်တဲ့အချိန်မှာမှ အများကြီးထွက်လာတာပါပဲ။ အဲဒီလို ထွက်လာတဲ့အချိန်မျိုးမှာ လူနာဟာ ရင်တုန်လာတတ်ပြီး ချွေးစေးတွေပြန်လာသလို ခေါင်းလည်းကိုက်လာတတ်ပါတယ်။ အဲဒီ ရောဂါလက္ခဏာသုံးခုနဲ့ သွေးပေါင်ချိန် တက်နေတာကို ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် ဒီလူနာမှာ ဖီယိုခရိုမိုစိုက်တိုးမားရောဂါ ရှိနေလောက်တယ်ဆိုတဲ့ သံသယဟာ သမားတော်ကြီးတွေရဲ့ အတွေးထဲ မုချပေါ်လာပါလိမ့်မယ်။


          အဲဒီဟော်မုန်းတွေ အများကြီးထွက်မနေတဲ့အခိုက် (ပုံမှန် ပမာဏလောက်ပဲ ထွက်နေတဲ့ ကာလ) မှာဆိုရင် လူနာမှာလည်း ဘာဝေဒနာမှ မရှိသလို သူ့ရဲ့ သွေးပေါင်ချိန်ကလည်း ပုံမှန်ဖြစ်နေလေ့ရှိပါတယ်။ ဒါကြောင့် လူနာအနေနဲ့ သူ့ရောဂါကို ပေါ့ပေါ့ကလေးတွေးတတ်တာ မဆန်းလှပါဘူး။ အဲဒီအချိန်မျိုးမှ အဲဒီလူနာကို စမ်းသပ်မိတဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး အတွေ့အကြုံနည်းတဲ့ ဆရာဝန်တွေအနေနဲ့လည်း အင်မတန်အရေးကြီးလှတဲ့ ဒီရောဂါကို လွတ်သွားဖို့ ရှိနေပါတယ်။ ဒီရောဂါနောက်ခံရှိနေတဲ့ တချို့လူနာတွေကတော့ စိုးရိမ်ကြောင့်ကြတဲ့စိတ် များတဲ့ဝေဒနာနဲ့ ရုတ်တရက်အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခံစားလာရမှုကြောင့် စိတ်ရောဂါအထူးကု ဆရာဝန်တွေဆီ လမ်းလွဲပြီးရောက်သွားတာမျိုးလည်း ရှိကြပါသေးတယ်။

 

         အဲဒီအလုံးကနေ ဟော်မုန်းတွေထွက်နေတုန်းမှာ ဒီလိုမျိုးဖြစ်တတ်ပါတယ်။ တချို့ဆိုရင် ရုတ်တရက် ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ဝမ်းဗိုက်ထဲ အောင့်လာတာမျိုးတွေနဲ့လည်း ရင်ဆိုင်ရတတ်လို့ အစာအိမ်လေနာ ရောဂါများလားဆိုပြီးတော့ တလွဲတချော် ဖြစ်သွားတာမျိုးလည်း ရှိတတ်ပါတယ်။

  

        ဒီရောဂါကြောင့် ဆီးအများကြီးသွားတာ ရေငတ်တာတွေလည်း ရှိတတ်ပြန်တော့ ဆီးချိုသွေးချိုရောဂါနှင့် မှားတတ်ပြန်ပါတယ်။ တချို့ဒေသတွေမှာ ငွေကြေးအခက်အခဲတွေကြောင့် သွေးချိုဓာတ် စစ်ဖို့ အဆင်မပြေပါဘူး။ ဒီတော့ ဆီးထဲမှာ အချိုဓာတ်ပြနေတာနဲ့ ဒါဟာ ဆီးချိုရောဂါပဲဆိုပြီးတော့ မှားယွင်းကုသမှု ကုသမိတာတွေလည်း ရှိနိုင်ပါတယ်။ ကျောက်ကပ်ရဲ့ ပြဿနာတွေကြောင့် သွေးချိုပမာဏ မမြင့်တက်ဘဲနဲ့ ဆီးထဲအချိုဓာတ်တွေ ပါလာတတ်ပါတယ်။

 

         ဒါ့အပြင် ဆီးချိုစစ်ရာမှာ အသုံးပြုတဲ့ ဆေးရည်ထဲက ကြေးဓာတ်နှင့် ဆီးထဲ ပါဝင်လာတဲ့ တချို့ဓာတ်တွေဟာ ဓာတ်ပြုလို့ အရောင်ပြောင်းလဲမှု ဖြစ်ပေါ်လာပြီးတော့ ဆီးထဲအချိုဓာတ် ပါသယောင်ပြတတ်ပါသေးတယ်။ ဒါတွေဟာ လူနာမှာ အမှန်တကယ်ဖြစ်ပွားနေတဲ့ ဖီယိုခရိုမို စိုက်တိုးမားရောဂါအစား ဆီးချိုသွေးချိုရောဂါဘက် တွန်းပို့မယ့် အချက်အလက်တွေပါ။

 

         “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားလို ဒီရောဂါကြောင့် ဆီးချိုသွေးချိုရောဂါလည်း အမှန်တကယ်ဖြစ်ပွားတတ်ပါသေးတယ်။ ရှားရှားပါးပါးလို့ ဆိုရမှာပေါ့။ သင်ခန်းစာယူကြဖို့ ကောင်းတာက သွေးတိုးနေရင် သွေးပေါင်ကိုပဲ မဲပြီးချနေတာမျိုး သွေးချိုရောဂါရနေရင် သွေးချိုပမာဏကိုပဲ စူးစိုက်ပြီးချနေတာမျိုး မလုပ်ကြပဲနဲ့ အဲ့ဒီရောဂါတွေရဲ့နောက်ခံ အကြောင်းအရင်းကို ရှာဖွေပြီး ကုသလိုက်ရင် ရောဂါအားလုံးပျောက်ကင်းသွားနိုင်တယ် ဆိုတာကိုပါ။ ဆိုလိုတာက ဒီလို အခြေအနေမျိုးမှာ ဖီယိုခရိုမိုစိုက်တိုးမားရောဂါကို ပျောက်ကင်းအောင် ကုသလိုက်တာနဲ့ သွေးတိုးရောဂါရော၊ ဆီးချိုရောဂါပါ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။

 

         ဒီရောဂါကြောင့် သွေးကြောထဲမှာ သွေးနီဥတွေ ပွားများလာပြီးတော့ သွေးပျစ်လာတတ်ပါသေးတယ်။ အဲဒီလိုသွေးပျစ်လာတတ်တဲ့အတွက်လည်း သွေးပေါင်ချိန်တက်လာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပြန်သေးတာဆိုတော့ အဲဒီဘက်ကို လမ်းလွဲသွားတတ်ပါသေးတယ်။ သွေးပျစ်စေတတ်တဲ့ အဓိကအကြောင်းအရင်းတွေထဲမှာက ဒီရောဂါက မပါပြန်တဲ့အခါကျတော့ ဒီရောဂါထက်ပိုပြီး သွေးပျစ်စေတတ်တဲ့ ရောဂါတွေဘက်ကို ပိုပြီး စဉ်းစားမိသွားတတ်ပါတယ်။


          အရက် အလွန်အကျွံသောက်တာ၊ ဆေးလိပ် အလွန်အကျွံသောက်တာ၊ ပန်းနာရင်ကျပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါတချို့နှင့် ပေါ်လီစစ်စတစ် (POLYCYSTIC) ကျောက်ကပ်ရောဂါတို့လို ရောဂါတွေကိုပေါ့။ ပေါ်လီစစ်စတစ် ကျောက်ကပ်ရောဂါမှာဆိုရင် ကျောက်ကပ်ထဲမှာက လိုင်းပေါက်တွေ အများကြီးရှိနေပြီးတော့ ကျောက်ကပ်က ကြီးထွားနေတတ်ပါတယ်။ သူကိုယ်နှိုက်ကလည်း သွေးတိုးစေတတ်တဲ့ နာမည်ကြီးရောဂါတစ်ခုဆိုတော့ အဲဒီဘက်ကို မျက်စိလည်သွားချင်စရာပါပဲ။


          ဒီရောဂါကြောင့် နှလုံးဟာ ဖောင်းကားကြီးထွားလာပြီးတော့ ညှစ်အားမကောင်းတော့တဲ့ ကာဒီယိုမိုင်ယိုပသီ (CARDIOMYOPATHY) ဆိုတဲ့ နှလုံး ကြွက်သားရောဂါတစ်မျိုးရတတ်ပါတယ်။ ဘယ်အကြောင်းကြောင့် ပဲသွေးတိုး ရောဂါရရ၊ မကုသဘဲထားလို့ အဆင့်လွန်သွားပြီဆိုရင်လည်း နှလုံးကြီးလာတာ၊ ညှစ်အားမကောင်းတာတွေ ဖြစ်တတ်တာမို့လို့ ဒီလူနာရဲ့ နောက်ခံရောဂါအမှန်ဖြစ်တဲ့ ဖီယိုခရိုမိုစိုက်တိုးမား ရောဂါကို သတိမမူမိစရာ ရှိနေပါတယ်။


          ဒီရောဂါရှိတဲ့သူတွေဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ မိုက်ခနဲ ဖြစ်သွားတတ်ပါသေးတယ်။ ဒီရောဂါကြောင့် သွေးတိုးရောဂါ ရတတ်တယ်ဆိုပေမယ့် အဲဒီလိုရပ်လိုက်တဲ့အချိန်မှာ သွေးပေါင်က (ပုံမှန်ထက် များနေပေမယ့်) လည်း အိပ်နေစဉ်ကထက် သိသိသာသာ လျော့ကျသွားလို့ အဲဒီလိုဖြစ်ရတာပါ။ ဝမ်းချုပ်တာ၊ ကိုယ်အလေးချိန် လျော့ကျသွားတာတွေဟာ နေ့စဉ်မြင်တွေ့နေကျ လူနာအမျိုးအစားပင် ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်စေတတ်တဲ့ ရှားရှားပါးပါး ရောဂါတစ်ခုကတော့ အခုတင်ပြနေတဲ့ ဖီယိုခရိုမိုစိုက်တိုးမားရောဂါပါပဲ။


         သွေးတိုးဝေဒနာရှင်တစ်ယောက်ဟာ သွေးပေါင်ကျဆေး သုံးစွဲလိုက်လို့ ရှိရင် သွေးပေါင်ပြန်ကျသွားဖို့ပဲ မျှော်လင့်ထားမှာပါ။ အကယ်၍ အဲဒါနဲ့ ပြောင်းပြန်သွေးပေါင်က ပိုပိုပြီးတော့ သိသိသာသာ တက်လာရင်လည်း ဒီရောဂါကို အရင်ဆုံး စဉ်းစားရမှာ ဖြစ်ပါတယ်။

 

         ဒီရောဂါရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာကတော့ တစ်ချက်တစ်ချက်မှာမှ ရုတ်တရက် သွေးပေါင်ချိန် တိုးတက်သွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ခါမှ သွေးတိုးတာပဲ ဆိုပြီးတော့ ပေါ့ဆလို့ မရပါဘူး။ အဲဒီတစ်ချက်လောက် တက်သွားတဲ့ သွေးပေါင်ချိန်ဟာ တစ်ချက်ဆို ဆိုသလောက် ဒုက္ခပေးနိုင်လို့ပါ။ အဲဒီလို တစ်ချက်ကလေး သွေးပေါင်ချိန်တက်သွားတဲ့အချိန်မှာ အဆုတ်ရုတ်တရက်ဖောနိုင်ပါတယ်။ လူနာအနေနဲ့ အလိုလိုနေရင်း မောလာတာ၊ လှဲအိပ်လိုက်ရင် ပိုမောလာတာမျိုး ခံစားရပါလိမ့်မယ်။ သူ့ရဲ့ အဆုတ်နှစ်ဖက်စလုံးမှာ အဖောရည်တွေနဲ့ ပြည့်မောက်နေတတ်ပါတယ်။ ဒါ့ကြောင့် ရေနစ်သလိုမျိုး ဝေဒနာခံစားရတာပါ။


          အဲဒီလို တစ်ချက်ကလေးသွေးပေါင်တက်သွားတာနဲ့ အကိုက်နှလုံးခုန်စည်းချက် ဖောက်ပြန်သွားနိုင်ပါတယ်။ တချို့သော နှလုံးခုန်စည်းချက် ဖောက်ပြန်မှုတွေဟာ နှလုံးကို ရုတ်တရက် ရပ်တန့်သွားစေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဦးခေါင်းထဲမှာရှိနေတဲ့ သွေးကြောပေါက်ထွက်သွားတတ်ပါသေးတယ်။ ရေပိုက်ထဲမှာ ရေဖိအားများလွန်းမက များလာတဲ့အခါ ရေပိုက်ပွင့်ထွက်သွားသလိုမျိုးပေါ့။


          ဦးခေါင်းခွံထဲမှာ ဦးနှောက်ရှိနေပါတယ်။ စီအက်စ်အက်ဖ် (CSF) လို့ခေါ်တဲ့ ဦးနှောက်ခြင်ဆီတွေလည်း ရှိနေပါတယ်။ အဲဒီအစိတ်အပိုင်းတွေဟာ ဦးခေါင်းခွံထဲ သူ့နေရာနဲ့သူ နေရာကွက်တိယူထားပါတယ်။ နေရာပိုမရှိပါဘူး။ ဒီတော့ ရောဂါကြောင့်ထွက်လာတဲ့ သွေးတွေဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေပေါ်ကို ဖိမိတော့တယ်။ ဒါရဲ့ အကျိုးဆက်ကတော့ သက်ဆိုင်ရာဦးနှောက်အစိတ်အပိုင်းတွေ ပျက်စီးကုန်ပြီး အလုပ်မလုပ်နိုင်တော့တာပါပဲ။ ဒါကြောင့် ကိုယ်တစ်ခြမ်းသေတာ၊ စကားမပြောနိုင်တာ၊ အစာမျိုမကျတာ၊ သတိလစ်တာတွေ ဖြစ်လာရတော့တာပေါ့။


          ဒါမျိုးတစ်ချက်တစ်ချက် သွေးပေါင်တက်တာဟာ များသောအားဖြင့် တစ်နာရီလောက်တောင် မကြာတတ်ပါဘူး။ ရလဒ်ကတော့ သွေးပျက်လောက်အောင် ကြောက်ခမန်းလိလိပါပဲ။ ကိုယ်ဝန်ဆောင်ချိန်၊ ခွဲစိတ်ကုသခံရချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ အဲဒီတစ်ချက်ဆိုတဲ့ ပြဿနာတွေပေါ်တတ်တာဆိုတော့ ဒါတွေနဲ့ မကြုံတွေ့ရရင် ပြီးတာပဲလို့ မထင်လိုက်ကြပါနဲ့။ ဆီးသွားတဲ့အချိန်နဲ့ ကိုယ်အနေအထား ပြင်လိုက်တဲ့အချိန်မှာလည်း ဒါမျိုးသွေးပေါင်ချိန် ရုတ်ချည်းတက်သွားတတ်တာဆိုတော့ တွေးကြည့်ရင် ကြောက်စရာကြီးပါ။

 

         တချို့သော စိတ်ကျရောဂါ ကုဆေးတွေ၊ ဘိန်းပါဝင်တဲ့ အရာတွေနဲ့ အအန်ပျောက်ဆေး တချို့ကြောင့်လည်း အဲဒီတစ်ချက်တစ်ချက်ဆိုတဲ့ အန္တရာယ်က ပေါ်တတ်ပါသေးတယ်။

Credit : ဒေါက်တာ အောင်မိုး (အထွေထွေအထူးကု သမားတော်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18