Print

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးထားသင့်သလဲ

  05-Sep-2019
Preview Image

          သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပေါ်လာတာ ၁၀ နှစ်ပဲရှိပါသေးတယ်။ စစ်တမ်းတွေ၊ သုတေသနတွေ လုပ်တာအရတော့ တစ်ခါထိုးထားပြီးရင် နောက်ထပ် ထပ်ပြီး ထပ်ဆောင်းထိုးဖို့ မလိုပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ ကိုးနှစ်ကျော်ကြာတဲ့အထိ သွေးထဲမှာ ဒီရောဂါကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းလုံလုံလောက်လောက်ရှိတယ်လို့ ပြောပါတယ်။  အခုအချိန်အထိ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးရင် နောက်ထပ် ထပ်တိုးဖို့ မလိုသေးပါဘူး။


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါသလား

          တချို့တွေဆေးမတည့်တာရှိတယ်ဆိုတာ ကြားဖူးတယ်ဆိုပေမယ့် ဆိုးဆိုးရွားရွား ဘာအန္တရာယ်မှဖြစ်တာ မတွေ့ရသေးပါဘူး။


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပြီးသွားတဲ့အခါ ဘယ်လောက်ကြာကြာ ကာကွယ်မှု ပေးနိုင်ပါသလဲဆရာမ။

          သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ပိုးတွေ အများကြီးရှိပါတယ်။ ကြွက်နို့ဗိုင်းရပ်ပေါင်းများစွာ ရှိပါတယ်။ အဖြစ်များတဲ့ ပိုးကောင်နှစ်ကောင်၊ လေးကောင်ကိုပဲ ကာကွယ်တာဖြစ်လို့ အဖြစ်နည်းတဲ့၊ ရှားပါးတဲ့ကောင်တွေ ကူးခံရတယ်ဆိုရင်တော့ ဒီကာကွယ်ဆေးက ကင်ဆာမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ နောက်တစ်ခု သိထားသင့်တာကတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးထားပြီးပြီ၊ တစ်သက်လုံးသားအိမ်ခေါင်းကင်ဆာ မဖြစ်တော့ဘူးလို့တော့ ၁၀၀ ရာခိုင်နှုန်း စိတ်ချထားလို့ မရပါဘူး။ ၉၀ ရာခိုင်နှုန်းကျော်ပဲ ကာကွယ်နိုင်တာဖြစ်လို့ ရာခိုင်နှုန်းနည်းနည်းလေးတော့ ကင်ဆာဖြစ်နိုင်ခြေရှိပါသေးတယ်။ ဒါကြောင့် တစ်သက်လုံး မဖြစ်နိုင်ဘူးဆိုပြီး နေလို့မရပါဘူး။ ဒုတိယအဆင့် ကာကွယ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်။ အိမ်ထောင်ကျပြီးပြီ၊ ကလေးတွေမွေးပြီးပြီဆိုရင်တော့ ဒုတိယအဆင့် ကာကွယ်ခြင်းကို ဆက်လုပ်ဖို့ လိုပါတယ်။


သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ကာကွယ်ဆေးထိုးတာအပြင်နောက်ထပ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ပြောပြပေးပါ

          သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးသင့်တယ်။ ပိုးရှိမှန်း မရှိမှန်း မသေချာရင် ကွန်ဒုံးသုံးသင့်တယ်။ မိမိရဲ့ အိမ်ထောင်ဖက်အပြင် တခြားလိင်ဆက်ဆံဖက်တွေပါ ရှိတယ်ဆိုရင်လည်း ကွန်ဒုံးသုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ နောက်တစ်ခုကတော့ ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်သူတွေမှာ တခြားသူတွေထက် သားအိမ်ခေါင်းကင်ဆာပိုဖြစ်ပါတယ်။ တော်တော်များများ အမျိုးသမီးတွေက ပိုးကူးစက်ပြီးသားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူ့ကိုယ်ခံအားနဲ့သူ ပြန်ကောင်းသွားပါတယ်။ ဆေးလိပ်သောက်တယ်ဆိုရင်တော့ ကင်ဆာဘက်ကို ပြောင်းသွားပါတယ်။ ဒါက ပထမအဆင့် ကာကွယ်ခြင်းပါ။


ဒုတိယအဆင့် ကာကွယ်ခြင်း

          ဒုတိယအဆင့် ကာကွယ်ခြင်းကတော့ ဘဝမှာ အမျိုးသားနဲ့ တစ်ကြိမ်တစ်ခါလောက် လိင်ဆက်ဆံဖူးတယ်ဆိုရင်တောင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေရှိတဲ့ အုပ်စုထဲပါသွားပါပြီ။ အိမ်ထောင်ပြုထားတာမဟုတ်လဲ တစ်ကြိမ်တစ်ခါလောက် လိင်ဆက်ဆံဖူးတာနဲ့ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ အမျိုးသားအဆင့်စီမံချက်အရ အသက် ၃၀ ကနေ အသက် ၆၅ အတွင်း အမျိုးသမီးတွေအနေနဲ့ ကင်ဆာရှိ၊ မရှိ တစ်ကြိမ်တော့ ခံယူသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ၅ နှစ်တစ်ကြိမ် စစ်ဆေးမှုကို ပုံမှန်ခံယူသင့်ပါတယ်။ မစစ်ဆေးနိုင်ရင်တောင် တစ်ကြိမ်တော့ စစ်ဆေးမှု ခံယူသင့်ပါတယ်။ အသက် ၆၅ နှစ်အထိ စစ်ဆေးသင့်ပါတယ်။ အပျိုကြီးစစ်စစ်တွေ စစ်ဆေးဖို့ မလိုပါဘူး။


သားအိမ်ခေါင်းကင်ဆာရောဂါရှိ၊ မရှိ ဘယ်နှနည်းနဲ့ စစ်ဆေးလို့ ရပါသလဲ

          အချွဲမြှေးစစ်တာကို သုံးနှစ်တစ်ကြိမ်စစ်သင့်ပြီး တခြားနည်းတွေနဲ့ စစ်မယ်ဆိုရင်တော့ ငါးနှစ်တစ်ကြိမ် စစ်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စစ်ကိုစစ်သင့်ပါတယ်။ တစ်ခါမှမစစ်ဖူးတာနဲ့စာရင်တော့ တစ်သက်လုံးမှာ တစ်ကြိမ်လောက်တော့ စစ်သင့်ပါတယ်။

          သားအိမ်ခေါင်းကင်ဆာရောဂါရှိ၊ မရှိစစ်ဆေးတဲ့ နည်း သုံးမျိုးရှိပါတယ်။ ပထမတစ်နည်းက အချွဲမြှေးစစ်တာပါ။ သားအိမ်ခေါင်းက အချွဲလေးကို ယူပြီး မှန်ပြားပေါ်တင်လိုက်ပါတယ်။ ပြီးရင် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးတာပါ။ ယူလိုက်တဲ့အချွဲမြှေးမှာရှိတဲ့ အသားမျှင်တွေရဲ့ ဓာတ်ပြောင်းလဲမှု ရှိ၊ မရှိကိုစစ်ဆေးတာပါ။ ဒီနည်းက ရောဂါဗေဒဆရာဝန်ရှိဖို့လိုတယ်။ ဓာတ်ခွဲခန်းလည်း ရှိဖို့ လိုပါတယ်။ ဒီနည်းနဲ့ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ၁၊ ၂၊ ၃ ကိုအတော်လေး ခွဲခြားသိနိုင်ပါတယ်။

          နောက်တစ်နည်းက Acetic Acid ဆိုတာက ရှလကာရည်နဲ့ တူတဲ့အရည်ပါ။ ဈေးမကြီးပါဘူး။ ဒီအက်စစ် တစ်ဆ၊ ရေ ၁၉ ဆ ရောလိုက်ပါ။ အဲဒီအရည်ကို ဂွမ်းစနဲ့ တို့လိုက်ပြီး သားအိမ်ခေါင်းအဝမှာ တစ်မိနစ် ထားလိုက်ပါ၊ ပြီးရင် အဲဒါရဲ့ ပြောင်းလဲမှု ကြည့်တာပါ။ အရမ်းလွယ်ပါတယ်။ လုံးဝ မနာပါဘူး။

          ဒီဒုတိယနည်းကတော့ WHO က ဆင်းရဲတဲ့ နိုင်ငံတွေအတွက် သတ်မှတ်ပေးထားတဲ့နည်းပါ။ WHO က ဝင်ငွေနည်းတဲ့ နိုင်ငံတွေအတွက် ဒီနည်းကိုသုံးဖို့ သတ်မှတ်ထားပါတယ်။ ရောဂါကို ရှာဖွေနိုင်တဲ့နှုန်းကလည်း ၉၀ ရာခိုင်နှုန်းအထိ ပြနိုင်တာကြောင့် WHO က သတ်မှတ်ထားတာပါ။

          နောက်ဆုံးတစ်နည်းကတော့ သူဌေးနိုင်ငံတွေမှာ စစ်ဆေးတဲ့နည်းပေါ့။ ကြွက်နို့ပိုး ရှိ၊ မရှိ စစ်တာပါ။ အသေချာဆုံးနည်းပါဘဲ။ ကြွက်နို့ပိုးကိုစစ်ပြီး ကြွက်နို့ပိုးရှိတယ်ဆိုရင်ဖြစ်နိုင်ခြေရှိတဲ့ အုပ်စုထဲပါသွားပါပြီ။ ပိုးအမျိုးအစား တစ်ကောင်ချင်းခွဲခြားပြီး စစ်နိုင်တဲ့နည်းရှိသလို၊ ပိုးရှိတယ်၊ မရှိဘူးပဲ စစ်တာလည်းရှိပါတယ်။ ကုန်ကျစရိတ်ပေါ် မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။ အသေချာဆုံးနည်းဖြစ်ပေမယ့် ငွေကုန်ကြေးကျတော့ နည်းနည်းများပါတယ်။


စစ်ဆေးလို့ တွေ့ရှိလာမယ်ဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ကုသလို့ ရနိုင်ပါသလဲ

          အလွယ်ဆုံးနည်းလမ်းကတော့ ရှို့လို့လည်းရတယ်။ ဖြတ်လို့လည်းရပါတယ်။ ဒီကုသနည်းတွေက ခွဲခန်းထဲ ဝင်စရာမလိုပါဘူး။ ပြင်ပလူနာဌာနမှာပဲ အချိန် ၁၅မိနစ်လောက်ပေးရင် ကုလို့ရပါတယ်။ ဒါကြောင့် ကုသင့်တယ်လို့ပြောတာပါ။ ဆဲလ်တွေကို အရမ်းကြီးအေးအောင်၊ အရမ်းကြီးပူအောင် လုပ်လိုက်ရင်လည်း ဆဲလ်တွေ သေသွားပါတယ်။ ဒါမှမဟုတ်လည်း ဖြတ်လိုက်လို့ ရပါတယ်။ ဆေးရုံတက်စရာမလိုပါဘူး။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို မဖြစ်ခင်မှာ ကာကွယ်သင့်တယ်။ စစ်ဆေးသင့်တယ်။ ဖြစ်လာရင်လည်း ကုသသင့်တယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်သွားပြီဆိုရင်လည်း အဆင့် ၁၊ ၂၊ ၃၊ ၄ ဆိုပြီး ရှိပါတယ်။အဆင့် ၁ နဲ့ ၂ က ခွဲလို့ ရပါသေးတယ်။ အဆင့် ၃၊ ၄ ဆိုရင်တော့ ခွဲလို့မရတော့ပါဘူး။ အဆင့် ၃၊ ၄ လောက်ရောက်ရင် ဓာတ်ရောင်ခြည်နဲ့ကုတာ၊ ဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာ တို့နဲ့ ကုရပါတယ်။ သားအိမ်ခေါင်းကင်ဆာက အရမ်းကိုဖြစ်ပွားမှု များနေတာကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်စစ်ဆေးဖို့ လိုပါတယ်။

          ကာကွယ်ဆေးကိုလည်း အမျိုးသားနဲ့ လိင်မဆက်ဆံဖူးသေးချိန်မှာ ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။

Credit : ဒေါက်တာ မြင့်မြင့်သင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18