ပုရိသယောကျ်ားများ ထုတ်ဖော်ပြောလေ့မရှိသောရောဂါ
28-Feb-2017ပုရိသယောကျ်ားများ ထုတ်ဖော်ပြောလေ့မရှိသောရောဂါ
စိတ်ကျရောဂါနှင့်အမျိိုးသား
စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း Depression ဝေဒနာကို အားနွဲ့သူ အမျိုးသမီးများသာမက အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားများသည်လည်း ခံစားရလေ့ရှိသည်။ ကမ္ဘာကျန်းမာရေးအဖွဲ့၏ အဆိုအရ အာရှနှင့် အနောက် ပစိဖိတ်နိုင်ငံများတွင် လူ ၃၃ သန်းခန့်သည် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျ ဆင်းခြင်း၊ ဝေဒနာ၏ ဖိစီးနှိပ်စက်မှုကို ခံစားနေကြရကြောင်း သိရှိရသည်။ ၎င်းအဖွဲ့ကြီး၏ ၁၉၉၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ ခြောက်ရာခိုင်နှုန်းခန့်သည်လည်းကောင်း၊ အမျိုးသားများ၏ သုံးရာခိုင်နှုန်းခန့်သည် လည်းကောင်း၊ စိတ်ကျရောဂါကို ခံစားရလျက်ရှိကြောင်း ဖော်ပြထားသည်။
စိတ်ကျရောဂါ ခံစားနေရသူများအနက် အမျိုးသားများ၏ ဦးရေသည် အမျိုးသမီးများ၏ ဦးနှောက်ထက် လျော့နည်းရခြင်းမှာ အမျိုးသားများသည် အမျိုးသမီးများလောက် ဝေဒနာ ခံစားမှုကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် အကူအညီတောင်း ခံခြင်းမရှိ၍ ဖြစ်ကြောင်း သုတေသနများက ယူဆကြသည်။ အမျိုးသားများသည် ရင်တွင်း၌ ဖြစ်ပေါ်ခံစားနေရသော စိတ်လှုပ်ရှားမှုကို ဖော်ပြရာ၌ အမျိုးသမီးများနှင့်မတူ ကွဲပြားခြားနားသဖြင့် ရောဂါ၏ ဇာစ်မြစ်ကိုရှာဖွေရန် ခက်ခဲသည်။ ရောဂါ၏ ဇာစ်မြစ် အရင်းအမှန်ကို မသိရှိနိုင်ခြင်းကြောင့် ပျောက်ကင်းအောင် ကုသရာ၌လည်း အခက်အခဲ ဖြစ်ပေါ်စေသည်။
စိတ်ကျရောဂါနှင့်ဒေါသ
အများစုက ဝမ်းနည်းကြေကွဲဖွယ်ရာ ခံစားမှုနှင့်အတူ စိတ်ကျရောဂါ ဒွန်တွဲလျက် ရှိပါသည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ အမျိုးသားများအတွက် ၎င်းယူဆချက်မှာ မှန်ကန်ခြင်းမရှိပေ။ အမျိုးသားများတွင် ဝမ်းနည်းပူဆွေးခြင်းနှင့်အတူ စိတ်ကျရောဂါ ကို ဖြစ်ပေါ်ခံစားရလေ့ရှိသော်လည်း အမျိုးသားများတွင် စိတ်ဆိုးဒေါသဖြစ်ခြင်း၊ သည်းမခံနိုင်ခြင်းတို့နှင့် ယှဉ်တွဲ၍ စိတ်ကျရောဂါကို ခံစားရလေ့ရှိသည်။
စိတ်ကျရောဂါကို ခံစားနေရသော အမျိုးသမီးများသည် နှစ်သိမ့် အားပေးမှုကို ရှာဖွေပြီး လောကကြီးအပေါ် မကျေနပ်မှု၊ စိတ်ပျက်မှုများနှင့် စပ်လျဉ်း၍ မိမိဘာသာ ကြိတ်မှိတ်မြိုသိပ်လေ့ရှိ သော်လည်း စိတ်ကျရောဂါကို ခံစားရသော အမျိုးသားများသည် မိသားစုဝင်များ၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် ခပ်စိမ်းစိမ်းနေတတ်ပြီး ရန်လိုသောအပြုအမူများကို ပြုမူလေ့ရှိသည်။ ဇနီးမယား သားသမီးနှင့် လုပ်ဖော်ကိုက်ဖက်များကိုပင် ရိုက်နက်၍ ရန်ပြုလေ့ရှိကြောင်း စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက ပြောဆိုကြသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်ဇင်
Health for all magazine, August 2016, pg. 18-19