အဲလ်ဇိုင်းမားရောဂါကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရားများ
28-Feb-2017အဲလ်ဇိုင်းမားရောဂါကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရားများ
အဲလ်ဇိုင်းမားရောဂါကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရားများကိုမူ ယနေ့တိုင် ပြည့်ပြည့်စုံစုံ သဘောပေါက်သိရှိနိုင်ခြင်း မရှိသေးပေ။ အလွန်ရှားပါးသော ကိစ္စဖြစ်သည့် မျိုးရိုးဗီဇဆိုင်ရာ သန္ဓေပြောင်းခြင်း (Genetic mutations) ကြောင့် မျိုးရိုးလိုက်၍ ရောဂါခံစားရခြင်းမျိုး ရှိတတ်သော်လည်း ထိုကဲ့သို့ ဖြစ်ပွားရခြင်းသည် တစ်ရာခိုင်နှုန်းခန့်သာ ရှိမည်ဟု သိရသည်။
မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နှင့် လူနေထိုင်မှုစရိတ်တို့၏ ရှုပ်ထွေးသော တုံ့ပြန်မှုများသည် ရောဂါ
ဖြစ်ပွားမှု အားလုံးနီးပါးတွင် တွေ့ရှိရသည်။ အသက်နှင့်မျိုးရိုးဗီဇသည် ရောဂါဖြစ်ပွားရခြင်း အခန်းကဏ္ဍ အတော်များများတွင် ပါဝင်ပတ်သက်လျှက်ရှိသည်ကို တွေ့ရသည်။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ချင့်ချိန်စားသောက်ခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြ့ံခိုင်ရေးတို့အတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အဲလ်ဇိုင်းမားရောဂါ ဖြစ်ပွားမည့် အန္တရာယ်မှ လျော့ပါးစေနိုင်သည်။
ပရိုတင်းအနွယ်များဖြစ်သော အေမီလွိုက် amyloid နှင့် တောတန်ဂါလ် Tau-tangles တို့သည် ဦးနှောက်အတွင်း ပြန့်နှံ့ရောက်ရှိလာပြီး အထူးသဖြင့် ကော်တက် Cortex နှင့်
ဟစ်ပိုကမ်ပါ့(စ်) Hippocampus ဟူသော ဦးနှောက်အစိတ်အပိုင်းများတွင် ပိုမိုတွေ့ရှိရ
သည်။ အရေးကြီးသော ဓာတုဗေဒ ဓာတ်ကူးပစ္စည်း ဖြစ်သည့် အက်စီတိုင်ကိုလင်း Acetylcholine ပမာဏမှာလည်း လျော့နည်းကျဆင်းပြီး ဦးနှောက်၏ သွေးကြောများမှာ
လည်း ပျက်စီးမှုရှိလာသည်။
ဦးနှောက်အတွင်း နာတာရှည် ခံစားနေရသော ရောင်ရမ်းမှု Chronic Inflammation က ဦးနှောက်အတွင်း သွေးကြောများ ပျက်စီးမှုအခြေအနေကို ပိုမိုဆိုးရွားစေပြီး ပြင်းထန်သော တုံ့ပြန်မှုကို ပေးနိုင်စွမ်းသည့် မော်လီကျူး များ ( Free Radicals) ကြောင့်လည်း ဦးနှောက် တစ်သျှူးများကို ပျက်စီးစေသည်။ ဦးနှောက်အတွင်းရှိ ဆဲလ်များ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု
တဖြည်းဖြည်း ပြတ်တောက်သွားပြီး နောက်ဆုံးတွင် ဦးနှောက်အတွင်းရှိ ဆဲလ်များ
အလိုအလျောက် သေကြေပျက်စီးကြရသည်။
အဲလ်ဇိုင်းမားရောဂါ၏ လက္ခဏာများမှာ -
• မှတ်ဉာဏ်ချို့ယွင်းလာခြင်း၊
• ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆင်ခြင်တုံတရား နည်းပါးလာခြင်း၊ ကျဆင်းလာခြင်း၊
• နိစ္စဓူဝ ဆောင်ရွက်နေကျ ကိစ္စရပ်များကို ဆောင်ရွက်ရန် အခက်အခဲရှိလာခြင်း။
• ဘာသာစကား ပြောဆိုရန် အခက်အခဲရှိလာခြင်း။
• အချိန်နှင့်နေရာကို မှတ်သားနိုင်စွမ်း ကျဆင်းလာခြင်း၊
• စိတ္တဇဆန်သော (Abstract thinking) အတွေးအခေါ်များ တွေးခေါ်လာခြင်း၊
• စိတ်နေသဘောထားနှင့် အပြုအမူပြောင်းလဲလာခြင်း၊
• ဥပဓိရုပ် ပြောင်းလဲလာခြင်း၊
• ကိုယ်စွမ်းကိုယ်စ (ကိုယ်ရည်ကိုယ်သွေး) ဆုံးရှုံးခြင်း၊
အဲလ်ဇိုင်းမားရောဂါသည် စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်သောကဖြစ်ခြင်းနှင့် အိပ်မပျော်ခြင်း
စသည့် ဝေဒနာများနှင့် ယှဉ်တွဲဖြစ်ပေါ် ခံစားရလေ့ရှိသည်။ ရောဂါဖြစ်ပွားတိုးတက်မှု
ပုံသဏ္ဍာန်မှာ လူနာ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားလေ့ရှိသည်။ ရောဂါဖြစ်ပွားရသည့်
ကာလမှာ ၃နှစ်မှ အနှစ် ၂၀ အထိ ရှည်ကြာတတ်သည်။ ၎င်းရောဂါ ဖြစ်ပွားခံစားနေ
ရကြောင်း သိရှိပြီးလျှင် သက်တမ်းအားဖြင့် ရှစ်နှစ်ခန့်သာ ဆက်လက်ရှင်သန်နိုင်ကြောင်း
သိရှိရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်ဇင်
Health for all magazine,May 2015, Pg. 42