စိတ်ဖိစီးမှုကို လျော့နည်းစေမည့် သဘာဝစူပါအစားအစာများ
28-Feb-2017စိတ်ဖိစီးမှုကို လျော့နည်းစေမည့် သဘာဝစူပါအစားအစာများ
သင့်ရဲ့ စိတ်ခံစားမှု အခြေအနေတွေနှင့် သင့်ရဲ့ခနွာကိုယ်ကို ကာကွယ်ဖို့အတွက် ကူညီပေးနိုင်ပြီး စိတ်ဖိစီးမှုအခြေအနေကို လျော့နည်းထိန်းညှိပေးနိုင်တဲ့ သဘာဝစူပါ အစားအစာ လေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။
ထောပတ်သီး
အစိမ်းရင့်ရောင်ရှိတဲ့ ထောပတ်သီးမှာ စိတ်ဖိစီးမှု အခြေအနေကို စွမ်းအားပြည့် တိုက်ခိုက်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းနှစ်မျိုး ပါဝင်နေပါတယ်။ Monounsaturated Fatty Acids (MUFAs) နှစ်မျိုးပါပဲ။ အဲဒီဓာတ်ပစ္စည်းနှစ်မျိုးဟာ သွေးဖိအားအခြေအနေကို လျော့နည်းစေပြီး MUFA ဟာ စိတ်ကျရောဂါရန်ကနေ ကင်းဝေးစေဖို့ ကူညီပေးနိုင်ပါတယ်။ ၁၁ နှစ်ကြာ လေ့လာခဲ့တဲ့ သုတေသနပြုချက်တွေအရ MUFAs ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားပေးခြင်းအားဖြင့် စိတ်ကျရောဂါကို လျော့နည်းစေကြောင်း ရှာဖွေတွေ့ရှိထားကြသည်။ သုတေသနတွေရဲ့ လေ့လာမှုများအရ MUFAs ဟာ ဦးနှောက်ရဲ့ စိတ်ခံစားမှု အခြေအနေတွေကို တိုးတက်ကောင်းမွန်စေပါတယ်။
ငါး
သင့်ရဲ့ နေ့စဉ်စားသုံးမှုပုံစံထဲမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (Omega 3 Fatty Acids) ပါဝင်တဲ့ အစားအစာတွေကို ထည့်သွင်းစားသုံးပေးခြင်းအားဖြင့် စိတ်ဖိစီးမှုအခြေအနေကို ထိန်းညှိ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိကြပါတယ်။ အဲဒီ Essential Fats ဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပြီး စိတ်ကျရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ၈၅ ဂရမ်ရှိတဲ့ ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးတွေကို တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ် သို့မဟုတ် သစ်ကြားသီးကို နေ့စဉ်ပုံမှန် လက်တစ်ဆုပ်စာလောက် စားသုံးပေးခြင်းအားဖြင့် စိတ်ကျရောဂါရန်မှ ကာကွယ်ပေးနိုင်ပါတယ်။ ဆော်လမွန်ငါး၊ တူနာငါးစတဲ့ ပင်လယ်စာငါးတွေဟာ အဆီများတဲ့ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးတွေပဲဖြစ်ပါတယ်။
ချောကလက် အမည်းစစ်စစ်
ဂျာမန်သုတေသီတွေရဲ့ လေ့လာမှုအကြီးစားတွေအရ ချောကလက်အမည်းစစ်စစ်ကို ပုံမှန် ၁၀ နှစ်ကျော်လောက် စားသုံးမှုတွေဟာ မစားသုံးသူတွေထက် သွေးဖိအားအခြေအနေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တခြားသော လေ့လာမှုသုတေသနတွေ အရ ချောကလက်အမည်းကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် စိတ်ဖိစီးမှုဟော်မုန်းတွေ တိုးပွားခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။ သို့သော် ချောကလက်အမည်းမှာ အဆီဓာတ်၊ သကြားဓာတ်နဲ့ ကယ်လိုရီဓာတ်များ မြင့်မားစွာ ပါဝင်နေတဲ့အတွက်ကြောင့် စားသုံးမယ်ဆိုရင် တစ်နေ့ကိုလေးကြိမ် တစ်ခါစားပမာဏအနည်းငယ်ကို စားသုံးဖို့သင့်ကြောင်း လေ့လာသူတွေက အကြံပြုပြောကြားထားပါတယ်။
နို့မပါတဲ့ လက်ဖက်ရည်
လန်ဒန်ရှိ သုတေသီတွေရဲ့ လေ့လာသုတေသနတွေအရ နို့မပါဝင်တဲ့ လက်ဖက်ရည်ဟာ အာရုံကြောများ နာကျင်ခြင်းတွေ မြန်မြန်ဖြစ်ပွားခြင်းကို ပြန်လည်ကုစားပေးနိုင်တယ်လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ သုတေသနပြုချက်တွေအရ တစ်နေ့ကို နို့မပါဝင်တဲ့ လက်ဖက်ရည်လေးခွက် ပုံမှန်သောက်ပေးခြင်းအားဖြင့် ခြောက်ပတ်အကြာမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ (Cortisol) ဟော်မုန်းတွေရဲ့ အခြေအနေကို လျော့နည်းစေပြီး စိတ်ခံစားမှု အခြေအနေတွေ ပိုမိုပြီး လန်းဆန်းတက်ကြွစေကာ စိတ်ဖိစီးမှုခံစားရတဲ့ အခြေအနေကို ကောင်းမွန်စေပါတယ်။ နို့မပါဝင်တဲ့ လက်ဖက်ရည် ပုံမှန်သောက်သုံးတဲ့ လူတွေဟာ မသောက်သုံးသူတွေထက် ဒီလိုမျိုး အခြေအနေတွေ ရရှိခံစားနိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ တခြားသော
လေ့လာမှု သုတေသနတွေအရ နို့မပါဝင်တဲ့ လက်ဖက်ရည်ပုံမှန် သောက်သုံးသူတွေဟာ
စိတ်ခံစားမှု အခြေအနေတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို
တိုးတက်ကောင်းမွန်စေနိုင်ကြောင်း သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Aunty Mun
Fef: Reader’s Digest,Feb,2013