ဒုတိယကလေးမွေးပြီးနောက် ပထမကလေးကို ဘယ်လိုဂရုစိုက်သင့်သလဲ။
30-May-2017ပထမကလေးဟာ ဘာပဲပြောပြော အနည်းနဲ့အများတော့ ရင်ထဲမှာ ဝမ်းနည်းမှုကို ခံစားရမယ့် အချိန်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ကို အမြဲတမ်း ရင်ခွင်ထဲမှာ ထွေးပွေ့ပြီး နို့တိုက်၊ နို့မတိုက်ရင်တောင် ရင်ခွင်ထဲ ဖက်ထားပြီး စကားပြော၊ ပုံပြင်ပြောပြတတ်ခဲ့တဲ့ သူ့မေမေဟာ သူမဟုတ်တဲ့ တခြားကလေးတစ်ယောက်ကို အချိန်ပြည့်လောက်နီးနီး ဖက်ထား၊ ပွေ့ထားတတ်တဲ့အခါကျတော့ သူ့ရင်ထဲမှာ ဘယ်လိုမှမကောင်းနိုင်တာ အသေအချာပါပဲ။
ဒါကိုသူက သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး အမူအရာနဲ့ ပြတတ်သလို အသံကျယ်ကြီးနှင့် ငိုတာ၊ ချောင်ထဲမှာ သွားသွားပြီး မှိုင်နေတတ်တာ အဲဒါမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် သူ့ကို ဂရုစိုက်ဖို့ကတော့ အသေချာကို လိုနေပါပြီ။ သူက `မေမေ သားသား မုန့်စားမယ်၊ ကစားမယ်၊ ဟိုဟာလေးလိုချင်တယ်၊ ဒီဟာလေးလိုချင်တယ်´ အဲဒါမျိုးလေးတွေ Non Stop ပြော၊ ပူဆာနေပေမဲ့ အမေကလည်း မအား၊ အလုပ်တွေရှုပ်ဆိုတော့ သူ့ကိုဂရုစိုက်မိချင်မှ စိုက်မိပါလိမ့်မယ်။ `မေမေပုံပြင်လေးပြောပြပါ၊ သားသားကို စာဖတ်ပြပါ´ အဲဒါမျိုးလေးတွေလည်း တောင်းဆိုနေမှာ ဖြစ်ပေမဲ့ ကိုယ်က မအားတော့ သူ့အတွက် အချိန်မပေးနိုင် ဖြစ်လာတဲ့အခါ သူ့ခမျာ ပိုပြီး အထီးကျန်စိတ်နှင့် စိတ်ဝေဒနာမျိုး ရတတ်ပါတယ်။
ဒီနေရာမှာ အရေးကြီးတာက ကလေးရဲ့ ဖေဖေအပြင် အိမ်မှာရှိတဲ့ တခြားမိသားစုဝင်တွေပါ။ တကယ်လို့ ကိုယ်က သူ့မိဘ၊ ကိုယ့်မိဘတွေနဲ့ နေတာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် နှစ်ယောက်တည်း တစ်အိုးတစ်အိမ် ထူထောင်ထားတာမျိုး၊ မိဘနဲ့ ခွဲနေရတဲ့အခါမျိုးမှာဆိုရင်တော့ တကယ်အရေးကြီးတဲ့ Main ဖြစ်နေတာက ဖေဖေပါ။ အမေက သူ့အပေါ် မပေးနိုင်တော့တဲ့ ဂရုစိုက်မှု၊ အလိုလိုက်မှုလေးတွေကို အဖေလုပ်သူက ဖြည့်ဆည်းပေးရတော့မှာပါ။ `သားလေးရေ လာ .. ဖေဖေနဲ့သား အပြင်သွားမယ်၊ မုန့်သွားစားကြမယ်´ အဲဒါမျိုးလေးတွေ ပြောနိုင်သလို ကလေးစိတ်ဝင်စားမယ့်အရာ ယောကျ်ားလေး၊ မိန်းကလေးလိုက်ပြီးတော့ပေါ့။
`သားရေ ဖေဖေနဲ့ စက်ဘီးပြင်ကြမယ်၊ လာ ဒီမှာ နာရီဓာတ်ခဲအားကုန်နေပြီ၊ ဘက်ထရီဓာတ်ခဲ အသစ်လဲကြမယ်။ ဖေဖေနဲ့ ဘောလုံးကန်ကြမယ်´။ `သမီးလေးရေ ဒီမှာ ဖေဖေဝယ်လာတဲ့ ရေသူမရုပ်လေး ခေါင်းဖြီးပေးရအောင်။ ဒီမှာ ပန်းချီလှလှလေး ဆွဲကြမယ်၊ အရုပ်လေးတွေ အရောင်ခြယ်ကြမယ်´။ ဒီလိုလေးတွေ ပြောပြီးတော့လည်း ကလေးကို အထီးကျန်စိတ်လေး ပျောက်အောင် လှုပ်လှုပ်ရှားရှား ကစားပေးတဲ့နည်း၊ သူစိတ်ဝင်စားတတ်တဲ့ အရာလေးတွေကို အတူလုပ်ပေးတဲ့ နည်းလေးတွေနဲ့ လုပ်ပေးနိုင်ပါတယ်။
အမေကလည်း ရသရွေ့ ဂရုစိုက်ပေးပါ။ အငယ်လေးဟာ နို့စို့အရွယ်ဖြစ်တာမို့ သူကတော့ နို့စို့လိုက်၊ အိပ်သွားလိုက်၊ နို့စို့လိုက်၊ အီးပါလိုက်နဲ့ပဲ အချိန်တွေ ကုန်နေမှာပါ။ ဒီတော့ အငယ်လေးအိပ်နေတဲ့အချိန်မှာ အကြီးလေးကို မေမေက ဂရုစိုက်ပေးပါ။ `သားလေးရေ မေမေနဲ့ ထမင်းတူတူစားကြမယ်နော်´ `မေမေ ပုံပြင်ပြောပြမယ်၊ ပြီးရင် သားလေးနဲ့ တူတူရေချိူးမယ်´ `သမီးလေးနဲ့ အတူတူ သီးချင်းနားထောင်မယ်´ တို့ဖြင့် ဂရုစိုက်ပေးသင့်ပါတယ်။
Credit:ဲပြည့်နိုင်
မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။