ကလေးများတွင် အဖြစ်များသော နားနှင့်ပတ်သက်သည့် ပြဿနာ
22-Sep-2020အလယ်နားချွဲဆို့တဲ့ရောဂါက ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက နှာစေး၊ ချောင်းဆိုး အများဆုံးဖြစ်တတ်ကြတယ်။ နှာစေးတဲ့အခါ နားနဲ့ နှာခေါင်းဆက်တဲ့ ပြွန်လေးကရောင်လာပြီး ပိတ်သွားတယ်။ တချို့ကလေးတွေမှာ အဲဒီပြွန်လေးက ရောင်ပြီး ပိတ်သွားရုံသာမကဘဲ ရောဂါပိုးက နားထဲဝင်သွားပြီး နားကိုက်ရောဂါပါ တွဲဖြစ်တတ်တယ်။ နားမကိုက်ခင်မှာ ချွဲဆို့တယ်။ ချွဲဆို့တာက ကြာရင် နားပါလေးလာတယ်။ ကလေးတွေမှာ နားလေးတာက ဘာကြောင့် အရေးကြီးလဲဆိုတော့ ကလေးတွေက သင်ယူနေတဲ့ အရွယ်ဖြစ်တာကြောင့် ကလေးက ထူးချွန်သင့်သလောက် မထူးချွန်တော့ဘူး။ တတ်သင့်သလောက်မတတ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီရောဂါက ကလေးတွေကို အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ပညာသင်ကြားရေးကို အခက်အခဲဖြစ်စေတဲ့ ရောဂါတစ်ခုပါ။
နားမှာ အပိုင်းသုံးခုရှိတယ်။
အပြင်နား၊ အလယ်နားနဲ့ အတွင်းနားဆိုပြီးရှိတယ်။ အပြင်နားက နားပြွန်ရှိတယ်။ အလယ်နားမှာ
နားစည်နဲ့ အရိုးလေးသုံးခုရှိတယ်။ အသံက နားပြွန်ကို ဖြတ်ပြီး ဝင်လာတဲ့အခါ နားစည်လှုပ်တယ်၊
အရိုးလေး သုံးခုလှုပ်တယ်။ အဲဒီလို လှုပ်တော့မှ နားအတွင်းပိုင်းကိုရောက်ပြီး အာရုံကြောတွေကတစ်ဆင့်
အသံကို ကြားရပါတယ်။ အလယ်နားထဲမှာ အရိုးလေးတွေက လေထဲမှာ လှုပ်ရပါတယ်။ ဒါကြောင့် အလယ်နားထဲမှာ
လေရှိနေရပါမယ်။ လေမရှိရင် အရိုးလေးတွေ လှုပ်လို့မရပါဘူး။ အဲဒီလေတွေရှိနေအောင်လုပ်ပေးတာက
နှာခေါင်းနဲ့ နားရွက်ဆက်တဲ့ပြွန်က လုပ်ပေးပါတယ်။ အဲဒီပြွန်က အကြောင်းတစ်ခုခုကြောင့်
ပိတ်သွားခဲ့ရင် နားထဲမှာ လေတွေမရှိတော့ဘဲ ချွဲတွေပိတ်နေတတ်တယ်။ ချွဲတွေပိတ်နေတဲ့အခါ
နားထဲမှာရှိတဲ့ အရိုးလေးတွေက လွတ်လွတ်လပ်လပ်လှုပ်ရှားမရတာကြောင့် နားလေးလာပါတယ်။
နိုင်ငံတကာမှာ
ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကလေးတွေမှာ ဒီရောဂါမဖြစ်ဖူးတဲ့ကလေး မရှိဘူးလို့ဆိုပါတယ်။
အားလုံးကလေးဘဝမှာ ဖြစ်ခဲ့ဖူးကြပါတယ်။ ကံကောင်းတဲ့တစ်ချက်ကတော့ ဒီရောဂါဖြစ်တဲ့ကလေးတွေရဲ့
၈၀ ရာခိုင်နှုန်းလောက်က အလိုလိုပြန်ကောင်းသွားတတ်ပါတယ်။ အနည်းငယ်ကတော့ ပြန်မကောင်းတတ်ဘူး။
အနည်းငယ်ဆိုတဲ့ အရေအတွက်က များနေပါသေးတယ်။ ဆိုလိုတာက ကလေးအယောက် ၁၀၀ ရှိတယ်ဆိုရင် ကလေး
၈၀ ယောက်က ပြန်ကောင်းသွားတတ်ပေမယ့် ကျန်တဲ့ကလေး ၂၀ က ပြန်မကောင်းပါဘူး။ ဒါကြောင့် အရေအတွက်အနေနဲ့
များနေပါသေးတယ်။ နားပြည်ယိုရောဂါလို အသက်အန္တရာယ်မပေးဘူးဆိုပေမယ့် အရေအတွက်များတယ်၊
ကလေးရဲ့ စာပေသင်ကြားရေးမှာ အခက်အခဲဖြစ်စေပါတယ်။
အလယ်နားမှာ ချွဲဆို့တာက
ကြာလာရင် နားလေးလာတတ်တယ်။ နားထဲမှာချွဲဆို့တာ ပြန်မကောင်းတဲ့ တချို့ကလေးတွေ ကြာလာရင်
အဲဒီချွဲတွေက ပျစ်လာပြီး ကော်လိုဖြစ်လာကာ နားစည်နဲ့ နားနံရံကပ်သွားတယ်။ အလယ်နားမှာရှိတဲ့
အရိုးလေးသုံးရိုးကလည်း တစ်ခုနဲ့တစ်ခုကပ်သွားပြီး နားအတော်လေးသွားတယ်။ တချို့ကလေးတွေဆိုရင်
အော်ပြောရင်တောင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်ပါတယ်။ ဒါက ချက်ချင်းဖြစ်လာတတ်တာ မဟုတ်ပါဘူး။
တစ်နှစ်လောက်ကြာမှ ဖြစ်လာတာပါ။ စဖြစ်တုန်းက သတိမထားမိပါဘူး။ ဖြစ်ပြီးပျောက်မသွားဘဲ
တစ်နှစ်လောက်ကြာသွားရင်တော့ ဖြစ်လာတတ်တယ်။ အဲလိုကလေးက နည်းပါတယ်။ ၁၀၀ မှာ သုံးယောက်လောက်တော့
ဖြစ်တတ်ပါတယ်။ ဖြစ်ပြီဆိုရင်တော့ နားနှစ်ဖက်စလုံး ဖြစ်တတ်ပါတယ်။ နားနှစ်ဖက်စလုံးဖြစ်ရင်တော့
ကလေးကို ဆက်သွယ်ပြောဆိုရာမှာ၊ ပညာသင်ကြားရာတွေမှာ ခက်ခဲသွားနိုင်ပါတယ်။
အလယ်နားချွဲဆို့ပြီး
ပိတ်သွားတာကြောင့် နားလေးသွားပေမယ့် ကလေးတွေက နားလေးလို့လေးမှန်းမသိ ဖြစ်တတ်ပါတယ်။
ကလေးကိုသတိထားကြည့်ဖို့တော့ လိုပါတယ်။ ဒီရောဂါက သူ့အလိုလိုကောင်းသွားတတ်တယ်ဆိုတော့
သတိမထားမိတတ်ကြဘူး။ ကလေးက အတန်းထဲမှာ အဆင့်ကျသွားတယ်။ စာသင်ရင် စိတ်မဝင်စားသလိုဖြစ်တယ်
စတာတွေကို တွေ့ရှိခဲ့ရင် ကလေးမှာ အလယ်နားချွဲဆို့တဲ့ရောဂါများ ဖြစ်မလားဆိုပြီး တစ်ချက်သတိထားသင့်ပါတယ်။
ဒါမှမဟုတ် ကလေးက မကြားတစ်ချက်၊ ကြားတစ်ချက်ဖြစ်နေတာကြာပြီဆိုရင်လည်း သေချာစွာပြသပြီး
ကုသမှုခံယူသင့်ပါတယ်။
Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)