ဆံပင်နှုတ်ခြင်းအကျင့်ဆိုး
25-Feb-2017ဆံပင်ကျွတ်ရတဲ့ အကြောင်းကိစ္စတွေ၊ ဒါမှမဟုတ် ဆံပင်တွေပါးသွားရတဲ့ အကြောင်းအရင်း ပြဿနာတွေ အများအပြားရှိတဲ့အနက် ရှားရှားပါးပါး ကိစ္စတစ်ခုကတော့ မိမိဆံပင်ကို မိမိကိုယ်တိုင်ဆွဲနုတ်တဲ့ အကျင့်ပါဘဲ။ တွေ့ကြုံခဲ့ရပေမဲ့ တကယ်တမ်းကြုံလာတဲ့အခါ အတော်ကို ကုစားရခက်တာမို့ ဒီပြဿနာကို တခုတ်တရ ဆွေးနွေးလိုက်တာပါ။
ဆံပင်ဆွဲနှုတ်တဲ့ အကျင့်ဆိုး
ဆေးပညာအရတော့ ရောဂါအမည်ကို ထရိုင်ကိုတီလိုမန်းနီးယား (Trichotillomania) ဆိုတဲ့ အမည်ရှည်ကြီးနှင့် ခေါ်ပါတယ်။ တကယ်တော့ သူ့မှာအဓိပ္ပာယ်ပြီးပြည့်စုံပြီးသားပါ ။ ထရိုင်ကို (Tricho) ဆိုတာ ဆံပင်အပါအဝင် အမွှေးအမျှင်တွေကို ပြောတာပါ။ (Till) ဆိုတာကတော့ ဆွဲနှုတ်ခြင်းနှင့် (Mania) ရဲ့ အဓိပ္ပာယ်ကတော့ စွဲလန်းခြင်း၊ အရူးအမူးဖြစ်ခြင်းပါ။ ဒီတော့ အရူးအမူးဆံပင်ကို ဆွဲနှုတ်ခြင်းပေါ့။ ရှင်းရှင်းပြောရရင်တော့ Hair Pulling Disorder ပါ။ ဂရိဘာသာစကားက ဆင်းသက်လာတာပါ။
အမွှေးနှုတ်တဲ့ အကျင့်ပါပဲ။ ခေါင်းပေါ်ကဆံပင်ကို ဆွဲနှုတ်ရုံတင် မကပါဘူး။ မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊နှုတ်ခမ်းမွှေး၊ ချိုင်းမွှေး စတာတွေအပြင် ယုတ်စွအဆုံး ဆီးခုံမွှေးတောင်အကျန်နှုတ်တဲ့အကျင့်ဆိုးပါပဲ။ ဒါပေမဲ့ အများစုကတော့ ခေါင်းပေါ်ကဆံပင်ကိုပဲ အလွယ်တကူ ဆွဲနှုတ်လေ့ရှိတာပါ။ သိပ်ပြီးဆိုးရွားစွာ အရူးအမူးဖြစ်သူကတော့ အမွှေးဟူသမျှ ဆွဲနှုတ်နေတော့တာပါ။ နှုတ်ပြီးတော့ ဆံပင်ကိုတောင် စားလိုက်သေးဆိုပဲ။
ဆံပင်တွေ ကျိုးကျိုးကြေကြေ လက်လှမ်းမီတဲ့ ခေါင်းပေါ်ကဆံပင်တွေကတော့ အနှုတ်အဆွဲအခံရဆုံးပါ။ ဆံပင်တစ်ချောင်းချင်းကို ဆွဲတာပါ။ အထူးသဖြင့် ဦးခေါင်းထိပ်တည့်တည့်နေရာပေါ့။ တစ်ခါတစ်လေတော့လည်း စွဲစွဲမြဲမြဲနှုတ်တဲ့နေရာက နှစ်နေရာလောက်ရှိပါတယ်။ ဆံပင်တွေအရင်းက ပါလာတာများရင် ဆံပင်တွေ ကျွတ်သွားပါတယ်။ ဒါမှမဟုတ် ဆံပင်တွေပြတ်ထွက်သွားရင်တော့ ဆံပင်တွေက အတိုအရှည်မညီဘဲကျိုးကျိုးကြေကြေပေါ့။
နောက်ပြီး ပြန်ခေါက်ခါစဆံပင်လေးတွေလည်း ရောကောသောကော တွေ့နိုင်ပါသေးတယ်။ ပြောချင်တာက ဆံပင်လုံးဝ ပြောင်တလင်းခါပြီး ကွက်နေတာမျိုးကရှားပါတယ်။ပေါက်လက်စဆံတိုငုတ်တွေ၊ အတိုအရှည်မညီတဲ့ အကျိုးအကြေတွေနဲ့ လုံးဝပြောင်နေတဲ့နေရာတချို့ ရောထွေးနေတာများပါတယ်။ ဒါပေမဲ့ သီရေပြားမှာတော့ အနာလည်းမရှိ၊ အကြေးခွံပေါက်တွေလည်း မရှိဘဲ သန့်နေတာပါ။
ဘာကြောင့်ဆံပင်နှုတ်တာလဲ
ကိုယ့်ဆံပင် ကိုယ်ပြန်ဆွဲနှုတ်တဲ့အကျင့်ဟာ တကယ်တော့ စိတ်ကျန်းမာရေး ချို့ယွင်းမှုကြောင့်ပါ။ ရှင်းရှင်းပြောပြရင် မနှုတ်ရရင် မနေနိုင်ဘဲ စိတ်စွဲလမ်းမှုပါပဲ။ ဥပမာပေးရရင် လက်စုပ်တာ၊ လက်သည်းကိုက်တာတွေလို စွဲလန်းနေတဲ့ အကျင့်ဆိုးပါ။ တချို့ကတော့ ဆံပင်ဆွဲနှုတ်ရတာကို အရသာတွေ့ပြီး မသ်ိစိတ်က ကြည်နူးတဲ့ပုံစံမျိုးရှိပါတယ်။
ကျေနပ်နှစ်သက်တဲ့ အသွင်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဆံပင်နှုတ်ချင်အောင် လှုံ့ဆော်မှု (Impulse) ရှိလို့သာ လုပ်ကြတာပါ။ ဒါကြောင့် ဒီပြဿနာကို (Imulae Control Disorder) လို့လည်း ခေါ်ကြပါတယ်။ ဒီလို စိတ်လှု့ံဆော်မှုတွေဟာ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်းတွေနဲ့ ပတ်သက်မှုရှိနိုင်ပါတယ်။ လူတွေ စိတ်ရှုပ်ထွေးတဲ့အခါခေါင်းကိုကုတ်တာ၊ ဆံပင်ကိုဖွတာတွေ လုပ်လေ့ရှိတယ်မဟုတ်လား။ အလွယ်ဥပမာပေးရရင် ဘောလုံးအသင်း နည်းပြတွေဟာ ကိုယ့်အသင်းဘက်ကို ဂိုးတွေ အသွင်းခံလိုက်ရတဲ့အချိန်မှာ ခေါင်းကဆံပင်တွေကို မသိမသာ ကုတ်တာ ဖွတာမျိုးတွေပေါ့။ တီဗွီလာတဲ့ဘောလုံးပွဲတွေကို သတိထားကြည့်ရင် ဒီအမူအယာမျိုး မကြာခဏတွေ့ရတာပါ။
ဘယ်အချိန်ဘယ်နေရာ
အချိန်တိုင်း ဆွဲနှုတ်နေတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လူရှေ့သူရှေ့မှာ ဆွဲနှုတ်ကြတာ ရှားပါတယ်။ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်၊ လူသူနည်းပါးတဲ့ ဝန်းကျင်မျိုးတွေမှာ နှုတ်လေ့ရှိတာများပါတယ်။ တချို့ဆိုရင် အိပ်ရာထဲမှာ အိပ်မပျော်ခင် နှုတ်ကျတယ်၊ တချို့ကျတော့ အိပ်ပျော်နေတုန်းတောင် လက်ကအော်တိုဆွဲနှုတ် နေတာမျိုးပါ။ တချို့ကျတော့ စာကြည့်ရင်း၊ တီဗီကြည့်ရင်း နှုတ်နေတာပါ။ အထူးသဖြင့် အခန်းထဲမှာ နှုတ်နေတာပါပဲ။ မသင်္ကာရင် သော့ပေါက်ကနေ ချောင်းကြည့်မှ အဖြစ်မှန် သိရတာပါ။
ဆံပင်တွေကျွတ်လို့ မသားစုဝင်တွေက ဆေးခန်းကိုခေါ်သွားပြီး ဆရာဝန်ကိုပြတဲ့အခါ ဆရာဝန်ခမျာ မျက်စိလည်ပါလေရော။ ဟိုရောဂါနှင့် လည်းမတူ၊ ဒီရောဂါနှင့်လည်းမဆင်လေတော့ အကြောင်းရှာရခက်ပါတယ်။ ဆံပင်တွေ ကိုယ့်ဘာသာဆွဲနှုတ်သလားလို့ မသင်္ကာလို
့မေးရင်လည်း ကာယကံရှင်က ငြင်းတာများပါတယ်။ ဥပမာပေးရရင် သူခိုးကခိုးပါတယ်လို့ ဘယ်ဝန်ခံပါ့မလဲ။ ဒီတော့ စောစောကပြောသလို ချောင်းကြည့်မှ အဖြေမှန်ပေါ်တာပါ။ တချို့ကျတော့ အမွှေးမြင်သမျှ မနှုတ်ရရင်မနေနိုင်လေတော့ အဲဒီသဲလွန်စကလည်း ရနိုင်ပါတယ်။ ဥပမာ အိမ်မှာရှိတဲ့ ကြောင်တို့၊ ခွေးတို့ရဲ့အမွှေးတွေ၊ ကစားစရာအရုပ်ရဲ့ အမွှေးတွေကိုလည်း အားအားရှိဆွဲနှုတ်နေတတ်တာကိုး။
ကလေးတွေမှာပိုများ
ဒီအကျင့်ဆိုးကို ကလေးတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ကြီးလာရင် သူ့အလိုလို ပျောက်သွားတာပါ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တော့ကြာရင် တစ်သက်လုံးစွဲသွားနိုင်တာမို့ အထူးသတိထားသင့်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်က ပြုလုပ်ထားတဲ့ သုတေသနအရ ဒီပြဿနာဟာ လူတစ်ထောင်မှာ ခြောက်ယောက်အထက်တောင်ရှိဆိုပဲ။
အမျိုးသမီးတွေမှ ပိုပြီးတွေ့ရသတဲ့။ လူငါးဆယ်မှာ တစ်ယောက်နှုန်း ဘဝတစ်သက်တာမှာ တစ်ခါလောက်တော့ ဒီပြဿနာမျိုးရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒီတော့ ပြောရရင် ရှားပါးတဲ့ပြဿနာလို့ ပြောရမှာတောင် မှားနေသလိုပါပဲ။ မိမိတို့ရဲ့ ရင်သွေးငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် တိတိကျကျပြောရရင် (အသက် ၁၁ နှစ်နှင့် ၁၃ နှစ်ကြား) မှာ ဒီအကျင့်ဆိုး မဝင်အောင် အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။ စွဲသွားရင် ကုစားဖို့ အတော်ခက်ပါတယ်။
မစွဲကပ်အောင် ကုစားလို့ရပါမလား
အဓိကနည်းကတော့ အမူအကျင့်ကို ပြောင်းလဲပစ်စေတဲ့ နည်းပါ။ Behavior Modification ပေါ့။ BRT လို့ခေါ်တဲ့ Bhavior Reverse Therapy လို့လည်း ခေါ်ပါတယ်။ အကြမ်းဖျင်းပြောရရင် လှုံ့ဆော်မှုကို အခြားကိစ္စတစ်ခုဖြစ်သွားအောင် လမ်းကြောင်းပြောင်းပေးတာပါ။ ဥပမာ - ဆံပင်နှုတ်ဖို့ လှုံ့ဆော်လာရင် လက်ကဆံပင်မနှုတ်စေဘဲ လက်သီးဆုတ်လိုက်တာမျိုး၊ တယ်လီဖုန်းက ရင်ကိုနှိပ်ပြီး ဂိမ်းဆော့တာမျိုး၊ ဂီတဝါသနာ
ပါရင် ဂစ်တာတီးလိုက်တာမျိုး စသဖြင့်ပေါ့။ စွဲလန်းနေတဲ့ မိသားစုဝင်တွေရဲ့ အကူအညီတွေ၊ ပ့ံပိုးမှုတွေလည်း ရှိမှဖြစ်တာပါ။ ဆေးဝါးအနေနဲ့ကတော့ စိတ်ကျဝေဒနာမှာ သုံးတဲ့ဆေးတွေပဲ သုံးတာများပါတယ်။ ဒီဆေးတွေကို စိတ်ကျန်းမာရေးဆရာယန်ရဲ့ ညွှန်ကြားမှုအရသာ သုံးသင့်ပါတယ်။
ရေရှည်ပြဿနာ
ကြာရင် ဆံပင်တွေက ကွက်လိုကွက်၊ ကျဲလိုကျဲ၊ ကြေလိုကြေနဲ့ ဆံကေသာ ပုံမလာတော့ပါဘူး။ ဒီတော့ ဦးထုပ်နှင့် ဖုံးကွယ်တာမျိုး လုပ်တတ်ပါတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ လူကြားသူကြားတွေထဲလာရမှာ မဝ့ံမရဲဖြစ်ပြီး လူတောမတိုးတော့ပါဘူး။ ခေါင်းကိုကုတ်တာ၊ ဖဲ့တာတွေလုပ်ခဲ့ရင်လည်း ဦးရေပြား ပဲ့ရာခြစ်ရာတွေကနေတစ်ဆင့် အနာဖြစ်တာမျိုးလည်း ကြုံနိုင်ပါတယ်။ ခြုံပြောရရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကနေတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေပါ ဖြစ်လာတော့တာပါ။ ဒါကြောင့် ဒီအကျင့်ဆိုး မစွဲမိအောင် သတိထားကြဖို့နှင့် စွဲနေရင်လည်း အကျင့်ပြတ်သွားအောင် စောစောစီးစီး ဝိုင်းဝန်းကုသကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။
Healthcare.com .m,m
Ref:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Health for all magazine, July 2014, Pg. 63-64