မျိုးရိုးဗီဇဆိုင်ရာများနှင့်စိတ်ကျန်းမာရေး
20-Dec-2017လူတွေမှာ မွေးရာပါဗီဇရှိတယ်ဆိုတာကို ကြားဖူးပါတယ်ဆရာ။ အဲဒီမွေးရာပါ စိတ်နေစိတ်ထား ဗီဇနဲ့စရိုက်ဟာ မျိုးရိုးလိုက်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။
လူတစ်ဦးနဲ့တစ်ဦးက မတူပါဘူး။ မတူဘူးဆိုတာက “ဗီဇ” ပေါ့။ ဗီဇဆိုတာ မျိုးရိုးဗီဇလို့လည်း ခေါ်လို့ရပါတယ်။ ဒါကြောင့် တချို့ကပြောကြပါတယ်။ “လူမှာအမျိုး ကြက်မှာအရိုး” ဆိုပြီးတော့ပါ။ မိသားစုတစ်စုနှင့်တစ်စု ဆင်သက်သာတဲ့ Gene တွေအရ ဥပမာ သူ့စရိတ်က အဖေနဲ့တူတယ်။ ဦးလေးနဲ့တူတယ် အဲဒါမျိုးလေးတွေ တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားမိသားစုမှာလည်း သူ့စရိုက်က ဘယ်သူနဲ့တူတယ် ဆိုတာမျိုးတွေကို တွေ့ရပါတယ်။ သာမန်လူတစ်ယောက်ဟာ မွေးဖွားလာတဲ့ အချိန်ကနေစပြီး သူ့ရဲ့စိတ်နေစိတ်ထား သဘာဝနဲ့ဗီဇဟာ မွေးကင်းစ ရက်ပိုင်း၊ လပိုင်းလောက် ကလေးလေးကို လေ့လာတဲ့အခါ သူရဲ့အမူအကျင့်ဟာ တချို့ကလေးက စိတ်ပြင်းတဲ့ ကလေးဖြစ်တယ်။ တချို့ကလေးကျတော့ အေးအေးဆေးဆေးနေပြီး သိပ်လည်းမငိုပါဘူး။ တချို့ကလေးကျတော့ ညဆိုရင် အမြဲတမ်းပဲ ငိုနေပါတယ်။
အဲဒီလိုမျိုးကလေးရဲ့ အမူအကျင့်ကိုလေ့လာထားပြီး နယူးယောက်မြို့မှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာဆရာဝန်ကြီးတွေက လေ့လာကြည့်ခဲ့ပါတယ်။ ဒီဆရာဝန်ကြီးတွေက အဲဒီကလေးလေးတွေကိုပဲ နောက်ခုနစ်နှစ်လောက်ကြာတဲ့အခါ ထပ်ပြီးသူတို့ရဲ့ အမူအကျင့်ကို လေ့လာပါတယ်။ နောက်အသက် ၁၃ နှစ်မှာ တစ်ခါ၊ အသက် ၂၀ မှာ တစ်ခါ ထပ်ပြီးလေ့လာကြပါတယ်။ အဲဒီလို လေ့လာကြည့်တဲ့အခါမှာ အဲဒီကလေးတွေရဲ့ အလေ့အထနဲ့ အကျင့်လိုခေါ်တဲ့ဗီဇဟာ မပြောင်းလဲဘူးဆိုတာကို တွေ့ရပါတယ်။ ပြောချင်တာကတော့ ပင်ကိုစရိတ်ကောင်းတဲ့ ကလေးဆိုရင် အသက် ၂၀ မှာလည်း ပင်ကိုစရိတ်ဟာ သဘာဝအလျောက် ကောင်းတာကို တွေ့ရပါတယ်။ တချို့ကလေးဟာ စိတ်ထန်တယ်ဆိုရင် အသက် ၂၀ အရွယ်မှာလည်း စိတ်ထန်တာကို တွေ့ရပါတယ်။ ဗီဇကမတူတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ဗီဇအပေါ်မူတည်ပြီးလည်း သူရဲ့အမူအကျင့်က ပေါ်ပေါက်လာနိုင်ပါတယ်။
နောက်ပတ်ဝန်းကျင်လည်း ပါပါတယ်။ ဗီဇက အဲဒီလို အနေအထားမှာရှိပေမယ့် ပတ်ဝန်းကျင်၊ ရေနဲ့မြေကိုလိုက်ပြီးတော့ သူ့ရဲ့အမူအကျင့်က ပြောင်းလဲသွားတာလည်း ရှိပါတယ်။ အဲဒီဗီဇအပေါ် မူတည်ပြီး လူတွေရဲ့အပြုအမူဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဥပမာ စိတ်ညစ်ညူးလို့၊ စိတ်ဆင်းရဲစရာတွေများလို့ဆိုတာမျိုးကနေ ရောဂါအဆင့်အထိ ဖြစ်လာတာမျိုးရှိပါသလားဆရာ။
လူနာတစ်ယောက်ဟာ ခေါင်းကိုက်လို့ပဲဖြစ်ဖြစ်၊ ဗိုက်နာလို့ပဲဖြစ်ဖြစ် ဆရာဝန်ကို လာပြတဲ့အခါ ဒီထက်ပိုပြီးမေးဖို့ လိုပါတယ်။ လာကြောင့်လာပြရတာလဲ။ အိမ်မှာ အခြေအနေဘယ်လိုရှိလဲ၊ အဲဒီလိုမေးလိုက်တဲ့အခါမှာ အမျိုးသမီးတစ်ယောက်က ခေါင်းကိုက်လို့လာပြပေမယ့် အရမ်းကိုစိတ်ညစ်ညူးပြီးတော့ သူ့ယောကျ်ားနဲ့ အဆင်မပြေလို့၊ အိမ်မှာ စိတ်ဒဏ်သင့်လို့၊ သူ့ပြဿနာတွေက စီးပွားရေးပြဿနာဖြစ်ပြီး သူကအကူအညီများ ရမလားဆိုပြီး ဆရာဝန်ဆီလာပြတဲ့အခါမှာ ဆရာဝန်က သူ့ကို ခေါင်းကိုက်ပျောက်ဆေးပဲ ပေးမယ်။ ဒါမှမဟုတ် ရင်ဘတ်နာတယ်ဆိုရင် ဓာတ်မှန်ရိုက်မယ်။ အဲဒီမှာမှ နှလုံးတုန်တယ်ဆိုရင် ECG ရိုက်မယ်ဆိုရင် ပိုက်ဆံတွေလည်းကုန်သလို လူနာက ပိုပင်ပန်းပြီး စိတ်ညစ်ညူးတာအဲကလည်း ပျောက်မသွားပါဘူး။ ဆရာပြောချင်တာကတော့ ဆေးခန်းကို သွားပြတဲ့လူနာတွေထဲမှာ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်ဟာ စိတ်ဝေဒနာလက္ခဏာ အနည်းငယ်ရှိတယ်ဆိုတာပါပဲ။
တချို့လူတွေက စိတ်ဓာတ်အရမ်းပြင်းထန်ကြပြီး၊ တချို့လူတွေကျတော့ အရမ်းကို စိတ်ဓာတ်ပျော့ပျောင်းလွန်းနေတာကို တွေ့ရပါတယ်။ ဒီလိုအနေအထားမျိုးကတော့ ဗီဇကြောင့်ပဲလားဆရာ။ ဒီအနေအထားက အရမ်းလွန်ကဲသွားရင်ကော စိတ်ကျန်းမာရေးကို ဦးတည်သွားနိုင်ပါသလားဆရာ။
ကိုယ်ရည်ကိုယ်သွေး ပြဿနာဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အဲဒီမှာမှ ဗီဇမှာ အနည်းအကျဉ်း ချွတ်ယွင်းတာလေးတွေ ရှိပါတယ်။ စိတ်နည်းနည်းလှုပ်ရှားတာတို့၊ လွန်ကဲတာတို့၊ များတာတို့ အဲဒါမျိုးတွေက ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေက သိပ်ပြီးအထင်ကရများသွားပြီဆိုရင်တော့ ကိုယ်ရည်ကိုယ်သွေး ချွတ်ယွင်းမှု ဖြစ်သွားမှု ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတဲ့သူမှာ တချို့က စိတ်ဓာတ်အရမ်းခက်ထန်တဲ့ အနေအထားမှာရှိပါတယ်။ တချို့ကျတော့လည်း အရမ်းပျော့ပျောင်းတဲ့ စိတ်နေစိတ်ထားရှိပြီး သူများကိုပဲ အရမ်းအားကိုးပါတယ်။ သူ့ဘာသာသူလည်း ဆုံးဖြတ်ချက်ချရမယ်ဆိုရင်လည်း ဥပမာ ဖောင်တစ်ခု တင်မယ်ဆိုရင် ဒီဖောင်ကို တင်ရင်ကောင်းမလား၊ မတင်ရင်ကောင်းမလား အဲဒါလိုမျိုးကအစ သူများကိုပဲ အားကိုးနေပါတယ်။ အိမ်ထောင်ရှိတယ်ဆိုရင်လည်း အိမ်ရဲ့စီးပွားရေးကို ယောကျ်ားကိုပဲ အားကိုးနေတာမျိုးပါ။ အဲဒီလို အမျိုးသမီးတွေ ယောကျ်ားဆုံးပါးသွားတဲ့အခါမှာ တချို့ယောင်ချာချာဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ အဲဒီလိုမျိုးတွေက စိတ်ဓာတ်ကျရောဂါဖြစ်ဖို့ လွယ်ကူနိုင်ပါတယ်။
စိတ်ကျရောဂါအပြင် တခြားဖြစ်နိုင်တဲ့ ရောဂါမျိုးတွေကော ရှိပါသေးသလားဆရာ။
တခြားရောဂါတွေကတော့ စိတ်ပူပန်တဲ့ရောဂါ၊ နှလုံးတုန်တဲ့ရောဂါ၊ လောကသဘာဝနဲ့ အဆင်မပြေတဲ့ရောဂါတို့ အများကြီးပါပဲ ရှိပါတယ်။ အဲဒါတွေအပြင် ငှက်ဖျားပိုးဦးနှောက်ထဲ ဝင်သွားတဲ့သူဟာ ငန်းဖျားတက်တယ် ခေါ်ပါတယ်။ သူကလည်း စိတ်ဖောက်ပြန်တဲ့ ရောဂါလက္ခဏာတွေ အများကြီးပြပါတယ်။ အဲဒီလိုပဲ တခြားရောဂါကြီးတစ်ခုခုဖြစ်လို့ဦး နှောက်အမြှေးပါးရောင်သွားတယ်ဆိုရင်လည်း ဆီးထဲကိုရောဂါပိုးဝင်ပြီး ငန်းဖမ်းသွားတာတို့ ဒါမျိုးတွေဖြစ်သွားရင် အများပြောနေကြတဲ့ ရူးသွပ်တယ်ဆိုတဲ့ ရောဂါလက္ခဏာမျိုး ဖြစ်သွားပြီး တစ်ခါတလေ ကြမ်းကြမ်းတမ်းတမ်းဖြစ်တာမျိုးတွေ လည်းတွေ့ရပါတယ်။ ဒါတွေကတော့ ခန္ဓာကိုယ်ရောဂါနဲ့ ပတ်သက်ပြီးဖြစ်လာတဲ့ စိတ်ရောဂါတွေပါ။
ရူးသွပ်တာကတော့ မျိုးရိုးဗီဇကြောင့်ပါလားဆရာ။
ရူးသွပ်တဲ့ရောဂါကတော့ ဗီဇမှာပါတဲ့၊ အမျိုးထဲမှာ ဆင်းသက်မှုမှာ အနည်းအကျဉ်းပါပြီး ဖြစ်လာတဲ့အတွက်ကြောင့် သူက ၁ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာစကားမှာရှိတဲ့ လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့အထဲမှာ သူက အနည်းအကျဉ်း ပါလာတာပါ။ အခု သုတေသနလုပ်ချက်အရ ဘာတွေ့ရသလဲဆိုတော့ အဲဒီလိုရောဂါဖြစ်တဲ့သူကို စောစောစီးစီး တွေ့ခဲ့မယ်ဆိုရင် အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြားမှာ စဖြစ်လေ့ဖြစ်ထရှိတော့ အဲဒီအချိန်မှာ ကလေးတွေက တစ်မူထူးကဲပြီး ရန်သူလိုက်ရှာနေတယ်။ အိမ်တွင်းပုန်းဖြစ်နေတယ်။ နောက်သူ့မှာစိတ်ဓာတ်ကျတဲ့ ရောဂါလက္ခဏာမျိုး ခဏခဏပြနေတယ်။ အသံကြားသလိုလို၊ ဘေးလူကို မသင်္ကာသလိုလို အဲဒီလို ထူးထူးခြားခြား အမူအကျင့်မျိုး တွေ့နေပြီဆိုရင် ဆရာတို့က စောစောစီးစီး ဆေးဝါးကောင်းကောင်းနဲ့ ကုသပေးမယ်ဆိုရင် လူတစ်ရာမှာ ၃၀ ရာခိုင်နှုန်းလောက်က ကုသလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ကျန်တဲ့ ၆၀ ထဲမှာလည်း သူ့ထက်ပိုပြီးခေတ်မီတဲ့ ဆေးနဲ့ကုသမယ်ဆိုရင် ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါကြောင့် အများစုဟာ စောစောစီးစီး ဆရာဝန်ဆီရောက်လာပြီး ကုသပေးမယ်ဆိုရင် ရူးသွပ်တဲ့ရောဂါတောင်မှ နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့နည်းတွေ ရှိပါတယ်။
မျိုးရိုးဗီဇကိုလိုက်ပြီးဖြစ်တဲ့အထဲမှာ ဥပမာ ကိုယ့်မိဘမှာ စိတ်အခြေခံနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်တယ်ဆိုရင် မျိုးရိုးလိုက်ပြီး ကလေးမှာလည်း လိုက်ဖြစ်တတ်ပါသလား ဆရာ။
ကိုယ့်ရဲ့မိဘမှာဖြစ်လို့ ကိုယ်ဖြစ်ရမယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မိဘတင်မကပါဘူး။ ကိုယ့်ရဲ့ ဘိုး၊ ဘွား၊ ဘီ၊ ဘင်ဆိုတဲ့ ဆွေစဉ်မျိုးဆက်က တစ်ယောက်ယောက်ဆီမှာ ဒီလိုရောဂါမျိုးပါလာပြီဆိုရင် ကိုယ်ရဲ့ဗီဇထဲမှာလည်း အနည်းအကျဉ်း ပါလာလေ့ရှိပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ရူးသွပ်တဲ့ရောဂါတောင်မှ အမေရော၊ အဖေရော နှစ်ဖက်စလုံးမှာ ပါမှသာလျှင် ရောဂါလက္ခဏာဖြစ်ဖို့အနေအထားက များပါတယ်။ တစ်ဖက်တည်းမှာ ပါမယ်ဆိုရင် ရောဂါလက္ခဏာဖြစ်ဖို့အနေအထားက ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အနည်းအကျဉ်းအနေအထားမှာပဲရှိပါတယ်။
Credit: ခိုင်သီတာထွန်း
Dr. Tin Htoo Naing