Print

ဆီးချိုသွေးချိုရောဂါရှိသူတိုင်း ကျန်းမာလှပစွာ ဖြတ်ကျော်နိုင်ရန်

  23-Jul-2020
Preview Image

          ဆီးချိုသွေးချိုရောဂါ ခံစားနေရသူတွေထဲက တချို့ဟာ တခြားသူတွေလို ကိုယ်ကြိုက်နှစ်သက်ရာတွေကို မစားရတော့မှာ စိုးရိမ်တာ၊ ရောဂါရှိတဲ့အပေါ် စိတ်ဖိစီးမှုတွေ ခံစားနေရတာ၊ ကိုယ့်ရဲ့ စားသောက်မှုပုံစံ မှန်ကန်မှု ရှိမရှိ မသိရှိတာ၊ နေထိုင်မှုပုံစံ မှားယွင်းနေတာ စတာတွေကို မသိရှိတတ်ကြပါဘူး။ အောက်ပါအချက်တွေက ဆီးချိုသွေးချိုရောဂါဝေဒနာရှင်တွေအနေနဲ့ ကျန်းမာစွာ အသက်ရှင်နေနိုင်စေမယ့် နည်းလမ်းတွေပါ။


ကြိုက်နှစ်သက်တဲ့ အစာကို စားခွင့်ရှိတယ်။

          ဆီးချို သွေးချိုရောဂါရှိတာနဲ့ ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မစားရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ သင်ကြိုက်နှစ်သက်တဲ့ အစားအစာတွေထဲကမှ သွေးတွင်းသကြားဓာတ်တက်စေတဲ့ အစာတွေကို ရှောင်ရမှာပါ။ ကာဗိုဟိုက်ဒရိတ် ပမာဏ၊ အစားအသောက်တွေမှာ သကြားဓာတ်ပါဝင်မှုပမာဏ၊ စားသောက်တဲ့ အစားအစာရဲ့ ပမာဏစတာတွေကို တွက်ချက်ပြီး စားသောက်ဖို့တော့ လိုပါတယ်။


သုံးပုံ အညီအမျှစားပါ

          အစားအစာစားသုံးရာမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ကျေနပ်မှုရစေဖို့ လိုပါတယ်။ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို လျှော့စားဖို့ လိုပါတယ်။ ထမင်းပန်းကန်ထဲမှာ အစားအစာကို သုံးပုံခွဲထည့်ရပါမယ်။ ကစီဓာတ်မပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ (ဥပမာ - ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း) က တစ်ပုံ၊ ကစီဓာတ်ပါဝင်တဲ့ ထမင်း ဒါမှမဟုတ် ဂျုံနဲ့လုပ်တဲ့ အစားအစာတွေက တစ်ပုံ၊ နောက်တစ်ပုံကိုတော့ ပရိုတင်းဓာတ်ရရှိစေဖို့ အသား၊ ငါး ဆိုပြီး ပန်းကန်ထဲကို သုံးပုံ အညီအမျှခွဲထည့်ပြီး စားပါ။ တစ်နေ့ကို နွားနို့ ရှစ်အောင်စတစ်ဖန်ခွက် သောက်ပါ။ သစ်သီးဖျော်ရည်ခွက်တစ်ဝက်လောက်သောက်ပေးပါ။


စာအုပ်မှာ မှတ်တမ်းချရေးပါ

          မိမိရဲ့ အလေ့အကျင့်တွေကို ချရေးပြီး မှတ်တမ်းတင်ထားဖို့ လိုပါတယ်။ နေ့စဉ်သွေးတွင်းသကြားဓာတ် ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာပြီး စားသုံးတဲ့ အစားအစာ၊ လေ့ကျင့်လှုပ်ရှားမှုနဲ့ ဆေးဝါးတွေက သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု ရှိ၊ မရှိကို မှတ်သားပါ။ ဆရာဝန်ဆီသွားပြတဲ့အခါ ရေးမှတ်ထားတဲ့ မှတ်တမ်းကို ယူသွားပေးပါ။ ကုသရေးမှာ အရေးပါပြီး ထိရောက်မှု ရှိပါတယ်။


ဆေးသေတ္တာကို စနစ်တကျထားရှိပါ

          ဆေးသေတ္တာထဲမှာ ဆေးပြားတွေ၊ ထိုးဆေးတွေကို သေသေချာချာအစီအစဉ်တကျ ထားရှိရပါမယ်။ ၃ ရက်အတွင်း သောက်ရမယ့် ဆီးချိုသွေးချိုကျဆေးဝါးတွေ၊ အရေးပေါ်သောက်သုံးရမယ့် ဆေးဝါးတွေကို ကိုယ်နဲ့မကွာ ထားရှိပါ။ ခန္ဓာကိုယ်တွင်း ဆေးဝါးတွေအချင်းချင်း ဓာတ်ပြုမှုတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်မပါတဲ့ ဆေးဝါးတွေ သောက်သုံးမှုမှ ရှောင်ကြဉ်ပါ။ ဆရာဝန်နဲ့ ပုံမှန်ပြသမှုကို မပျက်မကွက်လုပ်ဆောင်ပါ။ ဒါ့အပြင် သွားဆရာဝန်နှင့် ပြသပြီး သွားနှင့်ခံတွင်းကို ပြသစစ်ဆေးပါ။


အားကစားလုပ်ချိန်ကို ခွဲခြားပါ

          အားကစားကို တစ်နေ့မိနစ် ၃၀ လုပ်ရမယ်ဆိုပေမယ့် အချိန်ပေးဖို့ အခက်အခဲဖြစ်နေခဲ့ရင် ၁၀ မိနစ် သုံးကြိမ်ပြုလုပ်တာကလည်း ထိရောက်မှုရှိတယ်ဆိုတာ သုတေသနတွေအရ သိရပါတယ်။ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ အားကစားကို အလွန်အကျွံပြုလုပ်တာမျိုး မလုပ်ဘဲ သင့်တင့်တဲ့အားကစားနည်းမျိုးကိုသာ ရွေးချယ်ပြုလုပ်ပြီး သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ သွေးတွင်းကိုလက်စထရောနဲ့ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါတယ်။


ညတိုင်း ခြေထောက်ကို စစ်ဆေးပါ

          ခြေထောက်ကို ကွဲရှဒဏ်ရာရှိ၊ မရှိ၊ ရောင်ရမ်းနေလား၊ အရောင်ပြောင်းနေတာစတဲ့ ပြောင်းလဲမှု တစ်စုံတစ်ရာရှိ၊ မရှိကို ညစဉ် အိပ်ရာမဝင်ခင်မှာ စစ်ဆေးဖို့ လိုပါတယ်။ ခြေချောင်းတွေ ကြားထဲကို ကြည့်ရှုစစ်ဆေးဖို့လည်း မမေ့ပါနဲ့။ အနာမကျက်နိုင်တဲ့ ကွဲရှဒဏ်ရာနဲ့ အနာတွေ တွေ့ရှိပါက ဆရာဝန်ထံ ပြသဖို့ လိုပါတယ်။ ခြေထောက်ကို သန့်စင်စွာ ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ဖို့လိုပါတယ်။


ဆေးလိပ်ဖြတ်ပါ

          ဆီးချိုသွေးချိုရောဂါရှိသူတစ်ယောက်အနေနဲ့ ဆေးလိပ်မသောက်သင့်ပါဘူး။ ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းက စိတ်ပိုင်းရော၊ ခန္ဓာပိုင်းကိုပါ စွဲလမ်းစေလို့ ဆေးလိပ်ဖြတ်ရာမှာ ခဲယဉ်းမှုတွေ ရှိနိုင်ပါတယ်။ ဆရာဝန်ဆီကနေ အကြံဉာဏ်ရယူတာ၊ အသင်းအဖွဲ့တွေ ပါဝင်ပြီး အကူအညီရယူတာမျိုးတွေ လုပ်ဆောင်ပါ။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18