Print

ဗိုက်ခွဲမွေးခြင်းအကြောင်းသိကောင်းစရာ

  09-Sep-2019
Preview Image

ဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာ ဘယ်ဟာကောင်းသလဲ

          ရိုးရိုးမွေးတာက သဘာဝအတိုင်းပြုမူတာပါ။ အရင်ကာလများက မီးဖွားခြင်းဟာ အသက်အန္တရာယ်နဲ့ နီးကပ်တဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။ မီးဖွားရင်း အခက်အခဲများကြောင့် မိခင်ကလေးသေဆုံးနှုန်းအတိုင်းအတာတစ်ခုထိ မြင့်မားခဲ့ပါတယ်။


          အခုအခါမှာတော့ တိုးတက်လာတဲ့ဆေးပညာကြောင့် ရိုးရိုးမွေးဖွားခြင်းမှာ အန္တရာယ်နည်းသွားပြီ ဖြစ်ပါတယ်။ အခက်အခဲရှိရင် ၊ မွေးရခက်နေရင်၊ ရိုးရိုးမွေးမရရင် ၊ ဗိုက်ခွဲမွေးဖွားပေးရုံပါပဲ။ ဒါကြောင့်အရင်ကတော့ ဗိုက်ခွဲမွေးတယ်ဆိုတာ လိုအပ်မှလုပ်တဲ့ နည်းစနစ်ပါ။


          ရိုးရိုးမွေးတဲ့အခါ မမွေးမီ ဗိုက်နာလေ့ရှိပါတယ်။ နာကျင်မှုအတိုင်းအဆကတော့ တစ်ဦးနဲ့တစ်ဦး မတူတတ်ကြပါဘူး။ မွေးရလွယ်သူတွေ နည်းနည်းပဲနာကြပြီး မွေးထွက်သွားကြတာပါပဲ။ မွေးပြီးရင်တော့ နာကျင်မှု မရှိတော့ပါဘူး။ မွေးလမ်းကြောင်းဝမှာ ဒဏ်ရာရှိခဲ့ရင်တော့ ဗိုက်ခွဲတာလောက် မကြီးမားလို့ သက်သက်သာသာ ရှိနေမှာ ဖြစ်ပါတယ်။


          စီစဉ်ပြီးမှ ဗိုက်ခွဲမွေးသူတွေမှာတော့ မမွေးမီ ဗိုက်နာတဲ့အတွေ့အကြုံ ရှိမှာမဟုတ်ပါဘူး ခွဲမွေးပြီးတဲ့အခါကျမှ ခွဲထားဒဏ်ရာကြောင့် ရက်အနည်းငယ်ကြာ နာကျင်မှုခံစားနေရမှာ ဖြစ်ပါတယ်။ ဗိုက်ခွဲရပြီဆိုကတည်းက အနာပြန်ကျက်သည့်တိုင် အသားကောင်းအတိုင်းတော့ မခိုင်ခန့်နိုင်တော့ပါဘူး။ ဒါက ရေရှည်ပြဿနာပါ။ မမွေးမီ ဗိုက်နာတာကို ခံနိုင်ရည်ရှိရင် ရိုးရိုးမွေးတာဟာ ဗိုက်ခွဲမွေးတာထက် ပိုကောင်းပါတယ်။


          ဗိုက်ခွဲမွေးထားပြီးသူတွေမှာ နောက်ထပ် ကိုယ်ဝန်ရှိလာတဲ့အခါ အချင်းရှေ့ခံသန္ဓေတည်နိုင်ချေ ၄၇ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။


          မွေးချိန်မှာတော့ သွေးစတွေ စဆင်းတတ်ပါတယ်။ အရပ်ခေါ် သွေးပေါင်တယ်လို့ ဆိုပါတယ်။ မွေးထွက်မယ့်လမ်းကြောင်းမှာ အချင်းတစ်ခံနေလို့ ကလေးအတွက် အသက်အန္တရာယ်ရှိတဲ့ အနေအထားပါ။ ဒါ့အပြင် ပုံမှန်အားဖြင့် အချင်းဟာ ကလေးမွေးထွက်ပြီးမှသာ သားအိမ်မှ ကွာလာရမှာ ဖြစ်ပါတယ်။ ရှေ့ကိုယ်ဝန်မှာ ဗိုက်ခွဲမွေးထားသူဆိုရင် ကလေးမမွေးမီကတည်းက စောပြီးအချင်းကွာလာတာ ၄၀ ရာခိုင်နှုန်း ပိုဖြစ်တတ်ပါတယ်။ မမွေးသေးတဲ့ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။


ဗိုက်ခွဲမွေးထားသူတွေ နောက်ကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ ရပါသလား

          ဗိုက်ခွဲမွေးထားသူတွေ နောက်ကိုယ်ဝန်မှာ ရိုးရိုးမွေးမယ်ဆို မွေးလို့ရပါတယ်။ ဒါပေမယ့် အန္တရာယ်ကတော့ ရှိပါတယ်။ ဒါကြောင့် နောက်ကိုယ်ဝန်မှာလည်း ဗိုက်ခွဲမွေးပေးဖို့ စီစဉ်တတ်ကြပါတယ်။ အမေရိကန်နဲ့ ဆွီဒင် သုတေသီတွေရဲ့ လေ့လာချက်အရ သားအိမ်ကွဲနိုင်ချေ အဆငါးဆယ်မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။


          ဗိုက်ခွဲမွေးဖွားခြင်းဆိုတဲ့ အချက်တစ်ချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ အသက် သုံးဆယ့်ငါးနှစ်ထက်ကြီးသူတွေဟာ အသက်နှစ်ဆယ့် လေးနှစ်အောက် အမျိုးသမီးတွေထက် သုံးဆလောက်ပိုဖြစ်နိုင်ပါတယ်။ အဝလွန်အမျိုးသမီးတွေမှာ သာမန်အမျိုးသမီးတွေထက် နှစ်ဆပိုဖြစ်နိုင်ချေရှိပါတယ်။ သန္ဓေသားကြီးထွားမှုကလည်း အချက်တစ်ချက်အဖြစ်ပါဝင်ပါတယ်။ ကလေးရှစ်ပေါင်ကျော်ခဲ့ရင် ရှစ်ပေါင်အောက် ကလေးမွေးဖွားခြင်းထက် သားအိမ်ကွဲနိုင်ချေနှစ်ဆမြင့်မားစေတယ်လို့ ဆိုပါတယ်။


          သားအိမ်ကွဲသွားရင်တော့ မိခင်ရောကလေးပါ အသက်အန္တရာယ်ရှိပါတယ်။ သားအိမ်ကွဲသွားသူ အမျိုးသမီး ၂၄၇ ဦးအနက် ၁၄ဦးရဲ့ ကလေးအသက်သေဆုံးသွားပါတယ်။

Credit : လဲ့(ဆေး-၁)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18