Print

သေရည်သေရက် လူကိုဖျက်

  06-Aug-2020
Preview Image

         သေရည်သေရက်ဆိုသည်မှာ သေတဲ့အရည်သေတဲ့အရက်ဟု ခေါ်ဆိုနိုင်ပါသည်။ အရက်များစွာကို သောက်သောသူတို့မှာ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတို့တွင် တစ်သက်လုံးထိခိုက်သွားစေနိုင်သည်။ အရက်ဆိုသည်မှာ အမျိုးသားဖြစ်သူက တစ်နေ့ကိုအရက်နှစ်ခါသောက်လျှင် (သို့မဟုတ်) အမျိုးသမီးက အရက်ကို တစ်နေ့တစ်ခါသောက်လျှင် ပြဿနာဖြစ်စေနိုင်သည်။ အရက်များစွာသောက်လျှင် ခန္ဓာကိုယ်မှ ဆဲလ်များ၊ အရေပြားများကို ထိခိုက်စေနိုင်သည်။ အရက်များများသောက်လျှင် အစားအသောက်ပျက်မည်။ အစားအသောက်ပျက်လျှင် အာဟာရ မရှိနိုင်တော့ပါ။


          အရက်၏ ပြဿနာတို့မှာ အရက်တွင်ပါသော အက်စစ်က အစာအိမ်၏ အပေါ်ယံလွှာကို ပျက်စီးစေသည်။ ခန္ဓာကိုယ်ထဲတွင် ယူရစ်အက်စစ် (Uric acid) များလျှင် ဂေါက်ရောဂါဖြစ်နိုင်သည်။ ဂေါက်ရောဂါဖြစ်လျှင် အဆစ်အမျက်များရောင်၍ ကိုက်ခဲနာကျင်သည်။ အရက်များစွာသောက်သူများသည် အသည်း၊ မုန့်ချိုအိတ် (Pancreas)၊ ပါးစပ်၊ လျှာ၊ လည်ချောင်း၊ အစာပြွန်ချောင်းတို့တွင် ကင်ဆာဖြစ်နိုင်သည်။ အရက်လည်းသောက်၊ ဆေးလိပ်လည်းသောက်သူများတွင် ပို၍ ကင်ဆာဖြစ်နိုင်သည်။ အချို့သူများတွင် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းစသည့် အသည်းနှင့် ပတ်သက်သောရောဂါများ ရနိုင်သည်။


          အရက်များစွာသောက်သူသည် ကိုယ်ခန္ဓာတွင် ပရိုတင်းဓာတ်၊ သတ္ထုဓာတ်၊ ဗီတာမင်ဓာတ် အထူးသဖြင့် ဗီတာမင်ဘီဝမ်းနှင့် ဘီကွန်ပလက်ဓာတ်များ ဆုံးရှုံးသည်။ အာရုံကြော၊ ကြွက်သားများ၊ နှလုံးနှင့် ဦးနှောက်တို့တွင် ပုံမှန် အလုပ်လုပ်ရန် Thiamine (ဗီတာမင် ဘီဝမ်း) ဓာတ်များစွာ လိုသည်။ ဗီတာမင် ဘီဝမ်းဓာတ် လျော့နည်းတဲ့အတွက် သတိမေ့ခြင်း၊ ကိုယ်လက်ထုံကျဉ်ခြင်း၊ ခြေလက်တုန်ကျဉ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်သည်။


          အရက်အလွန်အကျွံသောက်သူများမှာ သွေးတိုးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း တို့လည်း ဖြစ်နိုင်သည်။ အမျိုးသမီးများ သတိထားရန်မှာ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်လျှင် ကလေးပျက်ခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ပေါင်မပြည့်သောကလေးများ မွေးနိုင်သည်။ FDA မှ တစ်နေ့ကို အရက်ခြောက်ကြိမ်သောက်သော အမျိုးသမီးများ၏ သန္ဓေသားတွင် အသက်အန္တရာယ်ရှိသည်။ တစ်နေ့ကို အရက်နှစ်ခါသောက်သော အမျိုးသမီးများသည် ကျပ်မပြည့်သောကလေးများ မွေးနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များကို အရက်မသောက်ရန် တားမြစ်သည်။


          အရက်မူးသူများသည် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးတို့ မမောင်းသင့်၊ မစီးသင့်ပေ။ လှေကားအတက်အဆင်းများတွင်လည်း ချော်ကျပြီး အသက်ဆုံးရှုံးတတ်သည်။ အရက်နေ့စဉ်သောက်သူများသည် အိမ်သားများကို နေ့စဉ်ဒုက္ခပေးခြင်းဖြစ်သည်။ မိသားစု မပျော်ရွှင်ရပေ။ အရက်ကြောင့်စိတ်ပုံမှန်မဟုတ်ဘဲ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်၍ သူတစ်ပါးကို မယုံသင်္ကာဖြစ်ခြင်း၊ မနာလိုခြင်းများကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးတွင် အဆင်မပြေဖြစ်တတ်သည်။ စိတ်မူမမှန်၍ ဆင်ခြင်တုံတရားမရှိကာ ငြင်းခုံ၍ ပြဿနာရှာခြင်း၊ မိသားစုကို နှိပ်စက်ညှဉ်းပန်းခြင်း၊ ကလေးများကို ရိုက်နှက်ခြင်း၊ လူသတ်မှုဖြစ်ခြင်း၊ အလုပ်ပြုတ်ခြင်း၊ ကားတိုက်ခြင်း စသည့် အကုသိုလ်များ ဝင်လာနိုင်သည်။ အိမ်တစ်အိမ်တွင် မိသားစု၏ အိမ်ထောင်ဦးစီးနှင့် မိဘလုပ်သူများက ရှေ့အနာဂတ်တွင် လူတော်လူကောင်းများ၊ လူလိမ္မာများ၊ လူယဉ်ကျေးများဖြစ်လာမည့် မိမိတို့၏ရင်သွေး၊ သားသမီးများရှေ့တွင် သေရည်သေရက်များ သောက်ပြခြင်းတို့ကို ဆင်ခြင်စဉ်းစား၍ ရှောင်ကြဉ်သင့်ပါသည်။

 Credit : ယုဝတီခင်ဦး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18