Print

မွေးကင်းစကလေးအတွက် သတိထားစရာများ

  18-Feb-2018
Preview Image


(၁) ကလေးမွေးပြီးပြီးချင်း ရေမချိုးရ

အခုနောက်ပိုင်းမှာ ကလေးကို မွေးပြီးပြီးချင်း ရေချိုးမပေးရ ၊ ရေပတ်တိုက်မပေးရတော့ပါဘူး။ နွေးထွေးတဲ့ အဝတ်နဲ့သာ အညစ်အကြေးနဲ့ သွေးစသွေးနအားလုံး ပြောင်စင်အောင် ပွတ်သပ်သန့်ရှင်းပေးဖို့ပဲ လိုအပ်ပါတယ်။ ကလေးကိုယ်ပေါ်မှာ အဆီလို ဖြူဖွေးဖွေး ပြင်လိုက်ပါလာတာကို (vernix caseosa) လို့ ခေါ်ပါတယ်။ အဲဒါတွေကိုတော့ ပြောင်စင်သွားအောင် မပြောင်မချင်း ပွတ်တိုက်မနေသင့်ပါဘူး။ ဒါတွေက မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ်ကတည်းက ကလေးရဲ့ အရေပြားကို အကာအကွယ်ပေးတာတွေမို့ ပြင်ပရောက်လာလဲ အပူအအေးဒဏ် ခံနိုင်အောင် ဆက်လက် ကာကွယ်ပေးဖို့ ဒီအတိုင်း ဆက်ထားသင့်ပါတယ်။ အဲဒါတွေက နောက်ရက်ပိုင်းအတွင်း သူ့အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။


(၂) မွေးကင်းစကလေးကို မချီပွေ့ခင် လက်တွေကို စင်ကြယ်အောင် ဆေးကြောပါ။

ဟိုထိဒီကိုင်နဲ့ လက်တွေဟာ ညစ်ပတ်နေကြတာများပါတယ်။ အမိဝမ်းက ကျွတ်ခါစ ကလေးတွေအတွက် ပိုးမွှားတွေ အလွယ်မဝင်ရောက်နိုင်အောင် ကလေးကို ချီပိုးစေတော့မယ်ဆိုရင် အရင်ဆုံး မိမိလက်တွေကို သေချာဆေးကြောသန့်စင်ပြီးမှ ချီပိုးသင့်၊ နို့တိုက်သင့်ပါတယ်။ ကလေးအနီး လူအများကြီး ဝိုင်းအုံကြည့်တာ၊ ဖက်ရမ်းနမ်းရှုံ့တာတွေက မွေးကင်းစကလေးအပေါ် အလွယ်တကူ ရောဂါကူးစက်စေနိုင်လို့ လူတိုင်းကို ပေးချီကာ နမ်းရှုံ့တာ ခွင့်မပြုသင့်ပါဘူး။


(၃) ကလေးချက်ထဲကို ဘာမှမထည့်သင့်ဘူး။

ကလေးချက်ထဲကို သန့်ရှင်းခြောက်သွေ့အောင် ထားမယ်ဆိုရင် ရက်ပိုင်းအတွင်း သူ့အလိုလို ကြွေကျသွားမှာ ဖြစ်ပါတယ်။ ချက်ထဲကို ဗမာဆေးတွေ ၊ သွေးဆေး ၊ ဆေးတို့ဖတ်ကြီး ၊ ဆေးဖယောင်းချက် ၊ နဂျီအုံ စသဖြင့် ဘာဆိုဘာမှ ထည့်စရာမလိုပါဘူး။ ကလေးသေးနဲ့ အညစ်အကြေးတွေ ပေရေနေတဲ့ အခါမှသာ လက်စင်ကြယ်အောင် ဆေးပြီးမှ အရက်ပြန် စိမ်ထားတဲ့ ဂွမ်းစနဲ့ ချက်ပတ်လည်ကို ပွတ်တိုက်သန့်ရှင်းပေးသင့်ပါတယ်။ ချက်စိုနေရင် ယောင်ယမ်းနေရင်တော့ ကလေးဆရာဝန်နှင့်ပြသပြီး ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုသာ သန့်ရှင်းခြောက်သွေ့တဲ့ လက်ကို အသုံးပြုပြီး ထည့်ပေးသင့်ပါတယ်။ ကလေးချက်တိုင် ကောင်းစွာကျက်ပြီးမှ ချက်ကြွေပြီးမှ ကလေးကို ရေချိုးပေးသင့်ပါတယ်။ ရေချိုးရင်လည်း ရေဇလုံထဲ ခေါင်းလေးမပြီး ရေမမွန်းအောင် သတိထားကာ ပွတ်တိုက် သန့်ရှင်းပေးသင့်ပါတယ်။ ကလေးခေါင်းပေါ်ကို ရေလောင်းမချိုးပေးသင့်ပါဘူး။ ကလေးနှာခေါင်းနဲ့ ပါးစပ်ထဲ ရေအလွယ်တကူဝင်ရောက်ကာ ရေသီးသွားနိုင်သလို အသက်ရှူလမ်းကြောင်းထဲအထိ ရေဝင်သွားနိုင်လို့ ကလေးအတွက် အန္တရာယ်ကျရောက်နိုင်လို့ ရှောင်ခိုင်းတာ ဖြစ်ပါတယ်။


(၄) အသက် ၆ လ ပြည့်ပြီးမှသာ ငယ်ဆံချပေးပါ။

ကလေးပေါက်စဘဝမှာ အပူဆုံးရှုံးမှုက ဦးခေါင်းကနေ ပိုပြီး ဆုံးရှုံးစေပါတယ်။ သူ့ဆံပင်လေးနဲ့ သူ့ခေါင်းလေးပေါ် ဖုံးအုပ်နေတာက အပူဒဏ် အအေးဒဏ်ကို အတော်လေး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ဆောင်းတွင်းမွေးတဲ့ ကလေးတွေကို ခေါင်းတုံးပြောင်လေးတွေနဲ့ မွေးပြီးကတည်းက မထားသင့်ပါဘူး။ အသက် ၆ လ ပြည့်ပြီးမှသာ ဆံပင်တွေ ရိတ်ပစ်တာ ပြုလုပ်ပေးသင့်ပါတယ်။


(၅) ချောင်းဆိုး နှာစေးနေသူ ၊ အရေပြားရောဂါ ရှိနေသူတွေ ကလေးအနီး မနေသင့်ပါဘူး။

နုနယ်တဲ့ ကိုယ်ခံအားမပြည့်စုံသေးတဲ့ ကလေးလေးဆီကို အဲဒီရောဂါတွေက အလွယ်တကူ ကူးစက်ရောက်ရှိသွားနိုင်ပါတယ်။ ဥပမာ ရေယုန်ရောဂါသယ်ဆောင်ထားသူက ရောဂါလက္ခဏာမပြ ကျန်းမာနေတဲ့ လူကောင်းသဖွယ် မြင်တွေ့ရပေမယ့် ဒီလို လူတယောက်က ကလေးရဲ့ ပါးနဲ့ နှုတ်ခမ်းလေးကို အနောက်နိုင်ငံ စတိုင်မျိုး ပါးစပ်နဲ့သာ နမ်းရှုံ့လိုက်ရင် ကလေးဆီကို ရေယုန်တွေ ကူးစက်စေနိုင်ပါတယ်။


(၆) ကလေးဝမ်းပျက်တဲ့အခါ ဝမ်းချုပ်တဲ့အခါ နဲ့ ရင်ကျပ်တဲ့အခါ ဗိုက်ပေါ် ရင်ဘတ်ပေါ် ဘာဆေးမှ မလိမ်းပါနဲ့။

မွေးကင်းစပဲဖြစ်ဖြစ် လသားနဲ့ ကလေးကြီးပဲဖြစ်ဖြစ် အထက်ပါ လက္ခဏာတွေ ဖြစ်လာရင် တိုင်းရင်းဆေး လိမ်းဆေးတွေ ပရုတ်ဆီတို့ကို ဗိုက်ပေါ် ရင်ဘတ်ပေါ် ကျောဘက်ပေါ်အနှံ့ လိမ်းကျံပေးလေ့ ရှိကြပါတယ်။ အဲဒါမျိုး မလုပ်သင့်ပါဘူး။ ဖျားနာနေတဲ့ ကလေးကိုလည်း အဲဒီလို ဆေးပူဆေးပြင်းလိမ်းဆေးတွေ မလိမ်းပေးသင့်ပါဘူး။ ကလေးတွေရဲ့ ရောဂါလက္ခဏာတွေ မသက်သာတဲ့အပြင် ကလေးမှာ ဝမ်းပိုသွားတာ ၊ မအီမသာဖြစ်တာ ၊ ဆေးကြောင့် အရေပြား အပူလောင်တာတွေတောင် ပိုဖြစ်လာစေပါတယ်။


(၇) ကလေးကို ဝမ်းမချူရ ၊ ဝမ်းပျော့ဆေး ၊ ဝမ်းနှုတ်ဆေး မကျွေးရ။

တချို့ကလေးတွေက နေ့စဉ်ဝမ်းသွားကြပေမယ့် တချို့က မသွားကြပါဘူး။ တစ်ရက်တစ်လေ ဝမ်းမသွားတာက ပြဿနာမဖြစ်ပါဘူး။ ၁-၂ ရက် ဝမ်းမသွားရုံနဲ့ မိဘတွေက ကလေးကို ဖင်အတွင်းထဲကို ကွမ်းရိုး (သို့) ဆပ်ပြာတောင့် အစအန ထည့်တတ်ကြပါတယ်။ စအိုပတ်လည် လက်နဲ့ဖြဲရင်း မတော်တဆ ဒဏ်ရာရသွားစေနိုင်သလို ဝမ်းမချူရင် ဝမ်းမသွားတော့ဘဲ အကျင့်ဖြစ်သွားမှာ စိုးရိမ်ရလို့ အဲဒီလိုမျိုးတွေ မပြုလုပ်သင့်ပါဘူး။ မိခင်က အသား အသီးအရွက် နဲ့ ပဲ ၊ အသီးအနှံ အစုံစားရင် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကလေးက နို့မှတစ်ဆင့် ရမှာမို့ ဝမ်းမှန်လာပါလိမ့်မယ်။ အချိန်သတ်မှတ်ပြီး တစ်နေ့ ၂ ကြိမ်ခန့် ၀မ်းတည် (တယ်) ပေးတဲ့ အလေ့အကျင့်ကို လသားအရွယ်မှာကတည်းက စတင်ပြုလုပ်ပေးသင့် ပါတယ်။


(၈) ကလေးသုံးဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို သဘာဝ ပစ္စည်းတွေနဲ့ ဓာတုပစ္စည်းအပါနည်းတာ ရွေးချယ်သုံးသင့်ပါတယ်။

ကလေးတွေရဲ့ အရေပြားဟာ နူးညံ့လွန်းလို့ လူကြီးသုံး ဆပ်ပြာတွေ ၊ ခေါင်းလျှော်ရည်တွေ ၊ ဓာတုပစ္စည်းအပါများတာတွေနဲ့ မသင့်လျော်ပါဘူး။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အော်ဂဲနစ် ဆပ်ပြာ ၊ ခေါင်းလျှော်ရည်တွေကိုသာ သုံးစွဲသင့်ပါတယ်။


(၉) လှုပ်ခတ်ပုတ်ရမ်း မချော့သင့်ဘူး။

နုနယ်တဲ့ မွေးကင်းစ နဲ့့ လသားအရွယ် ကလေးငယ်တွေရဲ့ ကိုယ်တွင်းကလီစာတွေဟာ ထိခိုက်ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာမရအောင် ကိုယ်တွင်းသွေးယိုမှုတွေ မဖြစ်အောင် ကလေးကို ကြမ်းတမ်းစွာ လှုပ်ခတ်ပုတ်ယမ်းပြီး မချော့မြူသင့်ပါဘူး။ အသာအယာပွေ့ပိုက်ပြီးတော့ ချော့မြူသင့်ပါတယ်။ ကလေးလက်မောင်း တစ်ဖက်တည်းကိုဖြစ်စေ ၊ နှစ်ဖက်စလုံးကိုဖြစ်စေ အတင်းဆွဲယူချီမတာမျိုးကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။ လက်မောင်းရိုး ထိခိုက်ဒဏ်ရာရတာ ၊ အဆစ်ပြုတ်တာတွေ အလွယ်တကူ ဖြစ်စေနိုင်လို့ မပြုလုပ်သင့်တာပါ။ မွေးလာတုန်းက ပကတိ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတွေကို မိဘတွေရဲ့ သတိမထားမှုတွေကြောင့် နေမကောင်းတာ ၊ ထိခိုက်ဒဏ်ရာရတာတွေ မဖြစ်ရလေအောင် အထက်ပါတို့ကို လိုက်နာဖို့ အကြံပြုတင်ပြလိုက်ပါတယ်။


Credit-Ziwaka magazine ဒေါက်တာ မြမြချယ်(ကလေးအထူးကုဆရာဝန်ကြီး)၏ ဆောင်းပါးမှ ကောက်နုတ်တင်ပြပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18