Print

ကျောက်ကပ်ရောဂါဖြစ်ပွားမှုမှ ကင်းဝေးရန် လိုက်နာသင့်သည်များ

  03-Sep-2020
Preview Image

ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ။

          သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထားစားသုံးတာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစာတွေ၊ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေ၊ ဆီကြော်စာတွေနဲ့ အချိုစာတွေ စားသုံးတာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ကယ်လိုရီများတဲ့အစာတွေနဲ့ ဆားများတဲ့အစာတွေ လျှော့စားပါ။


ရေများများသောက်ပါ

          ရေများများသောက်တာက ကျောက်ကပ်ကနေ ဆိုဒီယမ်၊ ယူရီးယားနဲ့ အဆိပ်အတောက်တွေ ဖယ်ရှားရှင်းလင်းဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ ကျောက်ကပ်လုပ်ငန်းတွေ ကောင်းမွန်စေပြီး ခန္ဓာကိုယ်လည်း ကျန်းမာစေပါတယ်။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုးမှာ ရေဝအောင် သောက်ပါ။


အကျိုးပြုဘက်တီးရီးယား စားသုံးပါ

          အကျိုးပြုဘက်တီးရီးယားတွေ နေ့စဉ်စားသုံးပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ အညစ်အကြေးနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တာတွေကို စွန့်ပေးတဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင်အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။


ဖော့စ်ဖရပ်စ် လျှော့ချပါ

          ခန္ဓာကိုယ်ထဲမှာ ဖော့စ်ဖရပ်စ်တွေ များနေပါက ကျောက်ကပ်က အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ အရိုး၊ နှလုံးနဲ့ တစ်သျှူးပြဿနာတွေမှာ သွေးတွင်းဖော့စ်ဖရပ်စ်များနေတတ်ပါတယ်။ ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်၊ တာရှည်ခံအောင်ပြုပြင်ထားတဲ့ အစာစတာတွေ စားသုံးမှုများပါက သွေးတွင်း ဖော့စ်ဖရပ်စ်တွေများနိုင်ပါတယ်။


ကျောက်ကပ်ကို ထိခိုက်တဲ့ဆေးတွေ မသောက်ပါနဲ့

          ဆေးဆိုင်တွေကနေ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဆေးတွေဖြစ်တဲ့အကိုက်အခဲပျောက်ဆေး၊ နာကျင်မှုသက်သာစေတဲ့ တချို့ဆေးတွေက ပုံမှန်စွဲသောက်ပါက ကျောက်ကပ်ကိုထိခိုက်နိုင်တာမျိုးတွေလည်း ရှိပါတယ်။ သင့်မှာ အရိုးအဆစ်ရောင်ရမ်း နာကျင်မှုတွေ ခံစားနေရလို့ အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်နေရပါက ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုပါတယ်။


ကျန်းမာရေးနဲ့ မညီတဲ့အလေ့အထတွေကို စွန့်လွှတ်ပါ

          အရက်အလွန်အကျွံသောက်တာက အသည်းကို ထိခိုက်ပျက်စီးစေသလို ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်တာက အဆုတ်ကို ထိခိုက်စေသလို ကျောက်ကပ်ကိုလည်းထိခိုက်စေနိုင်တယ်ဆိုတာ သိရှိပြီး အရက်နဲ့ ဆေးလိပ်သောက်သုံးမှုတွေကို စွန့်လွှတ်ဖို့ လိုပါတယ်။


မိသားစုရောဂါရာဇဝင်ကို သိရှိပါစေ

          မိသားစုရဲ့ ရောဂါရာဇဝင်ကို သိရှိထားပါက သင့်ကျန်းမာရေးအတွက် ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ ကြိုတင်စီစဉ်နိုင်ပါတယ်။ သင့်မိဘ ဒါမှမဟုတ် ဆွေမျိုးတွေထဲမှာ ကျောက်ကပ်ရောဂါဖြစ်ဖူးသူရှိပါက ကြိုတင်ကာကွယ်မှုတွေကို ဆောင်ရွက်ထားဖို့ လိုပါတယ်။ ကျောက်ကပ်တွေ ကောင်း၊ မကောင်း ကြိုတင်စစ်ဆေးပါ။ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့အရာတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပါ။


သွေးတွင်း သကြားကို ထိန်းညှိပါ

          ဆီးချိုသွေးချိုရောဂါက ခန္ဓာကိုယ်တွင်းအင်္ဂါအတော်များများကို ဖျက်ဆီးပြီး ကျောက်ကပ်ပျက်စီးဖို့အခွင့်အလမ်းများပါတယ်။ ဆီးချိုသွေးချိုရှိသူတွေ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားနိုင်ပါက ၅ - ၁၀ နှစ်အတွင်း ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ နာတာရှည်ဖြစ်လာပါက နောက်ဆုံးမှာ ကျောက်ကပ်ဆေးတာ ဒါမှမဟုတ် ကျောက်ကပ်အစားထိုးတာတွေအထိ ကုသမှုခံယူရပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ ကျောက်ကပ်ကို ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။


ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

          ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ ဘဝနေထိုင်မှုပုံစံက ကျန်းမာရေးပြဿနာတွေ များစွာဖြစ်ပွားဖို့ ဖိတ်ခေါ်နေသယောင်ပါ။ သွေးဖိအားမြင့်မားတာ၊ နှလုံးရောဂါ၊ အဝလွန်ရောဂါ၊ ဆီချိုသွေးချိုရောဂါစတာတွေ ဖြစ်ပွားနိုင်ခြေများပြီး နောက်ဆက်တွဲကျောက်ကပ်ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ပါက သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ သွေးတွင်းကိုလက်စထရောနဲ့ ကိုယ်အလေးချိန်တွေကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။


သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပါ

          သွေးတိုးရောဂါရှိသူတွေဟာ လေဖြတ်တာ၊ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေများတဲ့အပြင် ကျောက်ကပ်ရောဂါတွေ ဖြစ်ပွားနိုင်ခြေများပါတယ်။ မိဘမျိုးရိုးမှာ သွေးတိုးရောဂါရှိသူ၊ ကျောက်ကပ်ရောဂါရှိသူတွေရှိပါက သွေးဖိအားကို နေ့စဉ်ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ သွေးတိုးရောဂါရှိသူတွေအနေနဲ့လည်း သွေးဖိအားကို နေ့စဉ်စစ်ဆေးပြီး ပုံမှန်သွေးဖိအားရအောင် ထိန်းသိမ်းထားဖို့လိုပါတယ်။ သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း စစ်ဆေးပြီး ပုံမှန်ဖြစ်အောင် ထားရှိပါ။


ဆားလျှော့စားပါ

          ဆား စားများတာကြောင့် သွေးဖိအားမြင့်မားစေပြီး ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းစတာတွေ စားသုံးတာက ဆားအများအပြားစားသုံးမိစေပါတယ်။ အဆင်သင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ်၊ အာလူးချောင်းကြော်၊ အစေ့အဆန်တွေမှာလည်း ဆားများစွာပါဝင်ပါတယ်။ ဆားက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ရေပြန်ဆွဲထားတာကြောင့် သွေးဖိအား မြင့်မားစေပါတယ်။ သွေးဖိအားမြင့်မားတာကြောင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့်အစားအစာတွေ ဝယ်ယူတဲ့အခါ ဆားပါဝင်မှုကို သေချာစွာ ဖတ်ရှုပြီးမှသာ ဝယ်ယူသင့်ပါတယ်။


ပရိုတင်းအလွန်အကျွံ စားသုံးမှုကို လျှော့ပါ

          ပရိုတင်းရရှိနိုင်တဲ့ အနီရောင်အသားတွေ အလျွန်အကျွံစားသုံးတာကြောင့် ကျောက်ကပ်ကို အလုပ်ပိုစေပါတယ်။ အသားတွေအများအပြားစားသုံးတာကြောင့် ကျောက်ကပ်က နှစ်ဆပို အလုပ်လုပ်ရပါတယ်။ အမြဲတမ်း အလုပ်ပိုလုပ်ရတဲ့အခါ ကျောက်ကပ်ဆဲလ်တွေ အားနည်းပြီး သေဆုံးကုန်ပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါး၊ အသား၊ ထမင်းတို့ကို ညီညွတ်မျှတစွာ စားသုံးဖို့ လိုပါတယ်။


ဗီတာမင်စီ အများအပြားမသုံးစွဲပါနဲ့

          ဗီတာမင်စီ ပမာဏများများ ဖြည့်စွက်သောက်သုံးတာကြောင့် ကျောက်ကပ်ကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ ဗီတာမင်စီကို တစ်နေ့ ၂၀၀၀ မီလီဂရမ်ဖြည့်စွက်သောက်သုံးတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေ များပါတယ်။ ကျောက်ကပ်ကို မထိခိုက်စေဖို့ တစ်နေ့ ဗီတာမင်စီ ၅၀၀ မီလီဂရမ်သာ ဖြည့်စွက်သောက်သုံးသင့်ပါတယ်။


ကျောက်ကပ်စစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပါ

          သွေးစစ်ဆေးမှုပြုလုပ်ပြီး ကျောက်ကပ်လုပ်ဆောင်မှု ကောင်း၊ မကောင်း သိရှိနိုင်ပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့ ကျောက်ကပ်ရောဂါရှိ၊ မရှိ ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။ ကျောက်ကပ်ရောဂါတွေက ဖြစ်လာမှ ကုသမယ်ဆိုရင် ငွေကုန်ကြေးကျများပြီး ခက်ခက်ခဲခဲ ကုသရတာကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်ပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18