Print

အရက်မသောက်ဖြစ်တာ ၂၈ ရက်ကြာတဲ့အခါ …

  30-Jul-2020
Preview Image

          မျှတတဲ့ဝင်ငွေရှိတဲ့ သာမန်လူတစ်ယောက်ဟာ တစ်နှစ်ကို အရက် လီတာခွဲလောက် သောက်ဖြစ်တယ်လို့ စာရင်းဇယားတွေအရ ဆိုကြတယ်။ အရက်စွဲနေတဲ့သူမဟုတ်ဘဲ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောရင်း နည်းနည်းပါးပါး သောက်တတ်တဲ့သူတစ်ယောက်ပေါ့။ တခါတလေ စိတ်ဖိစီးမှုတွေလျော့ရုံလောက် ဝိုင်လေးတစ်ခွက်လောက်သောက်ပြီး အိပ်ရာဝင်ရင်း တစ်ပတ်လောက် အရက်မသောက်ဖြစ်ဘဲလည်း နေတတ်ကြတဲ့သူတွေပေါ့။ အရက်မသောက်ဖြစ်ဘဲ ၂၈ ရက်လောက် ကြာသွားတဲ့အခါမှာ သူတို့ရဲ့ ကိုယ်ခန္ဓာမှာ ဘာထူးထူးခြားခြားပြောင်းလဲမှုတွေ ဖြစ်သွားလဲဆိုတာ တစ်ချက် လေ့လာကြည့်ရအောင်။


ပထမပတ်

ပိုခံတွင်းလိုက်လာတယ် ထင်ရတယ်။ တကယ်တော့ အရက်သောက်နေရင်းကမှ များများပိုစားဖြစ်တာပါ။ ဒါပေမယ့် အရက်ဖြတ်လိုက်တဲ့ အချိန်တွေမှာကျတော့ ပါးစပ်နဲ့အစားမပြတ်အောင် တမင်လုပ်မိနေတတ်ကြတယ်။ ဒါကြောင့် အရက်ဖြတ်ပြီးတဲ့အခါ တခြားအစားအစာတွေအစား အသီးအနှံတွေစားပေးတာ၊ အသီးဖျော်ရည်သောက်ပေးတာတို့ကို အစားထိုးလုပ်ပေးသင့်ပါတယ်။

အချိုစားချင်စိတ် ပိုဖြစ်လာကြတယ်။ အချိုပါတာများတဲ့အရက်တွေကို သောက်နေကျလူတစ်ယောက်မှာ သွေးတွင်းသကြားဓာတ်ပမာဏတွေက မြင့်နေတတ်ပါတယ်။ ဒါကြောင့် သူတို့အရက်ဖြတ်လိုက်တဲ့အချိန်မှာ အချိုစားချင်စိတ် ပြင်းပြတတ်ကြတယ်။ ဒါပေမယ့် လူအမျိုးမျိုး အထွေထွေဆိုတော့ တချို့ သွေးတွင်းသကြားဓာတ်ပိုကျသွားတတ်တဲ့ သူတွေလည်း ရှိတတ်ကြတယ်။ အထူးသဖြင့် နဂို ဆီးချိုရောဂါအခံရှိတဲ့သူတွေမှာ အထူးဂရုစိုက်သင့်ပါတယ်။

အရက်ဖြတ်ပြီးတဲ့အခါ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်လာတယ်။ မြန်မြန်အိပ်မောကျအောင်လို့ အရင်ကထဲက မအိပ်ခင် အရက်တစ်ခွက် တစ်ခွက် သောက်လေ့ရှိခဲ့တဲ့သူတွေမှာ ပိုဆိုးတာပေါ့။ ဒါပေမယ့် အရက်က မြန်မြန်အိပ်မောကျစေပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့တော့ခဲယဉ်းစေပါတယ်။ အိပ်မက်ဆိုးတွေလည်း မက်ပါလိမ့်မယ်။

ခေါင်းကိုက်လာမယ်။ တချို့သူတွေမှာ ခေါင်းကိုက်တာက အရက်ဖြတ်ချိန်မှာ ဖြစ်တတ်တဲ့ အဓိကအချက် တစ်ခုပါပဲ။ သွေးလည်း တိုးလာတတ်တယ်။ အရက်သောက်နေတဲ့အချိန်တုန်းကတော့ နာကျင်မှုကို ခံနိုင်နှုန်းက တတ်နေတဲ့အတွက် ဒီဟာတွေကို မခံစားမိခဲ့တာဖြစ်ပါတယ်။

 

ဒုတိယပတ်

အသည်းလည်း နာလန်ထလာမယ်။ အရက်ပုံမှန်သောက်လာတဲ့အခါ အသည်းဆဲလ်တွေ သေပြီး အမာရွတ်တွေဖြစ်ကုန်တယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အသည်းပျက်စီးတယ်ဆိုတာ တော်တော်အချိန်ယူပြီး ဖြစ်တတ်တဲ့ကိစ္စမို့ အရက်ဖြတ်လိုက်တဲ့အခါ အသည်းဟာ အချိန်နဲ့အမျှ အကောင်းအတိုင်းပြန်ဖြစ်လာနိုင် ပါတယ်။

အရေပြားအရောင်ပြောင်းလာမယ်။  နောက်ထပ် သိသာတဲ့အချက်တစ်ခုပေါ့။ အရက်က သွေးလည်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အရေပြားမှာ အောက်ဆီဂျင်အရနည်းစေတယ်။ အကျိုးဆက်ကတော့ မှဲ့ခြောက်တွေပေါ်လာတာ၊ အရေးအကြောင်းတွေစောပေါ်လာတာ၊ အသားအရေ မွဲခြောက်ခြောက်ဖြစ်လာတာတွေ ဖြစ်လာပါလိမ့်မယ်။ အရက်ဖြတ်တာ ကြာလာတာနဲ့အမျှ အရေပြားလည်း ပြန်နာလန်ထူလာပါလိမ့်မယ်။

အစာကြေနှုန်းမှန်လာမယ်။ အရက်က အစာကြေမြန်စေတဲ့အတွက် အရက်သောက်နေတဲ့အချိန်မှာ အစားများများစားမိတတ်တယ်။ အရက်ဖြတ်လာတဲ့အခါမှာတော့ အစာကြေနှုန်းမှန်လာပါလိမ့်မယ်။


တတိယပတ်

အရက်ဖြတ်လိုက်တဲ့အခါ ကျောက်ကပ်ကလည်း ပုံမှန်အလုပ်ပြန်လုပ်လာတဲ့အတွက် မျက်ကွင်းညိုတာတွေ၊ မျက်နှာဖောရောင်တာတွေလည်း တဖြည်းဖြည်း သက်သာလာပါလိမ့်မယ်။

အရက်က ကိုယ်ခန္ဓာရဲ့အိပ်စက်ခြင်းစနစ်ကို မှားယွင်းစေတာကြောင့် အရက်သောက်ထားတဲ့အခါ စောစောအိပ်ပျော်တတ်ပေမယ့် ခဏ ခဏပြန်နိုးတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် အရက်ဖြတ်ပြီး သုံးပတ်လောက်အကြာမှာတော့ အိပ်စက်ခြင်းစနစ်ဟာ ပုံမှန်ပြန်ဖြစ်လာပြီး မနက် မနက်တွေမှာ ကြည်ကြည်လင်လင် နိုးထလာနိုင်ပါလိမ့်မယ်။

အရက်က ခံတွင်းခြောက်စေတဲ့အတွက် သွားပျက်စီးနှုန်းမြန်စေပါတယ်။ အရက်ဖြတ်လိုက်တဲ့အခါမှာ သွားပိုးစားခြင်းကိုလျော့ကျစေပြီး သွားကြွေလွှာတွေလည်း အားကောင်းလာပါလိမ့်မယ်။ အချိန်ကြာလာတဲ့အမျှ အနံ့ခံအာရုံနဲ့ အရသာခံအာရုံလည်း ပြန်လည် နိုးကြားလာပါလိမ့်မယ်။


စတုတ္ထပတ်

နဂို ကိုယ်တွင်းအဆီဓာတ်များပြီး ဝတဲ့သူတွေမှာ အရက်ဖြတ်လိုက်တာ ကြာလာတာနဲ့အမျှ ပျမ်းမျှအားဖြင့် တစ်လကို ၆ ပေါင်ကနေ ၈ ပေါင်အထိ ကိုယ်အလေးချိန်ကျလာနိုင်ပြီး ကိုယ်ရည်စစ်လာပါလိမ့်မယ်။

အရက်က သွေးတိုးစေတတ်တဲ့အတွက် အရက်ဖြတ်လိုက်တဲ့အခါ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

အရက်ပုံမှန် သောက်ကျင့်ရှိတဲ့လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ နည်းနည်းချင်း ရောင်လာတတ်ပြီး ဦးနှောက်ဆဲလ်တချို့ဟာ အောက်ဆီဂျင်နည်းပြီး ပျက်ဆီးသွားရပါတယ်။ ဒီဖြစ်စဉ်ဟာ နှေးတဲ့အတွက် သတိမထားမိလောက်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့တဲ့အတွက် အထူး သတိထားသင့်တဲ့အချက်လည်း ဖြစ်ပါတယ်။

Ref: Brightside


       

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18