မီးတွင်းစိတ်ဖောက်ပြန်ခြင်း
28-Feb-2017မီးတွင်းစိတ်ဖောက်ပြန်ခြင်း
မိခင်တွေဟာ မွေးပြီး သုံးရက်လေးရက်မြောက်နေ့မှာ အသေးအမွှားလေးတွေကိုတောင် အရမ်းစိတ်ပူတတ်၊ တစ်ခါတလေတော့ ဝမ်းနည်းတတ်၊ အလွယ်တကူ ငိုတတ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့် ၊ မောပန်းနွမ်းနယ်မှုကြောင့်၊ စိတ်လှုပ်ရှားမှုကြောင့်၊ မွေးလမ်းကြောင်းနှင့် ရင်သားတွေမှာ နာကျင်မှုတွေကြောင့် ဖြစ်တာပါ။ အဲလိုဖြစ်တာဟာ သိပ်မကြာပါဘူး။ ၁ ရက်၊ ၂ရက်ပါပဲ။ ငိုချင်ရင် အားရပါးရ ငိုလိုက်၊ ဒါမှမဟုတ် အားရပါးရ အိပ်လိုက်ရရင် သက်သာသွားပါတယ်။ တစ်ခါတလေကျတော့ ခင်ပွန်းသည် ဒါမှမဟုတ် ရင်းနှီးတဲ့သူကို ခံစားရတာတွေ ဖွင့်ပြောလိုက်ရင် သက်သာသွားပါတယ်။
မီးတွင်းစိတ်ဖောက်ပြန်မှုဆိုတာ ဘာလဲ။
မီးတွင်းစိတ်ဖောက်ပြန်မှုက ရှားတော့ရှားတယ်။ ဖြစ်ရင်မွေးပြီး ပထမပတ်အတွင်း တွေ့ရတတ်တယ်။ အိပ်ရေးပျက်တယ်။ နောက်နေ့လည်း အိပ်ရေးပျက်တယ်။ ၃ ရက်လောက်လဲ အိပ်ရေးပျက်ရော သူ့အမူအယာက နည်းနည်းလေးလံထှိုင်းမှိုင်းလာတယ်။ အဲဒီလို အိပ်မပျော်ဘူးဆိုတာက အစပြုပြီးတော့ နဂိုကထက် စကားများများ ပြောလာတာမျိုးရှိတယ်။ တချို့ကျတော့လည်း စကားမပြောတော့ဘဲ တုံဏိဘာဝေ ဖြစ်သွားတာရှိတယ်။ တချို့ကျတော့လည်း အော်ဟစ်နေတာမျိုးရှိတယ်။ တချို့ကျတော့ သူ့ကလေးကို ကလေးမှန်းမသိတော့ဘူး။ နို့လည်းမတိုက်ဘူး။ မတိုက်ဘဲနဲ့ ကိုင်ဆောင့်တာမျိုး၊ ပစ်ပေါက်တာမျိုး၊ လည်ပင်းညှစ်တာမျိုး လုပ်တဲ့အထိတောင် ဆိုးတတ်ပါတယ်။ မီးတွင်းစိတ်ဖောက်ပြန်မှုဖြစ်ရင် စိတ်အထူးကုဆရာဝန်ကြီးနှင့် ပြပေးဖို့လိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးပွားကျန်းမာရေး အမေး - အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။