Print

လည်ပင်းသိုင်းရွိုက်ဂလန်း ပုံမှန်အလုပ်မလုပ်တဲ့ လက္ခဏာများ

  27-Aug-2020
Preview Image

          သိုင်းရွိုက်ဂလန်းဆိုတာ လည်ပင်းရှေ့ လည်စေ့ရဲ့အောက်က ဂလန်းတစ်ခုဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် သေးတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ပုံမှန်လည်ပတ်စေမယ့် အရေးကြီးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလန်းပုံမှန် အလုပ်မလုပ်တဲ့အခါ ကနဦးပြတတ်တဲ့ ရောဂါလက္ခဏာများကို လေ့လာကြည့်ခြင်းအားဖြင့် နောက်ဆက်တွဲ ရောဂါအခြေအနေဆိုးများ မဖြစ်အောင် သတိပြုသင့်ပါတယ်။


၁။ အသားအရေ ခြောက်ခြင်း၊ ကြမ်းခြင်း၊ ထူခြင်း

သိုင်းရွိုက်ဟော်မုန်းဓာတ် သာမန်ထက်နည်းတဲ့အခါ အရေပြားမှာ ကယ်လစီယမ်ဓာတ်တွေ အနည်ထိုင်တဲ့အတွက် အရေပြားကြမ်းတာ၊ ခြောက်တာ၊ ထူတာမျိုးတွေဖြစ်တတ်ပါတယ်။


၂။ ဆံပင်အကျွတ်များပြီး သိသိသာသာပါးလာခြင်း

သိုင်းရွိုက်ဟော်မုန်းဓာတ်တွေ အထွက်များရင် ဆံပင်တွေ ပါးပါးလာတတ်သလို ဟော်မုန်းအထွက်နည်းရင်လည်း ဆံပင်တွေအကျွတ်များလာတတ်ပါတယ်။


၃။ ဝမ်း ပုံမှန်မသွားခြင်း

သိုင်းရွိုက်ဟော်မုန်းဟာ အူလမ်းကြောင်း မှန်မှန်လှုပ်ရှားဖို့အတွက် သိပ်ကို အရေးကြီးတဲ့အတွက် ဟော်မုန်းအထွက်နည်းတဲ့အခါ ဝမ်းအရမ်းချုပ်တတ်ပြီး ဟော်မုန်းပိုထွက်နေတဲ့အခါ ဝမ်းသွားတဲ့ အကြိမ်ရေ အရမ်းများလာတတ်ပါတယ်။


၄။ စိတ်ကျခြင်း၊ စိတ်ဆတ်ခြင်

အရင်နဲ့မတူဘဲ သိသိသာသာ စိတ်ဆတ်လာတာ၊ စိတ်ရှုပ်ထွေးမှုများလာတာ စတဲ့ စိတ်အတက် လက္ခဏာတွေရှိနေရင် သာမန်ထက် သိုင်းရွိုက်ဟော်မုန်းများနေတာကြောင့် ဖြစ်တတ်ပြီး စိတ်ဓာတ်တွေကျကျနေတာ၊ အမြဲလိုလိုထိုင်းမှိုင်းနေတတ်ရင်တော့ ဟော်မုန်းနည်းနေတာကြောင့် ဖြစ်တတ်ပါတယ်။


၅။ အပူအအေးမခံနိုင်ခြင်း

သိုင်းရွိုက်ဂလန်းဟာ ကိုယ်ခန္ဓာသာမန်အပူချိန်ကို ထိန်းညှိပေးတဲ့နေရာမှာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပုံမှန်ထက် သိုင်းရွိုက်ဟော်မုန်း အထွက်များတဲ့သူတွေမှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအရမ်းသွက်လာတဲ့အတွက် သာမန်ထက်ပိုပြီး ပူတတ်လာတာ၊ အမြဲလိုလို ချွေးတွေစို့နေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဟော်မုန်းအထွက်နည်းနေရင်တော့ သာမန်ထက်ပိုပြီး ပတ်ဝန်းကျင်အအေးဒဏ်ကို ခံနိုင်ရည်နည်းလာတတ်ပါတယ်။


၆။ ကိုယ်အလေးချိန်ပုံမှန်မဖြစ်ခြင်း

ဆိုခဲ့တဲ့အတိုင်း သိုင်းရွိုက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ ပုံမှန်လည်ပတ်စေတဲ့အတွက် ဟော်မုန်းအထွက်များလေ၊ ဇီဝဖြစ်စဉ်လည်ပတ်မှုများလေ၊ ကယ်လိုရီကျလေ၊ ကိုယ်အလေးချိန်ကျပြီး ပိန်လာလေဖြစ်ပြီး ဟော်မုန်းအထွက်နည်းနဲ့သူတွေမှာတော့ ဆန့်ကျင်ဘက်အားဖြင့် ၀၀လာမှာပဲဖြစ်ပါတယ်။


၇။ ဓမ္မတာလာရက် ပုံမှန်မဖြစ်ခြင်း

သိုင်းရွိုက်ဟော်မုန်းတွေအထွက်နည်းတဲ့အခါ ဓမ္မတာလာရက်တွေ ရှည်ကြာနေတတ်ပြီး ပမာဏလည်း များတတ်ပါတယ်။ သာမန်ထက်ဟော်မုန်းအထွက်များရင်တော့ ရာသီလာရက်တွေနည်းသွားပြီး လစဉ်ပုံမှန်လာဖို့တောင် ခဲယဉ်းတတ်ပါတယ်။


၈။ ဦးနှောက်စွမ်းရည်ကျဆင်းခြင်း

သိုင်းရွိုက်ဟော်မုန်းများတဲ့အခါ အာရုံစူးစိုက်ရခက်လာပြီး စိတ်ဂနာမငြိမ်ဖြစ်တတ်ပါတယ်။ ဟော်မုန်းအထွက်နည်းရင်တော့ မှတ်ဉာဏ်အားနည်းလာတတ်ပြီး မေ့တတ်လာကြပါတယ်။


၉။ လည်ပင်းကြီးလာခြင်း

ဒီလက္ခဏာကတော့ တော်တော်များများသိပြီး ဖြစ်ကြမှာပါ။ ဟော်မုန်းဓာတ် ကျသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ သိုင်းရွိုက်ဂလန်းကို အရွယ်အစားကြီးစေပြီး သူရှိတဲ့လည်ပင်းနေရာက တုတ်နေသလို အကျိတ်ဖြစ်နေသလို မြင်ရတတ်ပါတယ်။


၁၀။ နှလုံးခုန်နှုန်းပြောင်းလာခြင်း

သိုင်းရွိုက်ဟော်မုန်းသာမန်ထက်နည်းတဲ့အခါ ကိုယ်လက်လေးတိလေးကန်ဖြစ်တဲ့အပြင် နှလုံးခုန်နှုန်းပါ နှေးလာတတ်သလို ဟော်မုန်းများလာတဲ့အခါမှာလည်း စိတ်မြန်လက်မြန်နဲ့ နှလုံးခုန်နှုန်းတွေပါ မြန်နေတတ်ပါတယ်။

          အဲဒီလို တစ်ခုမကတဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့ သိုင်းရွိုက်ရောဂါ အဖြစ်များတဲ့ သူတွေကတော့ အမျိုးသမီးတွေ၊ အထူးသဖြင့် အသက် ၆၀ နဲ့အထက် အမျိုးသမီးတွေနဲ့ မိသားစုမျိုးရိုးမှာ သိုင်းရွိုက်ရောဂါဖြစ်ဖူးတဲ့သူတွေပဲ ဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ အသက်ငယ်တဲ့သူတွေမှာ လုံးဝမဖြစ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် မှန်ကြည့်ရင်းပဲဖြစ်ဖြစ် လည်စေ့အောက်ဘက်နားက သိုင်းရွိုက်ဂလန်းနေရာကို ရံဖန်ရံခါ အကဲခတ်ကြည့်ရင်း ဒါမှမဟုတ် ပုံမှန် လက်နဲ့အသာ စမ်းသပ်ကြည့်ရင်း သာမန်မဟုတ်ဘဲ ဖောင်းနေတာတို့၊ အလုံး၊ အဖု၊ အကျိတ်ဖြစ်နေတာတို့ တွေ့မိတဲ့အခါ အချိန်မဆိုင်းဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ စစ်ဆေးကြည့်သင့်ပါတယ်။

 

Dr KZT

Ref : Brightside

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18