Print

သားအိမ်အတွင်းအမြှေးကင်ဆာ

  24-Feb-2017
Preview Image

ဖြစ်ပွားမှု
သားအိမ်အတွင်းမြှေးကင်ဆာ (Endometrial Cancer) သည် အားအိမ်ခေါင်းကင်ဆာကဲ့သို့ အဖြစ်များဆုံးကင်ဆာ မဟုတ်သော်လည်း ဖြစ်ပွားမှုမနည်းသည့် ကင်ဆာဖြစ်သည်။ကမ္ဘာတစ်ဝန်းနှစ်စဉ် သားအိမ်အတွင်းအမြှေးကင်ဆာ ဖြစ်သူအသစ် ၁ သိန်း ၄ သောင်းကျော်ရှိသည်။ သားအိမ်အတွင်းအမြှေး ကင်ဆာသည် သွေးဆုံးချိန်နှင့်သွေးဆုံးပြီးချိန် နှောင်းပိုင်းတွင် အများဆုံးဖြစ်ပွားသည်။ လူနာ ၇၅ ရာခိုင်နှုန်းခန့်မှာ အသက် ၅၀ ကျော်ဖြစ်ပြီး၊ ၄ ရာခိုင်နှုနး်ခန့် အသက် ၄၀ အောက်တွင် ဖြစ်ပွားသည်။


ဖြစ်ပွားရခြင်းအကြောင်းအရင်း
အီစထရိုဂျင် (Oestrogen) အမျိုးသမီးဟော်မုန်းသည် သားအိမ်ကို လှုံ့ဆွပေးနိုင်သည်။ ယင်းဟော်မုန်းထုတ်လုပ်မှု လွန်ကဲလျှင် သားအိမ်ကို ပိုမိုလှုံ့ဆော်ပြီး သားအိမ်ကင်ဆာဖြစ်စေသည်ဟု ယူဆထားသည်။ သွေးဆုံးချိန်ကျရောက်သည့် အမျိုးသမီးများတွင် သားအိမ်အတွင်းမြှေး ကင်ဆာအဖြစ်များသည်။ သွေးဆုံးချိန်တွင် အီစထရိုဟော်မုန်း အစားဖြည့်ကုသနေရသူများတွင် ပိုမိုဖြစ်ပွားသည်။ အဝလွန်ခြင်းနှင့် အီစထရိုဂျင်
ဟော်မုန်းထွက်ရှိမှု ပမာဏမြင့်မားခြင်းသည် ဆက်စပ်နေသည်။ ရှိသင့်သည့်ကိုယ်အလေးချိန်ထက် ပေါင် ၂၀ မှ ၅၀ အထိပိုများနေသည့် အမျိုးသမီးတစ်ဦးသည် သားအိမ်အတွင်းမြှေးကင်ဆာ ဖြစ်ပွားရန် အခွင့်အလမ်း ၃၀၀ ရာခိုင်နှုန်း မြင့်မားသည်။

 

မျိုးဥအိမ်တွင် အရည်ကြည်အိတ်တည်သည့် ရောဂါ (Stein-leventhal Disease) ရှိသူ အမျိုးသမီးများတွင် အီစထရိုဂျင် ဟော်မုန်းပမာဏ များပြားသဖြင့် သားအိမ်အတွင်းမြှေးကင်ဆာဖြစ်ပွားရန် အခွင့်အလမ်း ပိုများပြားသည်။ ကလေးမမွေးဖွားသည့်အမျိုးသမီးများနှင့် အပျိုကြီးများတွင် သားအိမ်အတွင်းမြှေးကင်ဆာ ဖြစ်ပွားနိုင်သည်။ သားအိမ်အတွင်းမြှေး သာမန်ထက် ပိုမိုထူထဲခြင်း (benign endometrial hyperplasia) ရှိလျှင်လည်း သားအိမ်အတွင်းမြှေးကင်ဆာ ဖြစ်နိုင်သည့် အခွင့်အလမ်း ပိုများသည်။ သားအိမ်အတွင်း မြှေးကင်ဆာဖြစ်ပွားသူ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းတွင် ဆီးခိုသွေးချိုရောဂါ ရှိသည်ကိုတွေ့ရသည်။ 

 

ရောဂါလက္ခဏာများ
သွေးမဆုံးသေးသည့် အမျိုးသမီးများတွင် ဓမ္မတာ နှစ်ကြိမ်အကြား ပုံမှန်မဟုတ်သည့်သွေးဆင်းခြင်းမျိုး ဖြစ်တတ်သည်။ မီးယပ်သွေးဆင်းချိန်သည် တစ်ကြိမ်နှင့်တစ်ကြိမ် ၂၁ ရက်ထက်နည်းသည်။ သွေးဆုံးပြီးသူများ တွင်လည်းမူမှန် မဟုတ်ဘဲ သွေးဆင်းတတ်သည်။ သွေးဆင်းခြင်းသည် အစေပိုင်းကာလများတွင် အနည်းငယ် မျှသာဖြစ်ပြီးပြတ်တောင်းပြတ်တောင်းဖြစ်သော်လည်း ကာလကြာမြင့်သည့်အခါ သွေးဆင်းသည့်
ပမာဏ များလာပြီးအဆက်မပြတ်ဆင်းကာ သွေးသွန်သည့်အဆင့် အထိရောက်သွားသည်။

 

စောစောပိုင်းတွင်အရည်ကြည်သာဆင်းသော်လည်း နောက်ပိုင်းတွင်ရောဂါပိုး ထပ်ဆင့်စွဲကပ်သဖြင့် အနံ့အသက်ဆိုးရွားသော အရည်များ ဆင်းလာနိုင်သည်။ ဝမ်းဗိုက်အောက်ဘက်တွင် နာနိုင်သည်။ သားအိမ်အတွင်းမြှေးကင်ဆာသည် သားအိမ်လည်တံနှင် အခြားမျိုးပွားအင်္ဂါများသို့ ပျံ့နှံ့နိုင်သည်။ နောက်ကျောရိုးနှင့်ကျောက်ကပ်အထိလည်း ပျံ့နှံ့နိုင်သည်။ 

 

ရောဂါရှာဖွေခြင်း
သားအိမ်အတွင်းမြှေးကင်ဆာကို ရှာဖွေရန် သားအိမ်ခေါင်းကို ချဲ့၍ သားအိမ်ခြစ်ခြင်း (Dilatation and Curettage) ပြုလုပ်ပြီး သားအိမ်အတွင်းမြှေးမှ အသားနမူနာကိုယူပြီး သားအိမ်အတွင်းမြှေးမှ အသားစနမူနာယူ၍ စစ်ဆေးရမည်ဖြစ်သည်။ ထို့အပြင်ပါးလျသည့် ပြွန်ကို အသုံးပြုပြီး သားအိမ်အတွင်းမြှေးမှ အသားစနမူနာယူကာ စစ်ဆေးနိုင်သည်။ 

 

ကုသခြင်း
သားအိမ်အတွင်းမြှေးကင်ဆာကို ကုသရာတွင် ခွဲစိတ်ကုသခြင်းဖြင့် ကုသသည်။ သားအိမ်နှင့်အတူ မျိုးဥအိမ်ကိုပါ ထုတ်ပစ်သည်။ ကင်ဆာပျံ့နှံ့မှုကို ကာကွယ်ရန် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုကို ဆက်လက်ပြုလုပ်သည်။ သားအိမ်အတွင်းမြှေးကင်ဆာသည် အခြားအင်္ဂါများသို့ ပျံ့နှံ့ပြီးဖြစ်ပါက ဆေးဝါးဖြင့် ကုသခြင်းကို ဆက်လက်ပြုလုပ်သည်။ အကယ်၍ကင်ဆာကို စောစီးစွာသိရှိပါက ခွဲစိတ်ကုသခြင်းပြီးသည့်နောက်
ဟော်မုန်းအစားထိုးကုသခြင်းကိုပါ ဆက်လက်ပြုလုပ်နိုင်သည်။

 

သားအိမ်အတွင်းမြှေးကင်ဆာသည် အဝလွန်သူတို့တွင် ဖြစ်ပွားရန် အခွင့်အလမ်းများသဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်ခြင်းဖြင့် သားအိမ်အတွင်း မြှေးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ရာလည်းရောက်သည်။ သွေးဆုံးချိန်တွင် ခံစားရသည့် ဝေဒနာများအတွက် ဟော်မုန်းအစားထိုး ကုသမှုပြုတတ်ရာ၊ ယင်းသူများမှာ သားအိမ်အတွင်းမြှေးကင်ဆာ ဖြစ်နိုင်ကြောင်း ဂရုပြုရမည်ဖြစ်သည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာအောင်သန်း
အဖြစ်များသောကင်ဆာရောဂါများ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18