Print

ပါးစပ်ထဲက သဲလွန်စအနာတွေ

  13-Aug-2020
Preview Image

          လူနာတစ်ယောက်ကို ဆေးမကုခင် ရောဂါအဖြေရှာတွေ့ဖို့ အခြေခံစမ်းသပ်စစ်ဆေးမှုကို မဖြစ်မနေလုပ်ကြရပါတယ်။ မျက်စိနဲ့ မြင်ရတွေ့ရနိုင်တဲ့ အရာတွေကို ဦးစွာကြည့်ရတာပါ။ အရေပြား၊ ဆံပင်၊ လက်သည်း၊ ခြေသည်း၊ မျက်စိ၊ နှုတ်ခမ်းတို့အပြင် ပါးစပ်ထဲကိုလည်း လိုအပ်ရင် ကြည့်ရပါတယ်။

          ပါးစပ်ထဲမှာ ရောဂါတွေရဲ့ သဲလွန်စတွေ အများကြီးရှိပါတယ်။

          ခေတ္တယာယီဖြစ်တာ၊ နာတာရှည်ဖြစ်တာ၊ မကြာခဏပြန်ပြန်ဖြစ်တတ်တာတွေရှိသလို အပရိကအနာမှသည် ကင်ဆာအထိအမျိုးမျိုးပါ။ မတော်တဆလျှာကို ကိုက်မိတဲ့အနာမျိုး၊ Apthous Ulcer အမည်ရ စိတ်ဖိစီးရင် ပေါက်လာတဲ့ အလွန်နာကျင်တဲ့အနာမျိုးတွေမှသည် စီးကရက် ဘူးခွံတွေပေါ်မှာပါတဲ့ ခံတွင်းကင်ဆာတွေအထိပေါ့။

          ကလေးငယ်မှသည် လူကြီးလူအိုတွေအထိ တွေ့ရတတ်ပါတယ်။ ပါးစပ်ထဲမှာ ပင်တိုင်ရှိတတ်တဲ့ မှိုတွေအကောင်ရေ များသွားလို့ပါ။ အထူးသဖြင့် ကိုယ်ခံအားကျတဲ့သူတွေ၊ HIV/AIDS လူနာတွေ၊ အာဟာရချို့တဲ့သူတွေ၊ ကင်ဆာရောဂါစွဲကပ်သူတွေ၊ ဆီးချိုရှိသူတွေမှာလည်း ပါးစပ်ထဲမှာ ဖြူဝါဝါမှိုတွေ ရှိတတ်ပါတယ်။ စတီးရွိုက်သောက်ဆေးတွေ ပိုးသတ်ဆေးတွေ ရေရှည်စွဲသောက်နေရသူတွေမှာလည်း မှက္ခရုစွဲနိုင်တာပါပဲ။


ဝက်သက်

          ကလေးအပြင်းဖျားရင် တစ်ခါတစ်လေ အဖြေရှာရ ခက်တတ်ပါတယ်။ နှာရည်ယို၊ မျက်စိရဲ၊ ချောင်းဆိုးပြီး သုံးလေးရက်ကြာမှ ဝက်သက်ဖုတွေ ပေါက်တာကိုး။ ဒါပေမယ့် စောစောစီးစီး သိချင်ရင် ပါးစပ်ထဲမှာ ဝက်သက်ရဲ့ ရှေ့ပြေးလက္ခဏာကို တွေ့ရနိုင်ပါတယ်။ Koplik Spots ဆိုတဲ့ ဆားပွင့်လို အဖြူစက်တွေပါ။ ပါးစောင်မှာ အာခေါင်မှာ တွေ့ရတာပါ။ ကလေးက အပြင်းလည်း ဖျားတယ်၊ ဒီအစက်တွေလည်း တွေ့ရတယ်ဆိုရင် ဝက်သက်ဆိုပြီး စောစောစီးစီး အမည်တပ်လို့ရသွားပြီပေါ့။


လက်၊ ခြေ၊ ပါးစပ်ရောဂါ

          သုံးခုစပ်ရောဂါတစ်မျိုးပါ။ Hand, Foot and Mouth Disease တဲ့။ ထူးထူးခြားခြားလက်ရော၊ ခြေရော ပါးစပ်ပါ သုံးနေရာစလုံးထိတဲ့ ရောဂါပါ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ စောစောက ပြောတဲ့ဝက်သက်လို ကူးစက်ရောဂါပါ။ ကလေးတွေမှာပဲ အဓိကဖြစ်တာပါ။ ဖျားတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ လည်ချောင်းနာတာ၊ ခံတွင်းပျက်တာတွေအပြင် ခြေဖဝါးနဲ့ လက်ဖဝါးမှာ နီနီရဲရဲအဖု၊ အစက်တွေ၊ အရည်ကြည်ဖုတွေ ပေါက်တာပါ။ ထူးခြားတာက မနာ၊ မယားပါပဲ။


အရေပြားလေးဖက်နာ

          SLE ဆိုတဲ့ အရေပြားလေးဖက်နာက ကိုယ်ခံအား စံချော်လို့ဖြစ်တဲ့ရောဂါဆိုတော့ စောစောစီးစီးသိကာမှ တော်ကာကျပါတယ်။ နီနီရဲရဲနဲ့ နေထိရင် ပိုကြွ၊ ပိုဆိုးတဲ့အကွက်တွေ၊ ဆံပင်ကျွတ်တာတွေအပြင် ပါးစပ်ထဲမှာ အနာပေါက်တာလည်း အဓိကပါဝင်ပါတယ်။ တချို့က နာပေမယ့် တချို့က မနာဘူးတဲ့။


လိုင်ကင်ပလေနပ်

          Lichen Planus ဆိုတဲ့ ယားနာအရေပြားရောဂါတစ်မျိုးက အရေပြားပေါ်မှာ အလွန်ယားတဲ့ ခရမ်းနုရောင် ခပ်ပြားပြားအကွက်တွေပေါ်တဲ့ရောဂါပါ။ အရေပြားတင်မက ပါးစပ်ထဲ၊ ပါးစောင်ထဲ၊ နှုတ်ခမ်းတွေမှာပါ အနာပေါက်တတ်ပါတယ်။ တစ်ခါတစ်လေ အရေပြားမှာ ဘာမှမရှိပေမယ့် ပါးစပ်ထဲမှာပဲ ဒီရောဂါက ရှိနေတတ်တာမျိုးပါ။ လေ့လာမှုတစ်ခုမှာတော့ လိုင်ကင်ပလေနပ်ရောဂါရှိသူတွေရဲ့ ၁၆.၆ ရာခိုင်နှုန်းမှာ ပါးစပ်နာရှိတယ်ဆိုပဲ။


စစ်ဖဘစ်အနာ

          လိင်မှုရှုပ်ပွေသူတွေမှာ ကူးစက်တဲ့ရောဂါပေါ့။ ဒါပေမယ့် လိင်ဆက်ဆံမှုအနေအထား အသွင်ပြောင်းလာတာကြောင့် ပါးစပ်ထဲလည်း အနာဖြစ်ပါလေရော။ ပါးစပ်ထဲက စစ်ဖလစ်အနာပေါ့။ လိင်အင်္ဂါမှာဖြစ်တဲ့ စစ်ဖလစ်အနာလိုပဲ မနာမကျင်ဆိုတော့ ဘာသိဘာသာရှိနေတာ များပါတယ်။ အကြောင်းတစ်ခုခုကြောင့် သွားဘက်ဆိုင်ရာ ဆရာဝန်တွေဆီ သွားပြတဲ့အခါကျမှ တွေ့တော့တာပါ။ အသားစ ယူ၊ သွေးစစ် စသဖြင့် လုပ်ကြရတာပါ။


ယုန်ထင်ကြောင်ထင်ဖြစ်ရာ ဘီးချက်နာ

          လိင်မှုကိစ္စကင်းရှင်းပါလျက်နဲ့ လိင်အင်္ဂါမှာ အနာဖြစ်တယ်၊ နာတယ်။ ပြီးတော့ ပါးစပ်ထဲမှာလည်း နာတဲ့အနာပေါက်ပါတယ်။ ဒါ့အပြင် မျက်စိလည်း နီနီရဲရဲနဲ့။ တစ်ခါတစ်လေ အရိုးအဆစ်တွေလည်း ကိုက်ပါသေးတယ်။ ရှေ့ပိုင်းမှာပြောခဲ့တဲ့ ခြေ၊ လက်၊ ပါးစပ်ရောဂါလို သုံးနေရာတင်မကဘဲ လေးငါးနေရာလောက်အထိ နှိပ်စက်တဲ့ ရောဂါဆန်းပါ။ ကိုယ်ခံအားတုံ့ပြန်မှုနဲ့ သက်ဆိုင်တဲ့ သွေးကြောငယ်တွေရောင်တဲ့ရောဂါလို့ ဆိုပါတယ်။ ကာလသားရောဂါတွေနဲ့ လုံးဝမပက်သက်ပါဘူး။ ဒီတော့ ပါးစပ်နာ၊ လိင်အင်္ဂါအနာ၊ မျက်စိနာ တစ်ပြိုင်တည်းစုံနေရင် ဘီးချက်ရောဂါလားလို့ စဉ်းစားစရာပါ။ အိမ်ထောင်ရှိသူတွေဆိုရင် လင်မယားချင်း အထင်မမှားကြပါနဲ့။


အရည်ကြည်ဖုပေါက်တဲ့ရောဂါ

          အရေပြားပေါ်မှာ မီးလောင်ဖုလို အရည်ကြည်ဖုပါးပါးလေးတွေ ပေါ်လာလိုက်၊ ကွဲသွားလိုက်၊ အနာဖြစ်ကျန်လိုက်နဲ့ အရေပြားဟာ အရည်တစိုစိုနဲ့ပါ။ ဒီရောဂါဟာ အော်တိုအင်မျူးဆိုတဲ့ ကိုယ်ခံအားစံချော်တဲ့ ပြဿနာရဲ့ အကျိုးဆက်ပါ။ မျက်နှာ၊ ခေါင်း၊ ရင်ဘတ်၊ ဗိုက် စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ ချိုင်းတို့၊ ပေါင်ခြံတို့မှာလည်း ဖြစ်တာပါပဲ။ တကယ်တော့ ဒီရောဂါရဲ့ ကနဦးအစဟာ ပါးစပ်ထဲကလို့တောင် ပြောနိုင်ပါတယ်။ အရေပြားမှာ ခုနက ပြောတဲ့လက္ခဏာတွေ မဖြစ်ခင် ပါးစပ်ထဲမှာ အရင်ဆုံးစပြီး ဖြစ်လေ့ရှိတာမို့ပါ။


ပါးစပ်ထဲမှာ ထူးခြားမှု ရှိ၊ မရှိ

          သွားနာ၊ သွားကိုက်မှ သွားဘက်ဆိုင်ရာဆရာဝန်တွေဆီကို ပြသတာမျိုးထက် မိမိပါးစပ်ထဲမှာ ထူးခြားတဲ့ အနာတစ်စုံတစ်ရာရှိခဲ့ရင် ဆရာဝန်တွေကို ပြသဖို့လိုပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ် ရေယုန်တို့၊ စိတ်ဖိစီးမှုအနာတို့က အကြောင်းမဟုတ်ပေမယ့် စောစောက ဆွေးနွေးခဲ့တဲ့ ရောဂါကြီးတွေနဲ့ တစ်စုံတစ်ရာပက်သက်မှုတွေလည်း ရှိနိုင်တာကြောင့် အရပ်စကားနဲ့ ပြောရရင် လျှော့တွက်လို့ မရပါဘူး။ ဆရာဝန်တွေအတွက်ကတော့ ပါးစပ်လေး ဖြဲခိုင်းပြီး ခဏတဖြုတ်စစ်ဆေးလိုက်တာနဲ့ ရောဂါရဲ့သဲလွန်စတွေ ရကောင်းရနိုင်ပါတယ်။ တကယ်တော့ ပါးစပ်ထဲမှာ အဖြေရှိနိုင်ပါတယ်။

Credit : ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18