ကလေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ
28-Feb-2017
ကလေးများ ဝမ်းလျှောလျှင် အရေးအကြီးဆုံး အရေးပေါ် ကုသချက်မှာ ဆုံးရှုံးသွားသော အရည်နှင့် ဓာတ်ဆားတို့ကို အလျင်အမြန် ပြန်၍ ဖြည့်ရန်နှင့် အစာဆက်၍ ကျွေးရန်ဟူသော အချက်နှစ်ချက်ပင် ဖြစ်ပါသည်။ များသောအားဖြင့် ကလေးများသည် ဓာတ်ဆားရည်ကို မကြိုက်ကြပါ။ မိဘများကလည်း ကလေး မကြိုက်၍ မသောက်လျှင် မတိုက်တော့ပါ။ ဓာတ်ဆားရည်သည် အစားအစာ မဟုတ်ပါ။ ဆေးသဘောဖြင့် တိုက်ရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ကလေးကြိုက်ရန်၊ မကြိုက်ရန် မလိုပါ။ ကလေး၏ အသက်ကို ကယ်တင်နေရခြင်း ဖြစ်သဖြင့် ချော ့မော့၍ အားစိုက်ကာ တိုက်ရမည်သာ ဖြစ်ပါသည်။ အချို့မိဘများကလည်း ကလေးသောက်အောင် သကြားများ ထပ်ထည့်၍ တိုက်ကြပါသည်။ ဓာတ်ဆားထုပ်ထဲရှိ ဓာတ်ဆားများနှင့် ဂလူးကို့စ် Glucose ကို မှန်ကန်သော အချိုးအဆဖြင့် ရောစပ်ပေးထားခြင်းသည် မှန်ကန်သော ရေပမာဏဖြင့် ဖျော်လိုက်သောအခါ အူမှ ကောင်းစွာ စုပ်ယူနိုင်စေခြင်းကို ဖြစ်စေပါသည်။
အကယ်၍ ဆား၊ သကြား ထပ်ထည့်လျှင် “ လွန်စွာ ပြည့်ဝအရည် ” ဖြစ်သွားပြီး ကိုယ်ထဲမှ ဓာတ်ဆားများကိုပင် ပြန်လည် ထုတ်ယူသွားပြီး ဝမ်းကို ပို၍ သွားစေပါသည်။ ဓာတ်ဆားတစ်ထုပ်လုံး မဖျော်ဘဲ ဓာတ်ဆားနည်းနည်း၊ ရေများများဖြင့် ဖျော်လျှင်လည်း မည်သည့် အာနိသင်မှ ရှိမည် မဟုတ်ပါ။ ဓာတ်ဆားတစ်ထုပ်လုံးကို ရေနည်းနည်းဖြင့်သာဖျော်လျှင်လည်း ကိုယ်ခန္ဓာထဲတွင် ဆားဓာတ်များ လွန်စွာ များပြားပြီး ဒုက္ခရောက်တတ်ပါသည်။ ပဋိဇီဝဆေးများကိုလည်း မိမိသဘောဖြင့် မတိုက်သင့်ပါ။
“ ဆေးအတွက်လေး ” ဟူသော စကားအတိုင်း ဆေး၏ ဘေးထွက်ဆိုးကျိုးများ မကင်းသဖြင့် ဆေးကို မလိုအပ်ဘဲတိုက်လျှင် အန္တရာယ်ဖြစ်ရန် အကြောင်းသာ ပို၍များနိုင်ပါသည်။ ဝမ်းလျှောရောဂါတိုင်း ပဋိဇီဝဆေး မလိုအပ်ပါ။ သို့ဖြစ်၍ ဆရာဝန် ညွှန်ကြားမှသာ ကလေးကို တိုက်သင့်ပါသည်။ကလေး ဝမ်းလျှောလျှင် ဓာတ်ဆားရည်အပြင် အခြားအရည်များလည်း ပို၍ တိုက်ရပါသည်။ ကလေးများသည် အရည်ဟုဆိုလျှင် အချိုရည်ဘူးများထဲမှ အချိုရည်များကိုသာ လွန်စွာ နှစ်သက်ကြပါသည်။ အချိုဓာတ် ကဲလွန်းသော အချိုရည်များသည် ပိုမို၍ ဝမ်းလျှောရန်သာ အထောက်အကူ ပြုသည်ကို မိဘများ သတိထားသင့်ပါသည်။ အရည်ပို၍ တိုက်ရမည်ဟု ဆိုရာ၌ ထမင်းရည်၊ အသား၊ ငါးပြုတ်ရည်၊ သန့်ရှင်းသော ဒိန်ချဉ်၊ နို့ အစရှိသည်တို့ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည် တိုက်၍လည်း အကျိုးမရှိနိုင်ပါ။ ဓာတ်ဆားတစ်မျိုးဖြစ်သော ပိုတက်စီယမ် ပြန်ရနိုင်ရန် လတ်ဆတ်သော သစ်သီး ဖျော်ရည်များ ဖြစ်သည့် လိမ္မော်သီး၊ ရှောက်ချိုသီး စသည်တို့ကို လတ်လတ်ဆတ်ဆတ် ညှစ်၍ ဖျော်တိုက်သော ဖျော်ရည်များ၊ ဖီးကြမ်းငှက်ပျောသီး၊ အုန်းစိမ်းရည် စသည်တို့ကို တိုက်ကျွေးရပါမည်။
အချို့ မိဘများသည် ကလေးဝမ်းလျှောလျှင် အစာမကျွေးဘဲ ထားကြပါသည်။ အကြောင်းမှာ ဝမ်းထဲတွင် အစာသည် မချေဖျက်နိုင်ဘဲ ထမင်းဆိုလျှင်လည်း ထမင်းစေ့အတိုင်း ပါလာသည်ဟု ဆိုကြပါသည်။ ဝမ်းလည်း ပို၍ သွားသည်ဟု ဆိုကြပါသည်။ကျေလွယ်သော အစာကို နည်းနည်းစီ ခဏခဏ ကျွေးသင့်ပါသည်။ သို့မဟုတ်ပါက ကလေးအာဟာရ ချို့တဲ့သွားမည် ဖြစ်ပါသည်။ ဝမ်းကောင်းသွားလျှင် အစာကို တစ်နပ်တိုး၍ နှစ်ပတ်ခန့် ဆက်ကျွေးမှသာ နဂိုအလေးချိန်သို့ ပြန်၍ တက်မည် ဖြစ်ပါသည်။ဝမ်းပျက်ဝမ်းလျှောရောဂါသည် အန္တရာယ် အလွန်ကြီးပြီး အသက်အန္တရာယ်လည်း ရှိနိုင်သဖြင့် မဖြစ်အောင် ကာကွယ်ခြင်းသည် ပို၍ သင့်လျော်ပါသည်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးသည် လွန်စွာ အရေးကြီးပါသည်။
- လသား ကလေးငယ်များအား အသက် ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပြီး အသက် ခြောက်လကျော်လျှင် ဖြည့်စွက်စာနှင့်တကွ မိခင်နို့ကို အောက်ထစ် အသက်နှစ်နှစ်အထိ ဆက်တိုက်ပါ။ မိခင်နို့ထဲတွင် ရောဂါကာကွယ်နို်င်သော ဓာတ်များ ပါဝင်သဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ပါသည်။
- အသက်ခြောက်လတွင် သန့်ရှင်းလတ်ဆတ်သော ဖြည့်စွက်စာများကို စနစ်တကျစ၍ ကျွေးပါ။
- သန့်ရှင်းသော ရေများများရအောင် ပြုလုပ်၍ သုံးရေများများရပြီး သောက်ရေကိုလည်း ကျိုချက်၍ တိုက်ပါ။
- လက်ဆေးခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရာ၌ အလွန်အရေးကြီးသောအချက် ဖြစ်ပါသည်။ အထူးသဖြင့် မိခင်သည် အစာများ မကိုင်မီ ကလေးအား အစာမကျွေးမီ အိမ်သာမှအထွက် ကလေး အညစ်အကြေးများကို ကိုင်တွယ်ပြီး စသည့် အချိန်များတွင် အထူးဂရုပြု၍ လက်ကို စင်ကြယ်စွာ ဆေးပါ။ ကလးကိုလည်း လက်မကြာခဏ ဆေးပေးပါ။ အထူးသဖြင့် ကလေးအစားအစာ ကိုင်ခါနီး ဂရုပြု၍ ဆေးပေးပါ။
- ယင်လုံ အိမ်သာများကို အသုံးပြုပါ။
- ကလေးဝမ်းသွားပြီးလျှင် ကလေး၏ အညစ်အကြေးများးကို သေချာစွာ စွန့်ပစ်ပါ။
- ဝက်သက်ပေါက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုးဝါးစွာ ဖြစ်နိုင်သဖြင့် ဝက်သက် ကာကွယ်ဆေးကို ကလေးအသက် ကိုးလတွင် ထိုးပေးပါ။
အထူးမှာ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို အိမ်တွင် ချက်ပြုတ်၍သာ ကလေးများကို ကျွေးမွေးသင့်ပါသည်။ ယင်နားသော အစားအစာများ၊ မလတ်ဆတ်သော၊ အပြင်မှာရောင်းသော အစားအစာများကို တတ်နိုင်သရွေ့ မကျွေးမွေးသင့်ကြောင်း မိဘများအား အသိပေးအပ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာယုဇနစောမြင့် ( ကလေးအထူးကုဆရာဝန်ကြီး )
Health for ALL magazine – No.114, July 2016