ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့
06-May-2019သမီးလေး “ပန်းဖြူဖွေး”
. . .
ဦးဦး အရင်တစ်ပတ်တုန်းက မေးခဲ့တဲ့ သတို့သားထွက်ပြေးရတဲ့ အကြောင်းရင်းကို သိသွားပြီလား။ သတို့သားကတော့ မနက်မိုးလင်း အိပ်ရာကနိုးနိုးချင်း အိပ်ရာခင်းမှာ ဘာတွေများ ပေကျံနေမလဲဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ ကြည့်တာပေါ့။ အနီရောင်သွေးစက်ကလေးတွေကို တွေ့မြင်လိုက်ရရင် “ငါကွ” လို့ လက်ခမောင်းခတ် . . . အပျိုစင်စစ်စစ်လေးရဲ့ အပျိုမြှေးကို မင်္ဂလာဦးညမှာ အောင်မြင်စွာ ဖောက်ခွဲနိုင်တဲ့ ကံထူးရှင် “ယောကျ်ားဘသား . . . ကျားဆိုမှကျား” ဆိုတဲ့ စကားကို ကျားစိတ်ကျားမာန် အပြည့်နဲ့ ကြွေးကြော်ဟစ်ကြွေးနိုင်ပြီ။
အခုလည်း သူတွေ့တော့တွေ့သွာပဲ
ဒါပေမယ့် . . .
“ဟာ . . . ဒုက္ခပါပဲ။
ငါတော့ လက်လွန်ပါပြီ။ သတို့သမီးတော့ သည်းခြေအိတ်တောင်ပေါက်ထွက်သွားပြီကော။ ငါတော့ လူသတ်တရားခံ
ဖြစ်ပါပြီ။ ပြေးမှ” . . . ရယ်လို့ အလန့်တကြားနဲ့ ရေရွတ်ပြီးပြေးလိုက်တာ တစ်ချိုးတည်းပဲတဲ့ကွယ်။
သူလန့်မယ်ဆိုလဲလန့်ချင်စရာ . . . အိပ်ရာခင်း ဖြူဖြူပေါ်မှာ
သူတွေ့လိုက်ရတာဟာ အနီရောင်သွေးမဟုတ်ဘဲ အစိမ်းရောင်တွေ ဖြစ်နေတာကိုး။ ဟုတ်တယ်လေ သမီးပဲစဉ်းစားကြည့်စမ်း
. . . အပျိုမြှေးလောက်ပဲပေါက်ရင် အနီရောင်ပဲတွေ့ရမယ့်ကိစ္စ။ အခု အစိမ်းရောင်အရည်တွေကို
တွေ့လိုက်ရတာဆိုတော့ သူ လက်လွန်ခြေလွန်တွေ ဖြစ်ပြီး သည်းခြေအိတ် ပေါက်ထွက်တဲ့ထိဖြစ်ပြီး
. . . သည်းခြေရည် အစိမ်းရောင်တွေ ပေါက်ထွက်လာတယ်လို့ပဲ သူထင်မိသွားတာပေါ့ကွယ်။
တစ်ခုလေးပဲနည်းနည်းလွဲသွားတာပါ
. . . ။ သတို့သမီးရဲ့အမေက သူ့သမီးကိုပေးလိုက်တာ မင်အနီဘူးအစား မင်အစိမ်းရောင်ဘူးကို
ဘူးချင်းမှားပြီး ပေးမိသွားတာကြောင့်ပဲ ဖြစ်တယ်။
ကိုင်း . . .
သမီးရေ . . .
အခု “ဗညား” နဲ့ “ချိုသဲ” တို့ရဲ့ ဖြစ်ရပ်ကလေးကို
ကြည့်စမ်း . . . အစွဲအလမ်းဆိုတာတွေဟာ ဘယ်လောက်တောင်ကြောက်စရာကောင်းပြီးတော့
အန္တရာယ်များလိုက်သလဲဆိုတာ။ ရှေးရိုးအစဉ်အလာနဲ့ ဓလေ့ထုံးတမ်းတွေကို စွဲလမ်းလွန်းခြင်းဟာ
တကယ်တမ်းရော အစဉ်အမြဲအကျိုးရှိရဲ့လားဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းတယ်နော်။
ရှေးလူကြီးတွေက ဒီလိုပဲ ပြောထားခဲ့ကြတာ။ ဒီတော့ ဒါဟာ
အမှန်တရားပဲ . . .
“ဟုတ်မှ ဟုတ်ရဲ့လား”
ဒီအယူအဆတွေက မှားများ မှားနေမလားဆိုပြီး တော့များ စောဒက တက်မယ် မကြံနဲ့ . . .
အမလေး . .
. ဒီလိုမျိုး မယုံကြည်တဲ့၊ သံသယဝင်တဲ့ ၊ မယုံသင်္ကာဖြစ်တဲ့
စကားတွေ မပြောတော့ဘူး။ လူကြီးတွေက ဒါဆိုရင် ဒါပဲပေါ့ . . . ဘာလို့ မပြောကောင်း မလုပ်ကောင်း မတွေးကောင်းတာတွေ
တွေးရသလဲဆိုပြီး ဖြစ်ကြရော။ နာမည်ကျော် စကားပုံလေးတစ်ခုတောင် ရှိသေးတယ်လေ . . . ။
“ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့” တဲ့။
ဦးဦးဆရာဝန်ဆီ
ရောက်လာတဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေကိုပဲ ကြည့်ဦးလေ . . . ။ ရှေးရိုးအစဉ်အလာ လူကြီးသူမတွေ အစဉ်အဆက်ပြောကြားခဲ့တဲ့ လူကြီးစကားတွေကို သူတို့တွေက လိုက်နာ နားထောင်ကြတယ်။
ကိုယ်ဝန်ဆောင်မိခင်ဆိုတာ အစားရှောင်ရမယ်။ နို့တိုက်မိခင်ဆိုတာ ပိုတောင်ဆိုးသေးတယ်။
မိခင်စားသမျှက သွေးထဲကတစ်ဆင့် ကလေးဆီ ရောက်သွားမှာ။ ဒါကြောင့် အသားတွေမစားနဲ့ ကလေးထွားလိမ့်မယ်။
ပဲတွေ ဟင်းသီးဟင်းရွက်တွေ ဥတွေ မစားနဲ့ ။ ကလေးလေပွတတ်တယ် . . . မတည့်ဘူး။
ပြီးတော့ ကိုယ်ဝန်ရှိလာရင်
ဗိုက်ထဲက ကလေးလေး အနေအထားမှန်ရမယ်။ အဲဒါကြောင့် ကိုယ်ဝန်ရှိရင် အနေအထားမှန်အောင် လက်သည်နဲ့
ဗိုက်ကို ပြင်ပြင်ပေးရတယ်။ ကလေး ကန့်လန့်ဖြစ်ရင် ကလေးဆုံပိုင်းနဲ့ ဦးတိုက်ရင် အန္တရာယ်များတာမို့
စောစောစီးစီး လှည့်ပေးရမယ်။ ကိုယ်ဝန်ဆောင်တွေဟာ ညနေခင်းကျ ရေမချိုးရဘူး ။ ညနေခင်းရေချိုးရင်
ရေဆင်းတတ် ရေပေါင်တက်တတ်တယ်။
မီးတွင်း ကလေးမွေးပြီးသွားရင်လည်း
ဆပ်ပြာမကိုင် ရေမကိုင်ရဘူး။ ထုံတတ် ကျဉ်တတ်တယ်။ အညစ်အကြေးတွေ သွေးပုတ်တွေထွက်သွားအောင်
သွေးသန့်သွားအောင် ဗိုက်ကို အုတ်ပူထိုးရတယ်။ သွေးခွဲရတယ် . . . စသည်စသည်ဖြင့် ရှေးရိုးအစဉ်အလာ လူကြီးစကားဆိုတာတွေကို
ကိုယ်ဝန်ဆောင်မိခင်အများစုက နားထောင်လိုက်နာကြတာကို တွေ့ရတယ် သမီးရေ ။
အဲသလို နားထောင်ကြရတဲ့ အထဲမှာ ဆရာဝန် ကိုယ်ဝန်ဆောင်မိခင်တွေတောင်ပါတယ်လို့
ဦးဦးပြောရင် သမီး ယုံမှယုံပါ့မလား။ အယူအဆ တစ်ခု အတွေးအခေါ်တစ်ခုဟာ ဟုတ်ရောဟုတ်ရဲကလား
။ မှန်ရောမှန်ရဲ့လား ၊ ဒါ မှားများမှားနေလား ။ ဘာကြောင့် ဒီလိုတွေ ပြောရသလဲ စသဖြင့်
တွေးကြည့်တာ ။ စောဒက တက်ကြည့်တာ။ ဘာကြောင့်လဲဆိုတဲ့ အကျိုးနဲ့အကြောင်း အမှားနဲ့အမှန်ကို
ဝေဖန်သုံးသပ်ကြည့်တာဟာ လုပ်သင့်သလား . . . မလုပ်သင့်ဘူးလား။
ဒီလိုများလုပ်တာဟာ လူကြီးသူမတွေကို မယုံကြည်ရာ စော်ကားရာ
မလေးစားစရာများ ရောက်နေသလား . . . သမီး ဘယ်လိုထင်သလဲ။
ကိုင်း . . .
သမီးရေ အဲသလို ရှေးရိုးအစဉ်အလာ စကားတွေနဲ့ ပတ်သက်လို့ ဘယ်ပုံဘယ်နည်း စိတ်ထားရမလဲ
။ ရှေးလူကြီးတွေ ပြောခဲ့ကြတာပဲ ဆိုတဲ့စကားတွေ အတွေးအခေါ်ယုံကြည်ချက်တွေ နဲ့ ပတ်သက်လာရင်
မဝေဖန် မစိစစ်နဲ့ မယုံမကြည်မလုပ်နဲ့။ မလုပ်ကောင်းဘူး ဆိုတဲ့ ဦးဦးတို့အားလုံး အရိုးစွဲအသားကျနေတဲ့
ထုံးတမ်းအစဉ်အလာတွေနဲ့ ပတ်သက်လို့ရော . . .
ဒီလိုမျိုး အယူအဆနဲ့ ပတ်သက်ပြီးတော့ ဦးဦးတို့အားလုံးရဲ့
ယုံကြည်ကိုးကွယ်အားထားရတဲ့ ဗုဒ္ဓရှင်တော်ဘုရားက ဘယ်ပုံဘယ်နည်း ဆိုဆုံးမခဲ့သလဲ ။ ဘာသာရေးသမိုင်းတစ်လျှောက်လုံးမှာ
ထူးထူးခြားခြား ပြိုင်ဘက်ကင်းတဲ့ ကြားလိုက်ခါစမှာ မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်တဲ့
နာမည်ကျော် သြဝါဒ စကားတစ်ခုရှိတယ် ။ သိသလား . . . သိရင်ပြောပြစမ်း။
Credit : ပါမောက္ခ
ဒေါက်တာစိုးလွင်