Print

Gestational diabetes (ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ)

  12-Jul-2017
Preview Image


ဆီးချိုရောဂါဆိုသည်မှာ အချိုဓာတ်(သကြားဓာတ်) ပမာဏသွေးထဲနှင့် ဆီးထဲတွင်ပုံမှန်ထက်ပို၍များလာသော ရောဂါကိုဆိုလိုပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်ပေါ်လာခြင်းဖြစ်သည်။ပုံမှန်အားဖြင့် သွေးတွင်းသကြားဓာတ်ကို (insulin) အင်ဆူလင် ဆိုသည့်ဟော်မုန်းမှ ထိန်းညှိပေးထားသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်း၌သကြားဓာတ်ပုံမှန်ထက်ပို၍ များလာခြင်းကို အင်ဆူလင်ဟော်မုန်းမှ လိုက်၍ မထိန်းချုပ်နိုင်သောအခါ ရောဂါဖြစ်ပွားရသည်။ များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၈ ပတ်နောက်ပိုင်းမှာ ပေါ်လာတတ်ပြီး ကလေးမွေးဖွားပြီးချိန်တွင် ပျောက်ကင်းသွားတတ်သည်။ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ဖူးသူများသည် နောက်ပိုင်းတွင် ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်ပွားနိုင်သည်ဟုဆိုလေသည်။


လက္ခဏာများ

- အာ ခြောက်ခြင်း

- ရေမကြာခဏဆာခြင်း

- ညဘက် ဆီးမကြာခဏသွားခြင်း

- မောပန်းလွယ်ခြင်း

- အမြင်ဝေဝါးခြင်း

- မကြာခဏ ရောဂါပိုးဝင်ခြင်း။ ဥပမာ- ပါးစပ်တွင်အဖြူဖတ်များပေါ်ခြင်း၊ မိန်းမကိုယ် မှိုပိုးဝင်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ oestrogen, progesterone and human placental lactogen စသည့် ဟော်မုန်းများ ပို၍ထွက်သည်။ထိုဟော်မုန်းများ၏ အကျိုးသက်ရောက်မှုကြောင့် ပုံမှန် အင်ဆူလင်အလုပ်မလုပ်နို်င်ဘဲ သွေးတွင်းသကြားဓာတ်များလာကာ ဆီးချိုရောဂါဖြစ်ပွားစေသည်။


ဖြစ်နိုင်ချေများသူများ

- ကိုယ်အလေးချိန်ညွှန်းကိန်း BMI 30 ထက်ပို၍များခြင်း

- ယခင် ကလေးကြီး ( ၁ဝပေါင်နှင့်အထက်)မွေးဖူးခြင်း

- ယခင်ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ဖူးခြင်း

- မျိုးရိိုးထဲတွင်ဆီးချိုရောဂါ ရှိခြင်း


နောက်ဆက်တွဲ ပြဿနာများ

- မိခင်နှင့် ကလေးပါ နောက်ဆက်တွဲအကျိုးများသက်ရောက်နိုင်သည်။

- ကလေးကြီးမွေးခြင်း( ပေါင်ချိန် 4 kg နှင့် အထက် သို့မဟုတ် ၈ပေါင် ၈အောင်စထက်ပို၍မွေးခြင်း)

- ကလေးမွေးရခက်ခြင်း

- ကလေးစောမွေးခြင်း

- ကလေးပျက်ကျခြင်း

- ကလေးအသေမွေးခြင်း

- မွေးစဉ်ကလေးပခုံးလွဲခြင်း

- နောက်ပိုင်းတွင် ကလေး၌ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေများခြင်း


စစ်ဆေးမှုများ

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ရှိစကတည်းက ကိုယ်ဝန်အပ်ပြီး လိုအပ်သည့်စစ်ဆေးမှုများကို ပုံမှန်ခံယူသင့်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ရန် အလားအလာများရှိပါက OGTT ဟုခေါ်သည့် သွေးတွင်းသကြားဓာတ်တုံ့ပြန်နည်းဖြင့် စမ်းသင့်သည်။


ကုသခြင်း

အချို့ကိုယ်ဝန်ဆောင်အမျိုးသမီးရောဂါသည်များတွင် အစားအသောက်အနေအထိုင်ဆင်ခြင်ရုံဖြင့် သက်သာနိုင်ပြီး အချို့သူများတွင်သာ ဆေးကုသရန်လိုအပ်သည်။


ပြုလုပ်နိုင်သောအချက်များမှာ-

- သွေးတွင်းသကြားဓာတ် ပုံမှန်တိုင်းခြင်း

- အစားအသောက်အနေဖြင့် ပုံမှန်စားခြင်း၊ အသီးအရွက်များများစားခြင်း၊ သကြားနှင့် အချိုဓာတ်ပါသောအစားအစာများကို သင့်တင့်ရုံသာစားခြင်း၊ မပြည့်ဝဆီစားသုံးခြင်း။ BMI နှင့် ယှဉ်၍ လိုအပ်သလောက် အစားအင်အားပမာဏ စားသုံးခြင်း

- လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း

- ဆရာဝန်မှ ဆေးဝါးဖြင့်လိုအပ်သလိုကုသခြင်း။ ဥပမာ-အင်ဆူလင်ထိုးခြင်း။

အင်ဆူလင်ထိုးနေသောသူများတွင် hypoglycaemia ဟုခေါ်သည့် သွေးတွင်းသကြားဓာတ်နည်းခြင်းများဖြစ်ပေါ်နိုင်သည်။ ဖြစ်ပွားလျှင်ခံစားရနိုင်သော လက္ခဏာများမှာ-

- ဗိုက်ဆာလာခြင်း

- ရင်တုန်ခြင်း

- လက်တုန်ခြေတုန်ခြင်း

- ဂဏာမငြိမ်ဖြစ်ခြင်း

- ဖြူဖျော့ဖျော့ဖြစ်ခြင်း

- ချွေးစေးများထွက်ခြင်း

အထက်ပါလက္ခဏာများပေါ်ပေါက်ပါက သကြားစားခြင်း၊ ဖျော်ရည်သောက်ခြင်းတို့ ချက်ချင်းပြုလုပ်ရမည်။


Ref: NHS choices




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18