Print

သန္ဓေသား မိခင်ဝမ်းတွင်း သေဆုံးခြင်း

  08-Sep-2019
Preview Image

          အမျိုးသမီးများ ကိုယ်ဝန်ရှိပြီဆိုကတည်းက သန္ဓေသားကို တွယ်တာမှု ဖြစ်လာသည်။ မမြင်ရသော်လည်း ရှိနေဆိုသောအသိနှင့် ပူငန်စပ်ခါး ရှောင်ကြသည်။ သန္ဓေသား ကြီးထွားကျန်းမာမှုအတွက် မေတ္တာအပြည့်ဖြင့် ကောင်းနိုးရာရာများ စားသောက်ကြသည်။ ကိုယ်ဝန်ငါးလပတ်လည် ကလေးလှုပ်မှန်းသိလာတော့လည်း မမြင်ရသည့်တိုင် တွယ်တာမှု သံယောဇဉ် ပိုမိုခိုင်မြဲလာသည်။ သို့ ကိုးလလွယ်ခဲ့ပြီး ဆယ်လတိုင် မမွေးဖွားမီအကြောင်းအမျိုးမျိုးကြောင့် သန္ဓေသား မိခင်ဝမ်းတွင်းမှာရှိစဉ် သေဆုံးတတ်ကြသည်။ မိခင်အတွက် ရင်းနှီးခဲ့ရသော မေတ္တာနှင့် ခိုင်မာသော သံယောဇဉ်ကြောင့် အကြီးအကျယ် စိတ်ထိခိုက်ရသည်။ အသက်မရှိတော့မှန်း သိလျက်နှင့် လွယ်ထားရသောကြောင့် စိုးရိမ်ပူပန်ကြသည်။ သားဦးကိုယ်ဝန်ဆောင် မိခင်များအတွက် အတွေ့အကြုံ မရှိခြင်းတို့ကြောင့် အဆပေါင်းများစွာ ပိုမိုခံစားရတတ်သည်။ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသကဲ့သို့ ဆုံးခန်းတိုင်ထိ မအောင်မြင်သော ရလဒ်ကြောင့် ပူဆွေးသောက ရောက်ရသည့်အပြင် မကောင်းသော နိမိတ်ဟူ၍လည်း ယူဆတတ်ကြသည်။


          ကာယကံရှင်သည် ကိုယ်ဝန်ခုနစ်လမတိုင်မီ သေဆုံးခြင်းကို Missed Abortion ဟုခေါ်သည်။ တစ်နည်းအားဖြင့် သန္ဓေသား ကြီးထွားနေစဉ် သေဆုံးရပ်တန့်သွားသောကြောင့် Arrested Pregnancy ဟုလည်း ခေါ်နိုင်သည်။


          ဖြစ်ရပ်သည် အရေးကြီးသော ပြဿနာတစ်ခု ဖြစ်သည်။ သန္ဓေသားအသက်မရှိတော့ကြောင်း သေချာစွာ ဆန်းစစ်ပြီးနောက် သေချာပါက အမြန်မွေးထုတ်ရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရသည်။ သတ်မှတ်ချိန်ကာလ ခြောက်ပတ်အတွင်း မွေးထွက်မသွားပါက မိခင်တွင် သွေးခဲစေသော ဓာတ်ပေါင်းများ နည်းပါးသွားပြီး နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်းနှင့် မွေးထွက်လာစဉ် သွေးသွန်ခြင်းများ ဖြစ်တတ်သည်။ ထိုထက်ပိုဆိုးခြင်းမှာ ကိုယ်ဝန်ဆောင်မိခင်၏ စိတ်ပျက်အားငယ် စိုးရိမ်ပူပန်မှုများကြောင့် မစားနိုင်၊ မအိပ်နိုင်သော ကျန်းမာရေး အခြေခံပျက်ပြားမှု ဖြစ်သည်။ ခင်ပွန်းနှင့် နှစ်ဖက်မိဘများ အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ရတတ်သည်။


          ပြဿနာကို ယခင်ခေတ်များက ဓာတ်မှန်ရိုက်ခြင်းဖြင့် အတိအကျသိရသော်လည်း ယနေ့ခေတ်တွင် အာလ်ထရာဆောင်း Ultrasound ရိုက်ခြင်းဖြင့် မိနစ်ပိုင်းအတွင်း အသေအချာ သိနိုင်သည်။ မိခင်ကလေးလှုပ်မှန်း မသိမီ ကိုယ်ဝန်နုစဉ်အချိန်ကပင် ကလေးနှလုံးလှုပ်ရှားမှု့ ပျောက်ကွယ်သွားသည်ကို သိနိုင်သည်။ လရင့်ကိုယ်ဝန်များတွင် ဝမ်းဗိုက်အတွင်း ကလေးမလှုပ်ဘဲ ပျောက်သွားခြင်း၊ ကိုယ်ဝန်ဆောင်လက္ခဏာများ ပျောက်သွားခြင်း၊ ရင်သားများတင်းနေရာမှ လျော့သွားခြင်း စသည်တို့ကြောင့် ခန့်မှန်းတွက်ဆနိုင်ပြီး ကုသသော ဆရာဝန်၊ ဆရာမတို့မှ ကလေးနှလုံးသံ နားထောင်၍ မကြားရခြင်း၊ ကိုယ်ဝန်ဆောင်အရွယ်သေးသွားခြင်း၊ တိုးတက်မလာခြင်းများ စမ်းသပ်သိရှိနိုင်သည်။


          သန္ဓေသား ဝမ်းဗိုက်တွင်း သေဆုံးနေမှု သေချာပါက ပညာရှင်များမှ သတ်မှတ်ထားချိန်အတွင်း မွေးထွက်ရန် ဆောင်ရွက်ပေးရသည်။ ကိုယ်ဝန်လမရင့်မီ ဝမ်းတွင်းသေဆုံးခြင်းက လစေ့ကာနီးသေဆုံးခြင်းထက် မွေးထွက်လာရန် ကုသခြင်း ပိုမိုခက်ခဲသည်။ ပိုမိုကြာမှ မွေးထွက်လာတတ်ကြသည်။ ဆေးပညာရှင်များအတွက် အခက်ခဲဆုံးမှာ ကာယကံရှင် မိခင်နှင့် ခင်ပွန်း နှစ်ဖက်မိဘတို့ ပြဿနာ၏ အခြေအမြစ်ကို နားလည်သဘောပေါက်စေပြီး ဆန္ဒမစောကြဖို့ ရှင်းလင်းပြသရာတွင် စိတ်ရှည်ဖို့၊ သည်းခံဖို့ အသိပေးတိုက်တွန်းလိုပါသည်။ ကုသမှုကြောင့် သန္ဓေသား အသေမွေးထွက်ပြီးသည်နှင့် ဆေးပညာရှင်၏ တာဝန်ပိုင်း မပြီးဆုံးသေးပါ။ မိခင်အတွက် ပိုးဝင်ခြင်း Infection ၊ နို့တင်းခြင်း၊ အပြင်းဖျားခြင်းများ မဖြစ်စေရန် ကုသမှု ပေးကြရပါဦးမည်။

  

        ခေတ်မီ သားဖွား ပညာရပ်တွင် သို့ ကြေကွဲဖွယ်ရာ သန္ဓေသားသေဆုံးခြင်း အတွက် ဘာကြောင့် သို့ သေဆုံးရသည် Causes များကို အနီးစပ်ဆုံးရှာဖွေစစ်ဆေးမှု ပြုလုပ်ပေးရန် လိုအပ်ပါသည်။ သို့မှသာ နောင်တွင် ကိုယ်ဝန်ရှိလာပါက ကြိုတင်ဆောင်ရွက်နိုင်ကြပေမည်။ တာဝန်ပိုင်းတွင် ဆေးပညာရှင်များ ဆောင်ရွက်ပေးမှု အားနည်းနေကြောင်း တွေ့ရှိနေရသည်။

 

         သို့ ကြေကွဲဖွယ်ရာ သန္ဓေသားသေဆုံးခြင်း ဘာကြောင့် ဖြစ်ရသနည်း။ အခြေခံအားဖြင့် သန္ဓေသား ကိုယ်၌က ဝမ်းတွင်းပါ ချို့ယွင်းမှုကြီးများ Major Congenital Anomalies ရှိ၍ ဖြစ်စေ၊ မိခင်မှ သန္ဓေသားသို့ အောက်ဆီဂျင်နှင့် အဓိက အာဟာရဓာတ်များ ပို့ပေးသောအချင်းက အလုပ်တာဝန်ချို့ယွင်း၍ ဖြစ်စေ၊ အခြားသော ယှဉ်တွဲလာသည့် ရောဂါများကြောင့်ဖြစ်စေ သန္ဓေသားသေဆုံးတတ်သည်။ အခြေခံအားဖြင့် အချင်း၏ ရုပ်ပိုင်းအသားစိုင်ဖြစ်စေ၊ အချင်း၏ အလုပ်ဝတ္တရားများဖြစ်စေ၊ ပုံမှန်ထက် သုံးပုံတစ်ပုံကျော်ပြီး ၃၃ ချို့ယွင်းပျက်စီးပါက သန္ဓေသားဆက်လက်ပြီး မရှင်နိုင်တော့ပေ။


          အောက်ဖော်ပြပါ အကြောင်းအချက်များကြောင့် သန္ဓေသား  ဝမ်းတွင်းတွင် သေနိုင်ကြောင်း ကျန်းမာရေး အသိပညာပေးလိုက်ရပါသည်။

၁။ မိခင်၏ အသက် ၄၀ နှင့်အထက် ကိုယ်ဝန်

၂။ ကိုယ်ဝန်နှင့် သွေးတိုးရောဂါ

၃။ ကိုယ်ဝန်နှင့် ကိုယ်ဝန်ဆိပ်တက်ရောဂါ

၄။ ကိုယ်ဝန်နှင့် ဆီးချိုရောဂါ

၅။ ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရခြင်း

၆။ မျောက်သွေး Rh မတည့်သောရောဂါ

၇။ ကိုယ်ဝန်ရက်ကျော်ခြင်း၊ ၄၂ ပတ်ကျော်မွေးဖွားခြင်း

၈။ ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းပြီးအချင်းကွာခြင်း

၉။ အမြွှာနှင့်အထက် ကိုယ်ဝန်ဆောင်များ

၁၀။ ကလေးလည်ပင်းတွင် ချက်ကြိုးတင်းကျပ်စွာပတ်ခြင်း

၁၁။ ချက်ကြိုးတွင် အထုံးဖြစ်ခြင်း True Knot

၁၂။ သားအိမ်တွင် အသားလုံးများ Fibroids နှင့် ကိုယ်ဝန်

၁၃။ ကာလသားရောဂါ Syphylis

၁၄။ အချင်းတွင် ဖြစ်တတ်သော အသားပိုအလုံးများနှင့် အချင်းသွေးကြောပိတ်ခြင်း

၁၅။ ဖြစ်ရပ်အတိအကျမရှိဘဲ သေဆုံးခြင်း


Credit : ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18