သန့်ရှင်းကျန်းမာ ကလေးခန္ဓာရှိစေရာ
26-Apr-2019လူသားတစ်ယောက် မွေးဖားလာစဉ်မှ စ၍ သန့်ရှင်းစင်ကြယ်မှုရှိအောင် လုပ်ဆောင်ပေးရပါမည်။
ကလေးကို ဘယ်လိုသန့်ရှင်းအောင်
ထားမလဲ
နေ့စဉ်မွေးကင်းစကလေး မနက်နိုးစဉ်မှ စ၍ မျက်နှာသစ်သန့်စင်ပြီး
နားရွက်အနောက်၊ လည်ပင်း စသည်တို့ကို ရေစိုဝတ်နှင့် သို့မဟုတ် ရေစိုလက်ဖြင့် ညင်သာစွာ
ပွတ်တိုက်ပေးရမည်။ နားရွက်အနောက်ကို သေချာစွာ မပွတ်တိုက်ပါက ကြေး (ဂျီး) တင်ပြီး နားကွဲနာ
ဖြစ်တတ်ပါသည်။
လည်ပင်းအောက်သို့လည်း ပွတ်တိုက်ပြီး ခြောက်သွေ့အောင်
ထားရမည်။ ကလေးငယ်များ၏ လည်ပင်းသည် ပုတိုနေသောကြောင့် ရေများ ချွေးများ ဝပ်နေတတ်သည်။
ထိုအခါ လည်ပင်းအရေခွံများ လန်တတ်သည်။
ကျွန်မတို့လူမျိုး ထုံးစံအရ အဝတ်ကြိုး (ခမဲကြိုး)
ဆွဲပေးထားတတ်သည်။ ၎င်းကြိုးသည် ရေစိုပါက တော်ရုံမခြောက်၍ လည်ပင်းပွန်းပြီး အရေခွံ လန်တတ်သည်။
သို့ဖြစ်၍ ကြိုးများ မဝတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဝတ်မည်ဆိုလျှင် ရေခြောက်လွယ်သော
ကြိုးသာ ဝတ်သင့်သည်။ ဆွဲကြိုးများ ဆွဲပေးထားခြင်းသည်လည်း အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်သည်။
ကလေးငယ်များသည် အပြစ်ကင်းစင်သောကြောင့် အမြဲလှကြသည်။
သို့ဖြစ်၍ သနပ်ခါး၊ ပေါင်ဒါများ ကလေးငယ် မွေးကင်းစအရွယ်များကို မလိမ်းပေးသင့်ပါ။ သနပ်ခါး၊
ပေါင်ဒါ လိမ်းခြင်းဖြင့် မလိုလားအပ်သော အရေပြားနာ (Staph infection) ပြည်တည်နာများ
ဖြစ်တတ်သည်။
မျက်နှာတွင် သနပ်ခါးပေါင်ဒါများ ဖုံအောင်
လိမ်းပေးခြင်းဖြင့် မျက်စိအတွင်းထောင့်ရှိ မျက်ရည်ဝင်ပေါက် ကလေးပိတ်တတ်ပြီး မျက်ရည်ဝဲဝဲ
နေတတ်ကာ ပိုးဝင်၍ မျက်စိနာတတ်သည်။ ထို့ကြောင့် သနပ်ခါး၊ ပေါင်ဒါ ငယ်စဉ် (မွေးစ)တွင်
မလိမ်းသင့်ပါ။
ပေါင်ကြားသို့ ပေါင်ဒါများ မလိမ်းသင့်ပါ။
သန့်ရှင်းခြောက်သွေ့အောင်သာ ထားပါ။ ပေါင်ဒါကြောင့် ပေါင်ပွန်းနေချိန်တွင် ပိုပြီးပွန်းတတ်သည်။
ကျွန်မတို့ တိုင်းပြည်သည် ပူသော တိုင်းပြည်ဖြစ်၍
အေးသော နိုင်ငံများကဲ့သို့ ဆီများကိုယ်ကို လိမ်းပေးရန် မလိုပါ။
ခြောက်သွေ့သန့်ရှင်းအောင်သာ ထားရပါမည်။
ခေါင်းမှ
ဆံပင် ဘယ်လို သန့်ရှင်းစေမလဲ
ခေါင်းသို့ ဆီများ များများ မထည့်ရပါ။ နှာစေးလျှင်
ပိုဆိုးပါသည်။ ငယ်ထိပ်ကို ဆီတွေ အများကြီးထည့်ပြီး ဆီကြေးတွေနှင့် ဂျတ်ပြင်ကြီး ဖြစ်နေပါသည်။
နှာစေးနေလျှင် ခေါင်းလျှော်လို့လည်း မရပါ။ ကလေးငယ်ခမျာ ခေါင်းယားသော်လည်း မပြောနိုင်ဘဲ
ငိုသာ ငိုနေရသည်။
ထို့ကြောင့် ကလေးငယ်ထိပ်ကို ဆီရွှဲရွှဲ မထည့်ကြပါနှင့်။
ဦးခေါင်းအထက်ရှိ ဆံပင်ကို ဗောက်၊ သန်း၊
ဒဏ်၊ အနာအဆာ ကင်းစေရန်၊ သန့်ရှင်းစေရန် ခေါင်းကို တစ်ပတ်လျှင်တစ်ခါ လျှော်သင့်သည်။
ဆံပင်သန်သူများ ခေါင်းချွေးထွက်များသူများ တစ်ပတ်လျှင် နှစ်ခါမျှ လျှော်သင့်သည်။ ခေါင်းချွေးထွက်လျှင်
အဝတ်ခြောက်နှင့် မကြာခဏသုတ်ပြီး ခြောက်သွေ့အောင် ထားပါ။ ခေါင်းချွေးနှင့် စိုရွှဲနေပါက
အအေးမိပြီး နှာစေးတတ်သည်။ ခေါင်းတော့ နေ့စဉ် မလျှော်သင့်ပါ။
ကလေးကို ခေါင်းလျှော်လျှင် ကလေးခေါင်းလျှော်ရည်
သို့မဟုတ် ကလေးဆပ်ပြာနှင့် လျှော်ပါ။
ရေချိုးပါ
ကလေးငယ်များကို ချက်ကြွေပြီးမှ ရေချိုးပေးပါ။
အေးသော ရာသီတွင် ရေနွေးနှင့် ရေအေး ရောစပ်၍ ချိုးပေးပါ။
မနက်စောစော မချိုးသင့်ပါ။ နေ့လယ် နေပူချိန်
ချိုးပါ။ (၁၁:၀၀ - ၁၂:၀၀)။ ညနေစောင်း ချိုးလျှင် (၃:၀၀ - ၄:၀၀) နာရီကြား ချိုးပါ။
၅ နာရီ နောက်ပိုင်း မချိုးသင့်ပါ။ အအေးမိတတ်သည်။
နေချိုးလျှင် ကလေးဆပ်ပြာတုံး၊ ကလေးဆပ်ပြာရည် သုံးသင့်သည်။
ကလေးရေချိုး၊ ခေါင်းလျှော်လျှင် ကလေးနားထဲ
ရေမဝင်အောင် သတိထားရမည်။ နားထဲ ရေဝင်လျှင် နား နာတတ်သည်။ နားပြည်ယိုတတ်သည်။ နားပြည်ယိုလျှင်
ဦးခေါင်းမှ ပြည်တည်တတ်ပြီး ဦးနှောက် အမြှေးရောင်တတ်၍ သတိထားရမည်။ နားထဲ မလိုအပ်ဘဲ
မည်သည့် အရည်မှ မထည့်ရ (ဥပမာ - ဆီ၊ အရက်ပျံ) မလိုအပ်ဘဲ နားမကြပ်ရ၊ နားမကလော်ရပါ၊ နားထဲ
ပိုးဝင်တတ်ပါသည်။
ရေချိုးလျှင် ယောကျ်ားလေး ဂျိုးဂျိုးမှ ကြေးများကို
တိုက်ဖို့မမေ့ပါနှင့်။ မိန်းကလေးများ အောက်ပိုင်း သန့်သန့်ရှင်းရှင်း လုပ်သလို ယောကျ်ားလေးများလည်း
လုပ်ပေးသင့်သည်။
ရေချိုးလျှင် ရေလောင်းရုံနှင့် မပြီးဘဲ ကြေးတွန်းပေးဖို့လိုပါသည်။ အကြမ်းကြီး တိုက်စရာမလိုပါ။ ရေစိုနေစဉ် ပွတ်တိုက်ပေးလျှင် ကြေးညှော်ထွက်ပါသည်။ ပေါင်ကြား၊ တံကောက်ကွေးရှိ ကြေးများ တွန်းဖို့လိုပါသည်။
ခြေလက်များ သန့်ရှင်းပါစေ
ကလေးငယ်၏ ခြေလက်များ သန့်ရှင်းရမည်။ မွေးကင်းစ
ကလေးငယ်များ ၁ ပတ်၊ ၂ ပတ် တွင် လက်သည်း ခြေသည်းရှည်လျှင် ညှပ်ပေးရမည်။ ကြေးညှော်ကင်းစင်အောင်
ထားရမည်။ လက်သည်း၊ ခြေသည်း ညှပ်လျှင် လက်သည်းညှပ် (Nail Clipper) နှင့် ညှပ်တာထက် ကပ်ကြေး
ကော့ကော့လေးနှင့် ညှပ်ခြင်းသည် ပို၍ ကောင်း၏။ အသားပါခြေ နည်း၏။ လက်သည်းထဲ ဝင်နေသော
ကြေးများ သန့်ရှင်းရမည်။
ကလေးငယ်သည် လက်သီး ဆုပ်ထားတတ်၍ လက်ဖဝါး လက်ကြားများကို
ရေဝတ်နှင့် သုတ်ပေးသင့်သည်။ သို့မဟုတ်လျှင် လက်သည်းကြားနှင့် လက်ဖဝါး လက္ခဏာကြောင်းထဲတွင်
ကြေးဝင်နေရာမှ အနာဖြစ်တတ်သည်။ ကလေးများ လက်စုပ်တတ်၍ လက်သည်းများ သန့်ရှင်းခြောက်သွေ့အောင်
ထားဖို့လိုပါသည်။ တချို့ ကလေးများက လက်ကြီးစုပ်ကာ မဟုတ်ဘဲ ခြေမလည်း စုပ်တတ်၍ ခြေလက်
သန့်ရှင်းအောင် ထားဖို့ လိုပါသည်။
လက်မစုပ်အောင် လက်အိတ်စွပ်ထားပါက လက်အိတ်
မကြာခဏ လဲဖို့လို၏။ ကလေးသည် လက်အိတ်ကိုပါ စုပ်၍ လက်အိတ်အဝတ်ရေစိုပြီး ဖားဥစွဲတတ်သည်။
မှိုတတ်တတ်သည်။ ၎င်းမှိုများ ကလေးပါးစပ်ထဲဝင်ပြီး မက်ခရုဖြစ်ခြင်း စသဖြင့် ပါးစပ်အနာပေါက်တတ်သည်။
ပါးစပ် အနာပေါက်လျှင် နို့မစို့နိုင်၍ ကလေးဗိုက်ဆာပြီး ငိုတတ်သည်။ လက်မသန့်ရှင်းပါက
လက်မှတဆင့် ရောဂါပိုး ပါးစပ်ထဲ ဝင်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်သည်။ လက်သည်းသည် ခြေသည်းထက်
အရှည်မြန်၍ လက်သည်းကို တစ်ပတ်တစ်ခါ ညှပ်ပေးသင့်သည်။ ခြေသည်းသည် အနည်းဆုံး တစ်လတစ်ခါ
ညှပ်သင့်၏။ ခြေချောင်းကြားရှိ ကြေးများလည်း သန့်ရှင်းတိုက်ချွတ်ပေးရမည်။ ကလေးများ လက်မစုပ်ရန်
သတိထားရမည်။ လက်စုပ်ခြင်းသည် ဗိုက်ဆာ၍ ဖြစ်နိုင်သလို၊ ကျေနပ်မှုမရှိ၍ ကိုယ့်ကိုယ်ကို
ဖြေသိမ့်ခြင်းလည်း ဖြစ်နိုင်၍ သတိပြုရမည်။ ကလေးငယ်များကို လက်သည်းအရှည် မထားပေးသင့်ပါ။
လက်သည်းနှင့် မျက်စေ့၊ မျက်နှာခြစ်မိတတ်သည်။ ကလေးငယ်ရှိသော မိခင်များ လက်သည်းအရှည်
မထားပေးသင့်ပါ။ ကလေးငယ်ကို ထိခိုက်မိတတ်သည်။ မိမိလက်သည်းတွင် ဝင်နေသော မြင်ရသော၊ မမြင်ရသော
ပိုးမွှားများ ကလေးဆီ ရောက်နိုင်သည်။ ကလေး ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်သည်။
ကလေးကြီးများကို ခြေ၊ လက် သန့်ရှင်းအောင်
ထားတတ်ရန် သင်ပေးရပါမည်။ လက်ဖြင့်အစာကို ကိုင်တွယ်သည်။ ပစ္စည်းပစ္စယ (ကစားစရာ)များ ကိုင်သည်။
ပါးစပ်ထဲ လက်ထည့်သည်။ ထို့ကြောင့် အစားမစားခင် လက်ကို ဆပ်ပြာနှင့် ဆေးတတ်သည့် အကျင့်၊
အိမ်သာသုံးပြီးချိန်တွင် လက်ကို ဆပ်ပြာနှင့် ဆေးတတ်သည့်အကျင့်ကို ငယ်ရွယ်စဉ်မှစ၍ သင်ပေးထားသင့်သည်။
သို့မှသာ ကလေးများ ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် သံထိုး၍ ဗိုက်နာသော ရောဂါများမှ ကင်းဝေးမည်
ဖြစ်သည်။
Credit :
ဒေါက်တာ အိအိခင် (ကလေး)
မေ့ရင်သွေး
- Vol-2, No.8, March. Pg No. 68