Print

Diazepam ဒိုင်ရာဇီပင် စွဲခြင်း

  28-Feb-2017
Preview Image

Diazepam ဒိုင်ရာဇီပင် စွဲခြင်း 
စိတ်ငြိမ်ဆေး ဖြစ်တဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ် (Diazepam / Valium) အပါအဝင် ဘင်ဇိုဒိုင်ရာဇီပင်း အုပ်စု (Benzodiazepine family) ဟာ ဆေးစွဲစေခြင်းနဲ့ နာမည်ကျော်ပါတယ်။ “သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး” ဆိုတဲ့ အတိုင်းပါပဲ။ မြန်မာပြည်မှာ ထိုးဆေးတွေကို ကြိုက်သလို ဝယ်လို့ရတဲ့ နေရာမျိုးမှာ ပိုပြီး သတိနဲ့ အသိရှိသင့်ပါတယ်။ 

၁၉၆ဝ နှစ်များက စတင်ပေါ်ပေါက်လာတဲ့ ဒိုင်ရာဇီပင် သို့မဟုတ် ဗေလီယမ်ဟာ ၁၉၇၉ ခုနှစ်လောက်မှာ အင်္ဂလန်မှာ သုံးစွဲမှု အထွတ်အထိပ်ကိုရောက်ပါတယ်။ ဒီဆေးအတွက် ရေးတဲ့ဆေးစာပေါင်း ၃၁ သန်းရှိခဲ့ပါသတဲ့။ အများစုက အသက်ကြီးတဲ့သူတွေပါ။ ရင်တုန်လို့၊ အိပ်မပျော်လို့၊ ရောဂါပေါင်းစုံနဲ့ နာကျင်ကိုက်ခဲနေလို့ စသဖြင့် အကြောင်းတွေနဲ့ စတာပေါ့။ 

သုံးကောင်းကောင်းနဲ့ သုံးလာလိုက်တာ နှစ်နှစ် အကြာ ၁၉၈၁ ကျမှ ဒီဆေးဟာ အရမ်းစွဲစေမှန်းသိလာကြပါတယ်။ သူက လုံးဝ မကောင်းတဲ့ဆေးတော့လည်း မဟုတ်ပါဘူး။ တက်တဲ့အခါ (seizures) နဲ့ မေ့ဆေးမပေးမီ (pre-medication) အတွက် အသုံးဝင်ပါတယ်။ စိတ်ငြိမ်ဆေးအဖြစ်လည်း တစ်ခဏတာ စည်းကမ်းရှိရှိသုံးမယ်ဆို သုံးလို့ ရပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် မသုံးသင့်ပါဘူး။ အိပ်ဆေးအနေနဲ့ သုံးမယ်ဆိုရင်တော့ ပိုပြီးသတိထားရပါလိမ့်မယ်။ လနဲ့ ချီသွားရင် စွဲသွားပြီမို့ ဖြတ်ရခက်တတ်ပါတယ်။ ဘာအတွက်ပဲသုံးသုံး လေးပတ်ထက် မပိုသင့်ပါဘူး။ ဖြစ်နိုင်ရင် ရက်ခြားပဲ သုံးသင့်ပါတယ်။

ဆေးစွဲခြင်း ရဲ့ လက္ခဏာတွေကတော့ 
- ဆေးကိုမသောက်ပဲမနေနိုင်ခြင်း၊ ဆေးကို မရမကရှာဖွေသုံးစွဲခြင်း (Craving or compulsion) 
- လိုအပ်သောအာနိသင်ရရန် ဆေးပမာဏ တိုးသောက်ရခြင်း၊ တစ်နည်းအားဖြင့် ဆေးမတိုးတော့ခြင်း 
- ဆေးမသောက်ရလျှင် ကတုန်ကယင်နှင့် ဆေးသောက်မှ စိတ်ငြိမ် အိပ်ပျော်ခြင်း 
- ဆေးသည်သာ ဘဝကို စိုးမိုးထားပြီး အခြားကိစ္စများကို ပို၍ပို၍ စိတ်မဝင်စားတော့ခြင်း - ဆေးသုံးစွဲခြင်းသည် မကောင်းမှန်းသိလျက် မရပ်နိုင်ပဲ ဆက်လက် သုံးမြဲသုံးနေခြင်း

ဆေးစွဲသွားပြီးမှ ဖြတ်ရတာ အင်မတန် ခက်ခဲပါတယ်။ မဖြတ်ပဲထားတော့လည်း ဆေးအာနိသင်က လျော့လျော့လာပြီး ဆေးပမာဏကိုတိုးတိုးသောက်ရင်းနဲ့ နောက်ဆုံး ဆေးလုံးဝမတိုးတဲ့အဆင့် ရောက်လာတတ်ပါတယ်။

ဆေးရဲ့ အာနိသင်တစ်ခုက အိပ်မက်မက်စေတဲ့ အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းကို ဖိနှိပ်ထားတာမို့ ဆေးအာနိသင် မပြနိုင်တော့တဲ့အခါ တစ်ခါတရံ အိပ်မက်ဆိုးများ မက်တတ်ပါတယ်။ ဆေးဖြတ်တဲ့အချိန်မှာလည်း ဒီပြဿ နာ ရှိပါတယ်။ နေ့ည အချိန်နေရာတွေမှား (Disorientation) ကယောင်ကတန်းတွေ မြင် (Visual Hallucination) နဲ့ တော်တော် ခံစားရတတ်ပါတယ်။ ဆေးဖြတ်တဲ့အချိန်မှာ
လိုအပ်လျှင် ဆေးရုံတက်ရပါမယ်။ ဆေးကိုလည်း တဖြည်းဖြည်းချင်းဖြတ်ရပါတယ်။ ဒီလိုမှမဟုတ်ရင် လူနာက မခံနိုင်တာနဲ့ ပြန်ခိုးသုံးတာတို့၊ ဆေးရုံက ဆင်းပြေးတာတို့ ဖြစ်တတ်လို့ပါ။ 

ဆေးစွဲတာကို မသုံးဘဲ ချက်ချင်းဖြတ်လျှင် အောင်မြင်ဖို့ နည်းပါတယ်။ ဆေးဖြတ်သည့်ကာလ တစ်တောက်လျှောက်လုံး မိသားစုရဲ့ နားလည်မှုနဲ့ ဖေးမမှု အရေးကြီးပါတယ်။ ဒီလို ပြဿ နာ ပေးနိုင်တဲ့ဆေးကို ဖြစ်နိုင်ရင် မသုံးတာအကောင်းဆုံးပါ။ ကိုယ့်သဘောနဲ့ကိုယ်တော့ ပိုလို့တောင် မစသင့်ပါ။ ပုံမှန်ခဏသုံးစဉ်မှာလည်း မတည့်တဲ့လူတွေမှာ Paradoxical effect လို့ခေါ်တဲ့ ပြောင်းပြန်အာနိသင် ရတတ်ပါတယ်။ စိတ်ငြိမ်ရမယ့် အစား ပိုပြီးဂနာမငြိမ် ဖြစ်တာပေါ့။ ခေါင်းမူး ထိုင်းမှိုင်းတာလည်း ဖြစ်တတ်လို့ ကားတို့၊ စက်ပစ္စည်းတို့ မောင်းခြင်း သုံးခြင်း မပြုလုပ်သင့်ပါဘူး။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Nu Thwe Public Health in Myanmar Tuesday, August 26, 2008 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18