စိတ်မကျန်းမာသူ၏ လက္ခဏာ
22-Apr-2017လူတိုင်းလူတိုင်းအတွက် ကိုယ်ခန္ဓာကျန်းမာမှုသည် အရေးကြီးသလို စိတ်ကျန်းမာမှုသည်လည်း အရေးပါလှသည်။ ကိုယ်ခန္ဓာ ကျန်းမာနေသော်လည်း စိတ်ကျန်းမာမှု မရှိပါက ကျန်းမာရေးနှင့် ပြည့်စုံသောသူတစ်ဦး ဖြစ်လာမည်မဟုတ်ပါ။ စိတ်ထောင်းလျှင် ကိုယ်ကြေဟူသော စကားက စိတ်မကျန်းမာလျှင် ကိုယ်ခန္ဓာကိုပါ ထိခိုက်လာနိုင်ကြောင်း ဖော်ပြလျက် ရှိပေသည်။ စိတ်ကျန်းမာမှုမရှိလျှင် လူ့ဘဝ၏ ပျော်ရွှင်မှု၊ သာယာမှု သုခအဝဝတို့သည် ထိုသူအတွက် မည်သို့မျှ အဓိပ္ပာယ် မရှိတော့ချေ။ မည်သို့မျှလည်း ခံစားနိုင်တော့မည်မဟုတ်တော့ဘဲ လူပတ်ဝန်းကျင်နှင့် ဆက်ဆံမှုတွင်လည်း ပြေပြေပြစ်ပြစ် ရှိတော့မည်မဟုတ်ပေ။
ကိုယ်ခန္ဓာကျန်းမာမှုရှိမရှိ သိနားလည်နိုင်ရေးအတွက် ရှင်းပြရန် လိုမည်မဟုတ်ပါ။ ဖျားနာခြင်း၊ နာမကျန်းဖြစ်ခြင်းကို လူတိုင်းသိကြသည်။ လူတိုင်းခံစားဖူးကြသည်။ ကိုလက်မအီမသာဖြစ်လာခြင်း၊ ကိုယ်ပူလာခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့မှာ ကိုယ်ခန္ဓာမကျန်းမာမှု၏ ရောဂါလက္ခဏာများဖြစ်ကြကြောင်း လူတိုင်းသိကြသည်။ ကြုံတွေ့ဖူးကြသည်။ သို့သော် စိတ်ကျန်းမာခြင်းရှိ မရှိကိုမူ ကိုယ်ခန္ဓာ ကျန်းမာမှုကဲ့သို့ လူတိုင်း လွယ်လင့်တကူ သိကြမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်မိမိ သိနားလည်ရန် ခက်ခဲသည့်အတွက်ကြောင့် ဖြစ်၏။ မိမိစိတ်အကြောင်း မိမိနားလည်ရန် ခက်ခဲသလို အခြားသူများ၏ စိတ်ကိုလည်း နားလည်ရန်ခက်ခဲသည်။ ရုပ်ကိုအာရုံငါးပါးမှ တစ်ပါးပါးဖြင့် ခံစား၍ရနိုင်သည်။ ရုပ်ရှိသည်ကို မြင်နိုင်သည်။ ထိတွေ့ကြည့်နိုင်သည်။ သို့သော် စိတ်ကိုကား အာရုံငါးပါးဖြင့် ခံစား၍ မရချေ။ ထို့ကြောင့် မြင်တွေ့ထိတွေ့၍ မရသောစိတ်သည် နာမကျန်းဖြစ်လာသောအခါ လွယ်လင်းတကူ သိရှိနားလည်ရန် ပိုမိုခက်ခဲလာခြင်း ဖြစ်ပေသည်။
ဤသို့ဆိုလျှင် မည်သည့်ခြင်းရာ လက္ခဏာရပ်များအရ စိတ်ကျန်းမာရေးကို အကဲဖြတ်မည်နည်း။ စိတ်မကျန်းမာမှုကို ပြသည့်ရောဂါလက္ခဏာရပ်များ အမြောက်အများရှိပါသည်။ ရှက်တတ်ခြင်း၊ ကြောက်တတ် ခြင်း၊ စိတ်မလုံမလဲဖြစ်ခြင်းတို့သည် မိမိကိုယ်မိမိ ယုံကြည်မှုမရှိခြင်း သို့မဟုတ် စိတ်လုံခြုံမှုမရှိခြင်းကို ပြပေသည်။ နာကျည်းလွယ်ခြင်း၊ ဒေါသအိုးပေါက်ကွဲတတ်ခြင်း၊ ခနဲ့တတ်ခြင်း၊ မနာလိုတတ်ခြင်းတို့သည် စိတ်မတည်ငြိမ်မှုကို ပြသည့်လက္ခဏာရပ်များဖြစ်ကြသည်။ အာဃာတ ထားတတ်ခြင်း၊ မိမိထက် သာလွန်လျှင် မခံမရပ်နိုင် ဖြစ်ခြင်းတို့သည် ရန်လိုမှု၏ ပြယုဂ်များဖြစ်ကြသည်။ သုန်သုန်မှုန်မှုန်ဖြစ်နေခြင်း၊ မကြာခဏ စိတ်ညစ်တတ်ခြင်းနှင့် မိမိကိုယ်မိမိ သတ်သေလိုစိတ်ရှိခြင်းတို့သည် ဆိုးရွားသည့် စိတ်မကျန်းမာမှုကို ပြပေသည်။
စိတ်ကျန်းမာသူတွင် စိတ်တင်းကျပ်သည့် လက္ခဏာများလည်း မတွေ့မြင်ရပေ။ သူ့အားကြည့်ရသည်မှာ သက်သောင့်သက်သာရှိပေသည်။ စိတ်မကျန်းမာသူတွင်မူ စိတ်ညစ်လွယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်တင်း ကျပ်ခြင်းစသည့် လက္ခဏာများတွေ့ရသည်။ ထို့အပြင် စိတ်တင်းကျပ်မှုကို လျော့ပါးစေသည့် အခြားအပြုအမူ များကိုလည်း တွဲဖက်လျက်တွေ့ရသည်။ မိမိ၏လက်သည်းအား ပါးစပ်ဖြင့်ကိုက်ခြင်း၊ အော်ဟစ်ငိုခြင်းတို့သည် စိတ်တင်းကျပ်မှုကို လျော့ပါးအောင် ပြုလုပ်သည့် အပြုအမူများ ဖြစ်ကြသည်။ အချို့ကမူ စကားထစ်၍ လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို လှုပ်၍လည်းကောင်း စိတ်တင်းကျပ်ခြင်းကို လျော့ပါးအောင် ပြုလုပ်ကြသည်။ ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ် ဆက်တိုက်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ရက်ရှည်လများ တစ်ကိုယ်တည်းကာမဖြေခြင်းတို့ သည်လည်း စိတ်တင်းကျပ်မှုကို လျော့ပါးအောင်ပြုလုပ်သည့် အပြုအမှုများဖြစ်ကြသည်။
စိတ်ကျန်းမာသူတို့သည် စိတ်တည်ငြိမ်သူများ ဖြစ်ကြသည့်အလျောက် ၎င်းတို့တွင် အတ္တကာကွယ်မှု ယန္တရားများလည်း မရှိပေ။ လူအများ၏ အထင်သေးမှုမှ ကာကွယ်ရန် မိမိပြုလုပ်သမျှ အကြောင်းသည် ကောင်းမွန်ပါကြောင်း ဖော်ပြနေခြင်းသည် အတ္တကာကွယ်မှုတစ်ခုဖြစ်၏။ စိတ်ကူးယဉ်တတ်ခြင်း၊ စာနာမှုတောင်းခြင်း၊ ထော်လော်ကန့်လန့် ပြုလုပ်တတ်ခြင်း စသည့် အတ္တကာကွယ်မှု ယန္တရားများ လွန်ကဲစွာရှိနေခြင်းသည် စိတ်မကျမ်းမာမှုကို ပြပေသည်။ မိမိ၏ သိစိတ်နှင့်ယှဉ်၍ ပြုလုပ်ခြင်း မဟုတ်ဘဲ အလိုအလျောက် ပြုလုပ်ခြင်းကြောင့် ယန္တရားဟု ခေါ်ဆိုခြင်းဖြစ်သည်။
စိတ်ကျန်းမာသူတို့သည် အခြားသူများနှင့် ဆက်ဆံရာတွင် ပြေပြစ်မှု၊ အဆင်ပြေမှု ရှိသည့်အလျောက် ၎င်းတို့တွင် အလွန်ရင်းနှီးသည့် မိတ်ဆွေများနှင့် သိကျွမ်းသူ အမြောက်အမြား
ရှိကြသည်။ စိတ်မကျန်းမာသူတို့ မှာမူ ထိုသို့မဟုတ်ပေ။ လူအများနှင့် ကင်းကင်းရှင်းရှင်း နေလိုသည်။ လူပုံအလယ်တွင် မနေတတ်မထိုင်တတ် ဖြစ်ပြီး လူအများနှင့် မပျော်ရွှင်တတ်ပေ။ ထို့ကြောင့် သူ့တွင်မိတ်ဆွေသင်္ဂဟများများမရှိပေ။ အခြားသူများအား ထိခိုက်အောင်အတင်းပြောခြင်း၊ အမှားသတင်းဖြင့် ကောလာဟလလွှင့်ခြင်း၊ လိမ်ညာခြင်း၊ ခိုးဝှက်ခြင်း၊ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း၊ မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်းစသည့် အပြုအမှုများလည်း ထိုသူတို့တွင် ရှိတတ်သည်။
စိတ်ကျန်းမာရေးတို့တွင် သူတို့ဘဝအတွက် ရည်မှန်းချက်များလည်း ထားရှိကြသည်။ ထိုရည်မှန်းချက် များ အောင်မြင်ရန်လည်း မိမိပတ်ဝန်းကျင်၊ မိမိယဉ်ကျေးမှု ဓလေ့ထုံးစံများက လက်ခံခွင့်ပြုသည့် နည်းလမ်း များ၊ အပြုအမှုများဖြင့် ဆောင်ရွက်ကြသည်။ အောင်မြင်ရန်လည်း ကြိုးစားအားထုတ်မှုရှိသည်။ စိတ်မကျန်းမာ သူတို့တွင် ဤကဲ့သို့သော ဘဝရည်မှန်းချက်များလည်း မရှိ၊ ရှိလျှင်လည်း ပြတ်ပြတ်သားသား မရှိဘဲ အားလုံးရောထွေးရှုပ်ပွေလျက် ရှိတတ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်လာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းမှုလည်း မရှိတတ်ပေ။ ဖော်ပြပါ အချက်တို့သည်ကား စိတ်ကျန်းမာမှုရှိသူနှင့် စိတ်ကျန်းမာမှု မရှိသူတို့၏ လက္ခဏာရပ်များ ဖြစ်ကြပေ၏။
7887 ကျန်းမာရေး Call Center / Healthcare.com.mm
Credit:
ခင်မောင်သန်း (စိတ်ပညာ)