အိပ်နေစဉ်လမ်းလျှောက်ခြင်း (Sleep walking)
20-Apr-2018• အိပ်နေစဉ်လမ်းလျှောက်ခြင်း (Sleep walking) ဆိုတဲ့ ရောဂါဟာ ကလေးတွေမှာပိုပြီး အဖြစ်များပါတယ်။
• မျိုးရိုးနဲ့လည်း သက်ဆိုင်တဲ့အတွက် မိသားစုထဲမှာ ဒီလိုရောဂါ ရာဇဝင်မျိးရှိတယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။
အိပ်နေစဉ်လမ်းလျှောက်ခြင်းကို ဖြစ်စေတဲ့ တခြားသောအကြောင်းအရာတွေကတော့ -
• အလွန်အမင်းအိပ်ရေးပျက်ခြင်း
• စိတ်ဖိစီးမှုများခြင်း
• ဖျားနေခြင်း
• အိပ်နေစဉ် အသက်ရှူနှုန်းပုံမှန်မဟုတ်ခြင်း
• အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း
• စိတ်ရောဂါနှင့် သက်ဆိုင်သော ဆေးဝါးများ သောက်နေရခြင်းတို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေကဘာတွေလဲ
• အိပ်နေရာမှထပြီး တစ်အိမ်လုံးလျှောက်သွားခြင်း
• အိပ်ရာပေါ်တွင် မျက်လုံးဖွင့်လျက်နှင့်ထိုင်နေခြင်း
• မျက်လုံးအမူအရာက တစ်စုံတစ်ခုကို ငေးကြည့်နေသလိုဖြစ်နေခြင်း
• ဖြစ်နေစဉ်ကာလတွင် နှိုးဖို့ခက်ခဲခြင်း
• နိုးလျှင်လည်း အာရုံမစုစည်းနိုင်ဘဲ ရှုပ်ထွေးနေခြင်း
• အဖြစ်အပျက်များကို မနက်အိပ်ရာထချိန်တွင် ပြန်မမှတ်တော့ခြင်း
• ညဖက်အိပ်မက်ဆိုးများမက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဒါအပြင်
• အိပ်နေရင်းလမ်းလျှောက်တဲ့သူဟာ စကားပြောနေခြင်း၊ အစာစားခြင်း၊ အဝတ်လဲခြင်းကဲ့သို့သော နေ့စဉ်အလုပ်တွေ လုပ်နေတတ်ခြင်း
• အိမ်အပြင်ထွက်သွားခြင်း
• ကားမောင်းသွားခြင်း
• လှောကားဆင်းခြင်း၊ ပြတင်းပေါက်မှခုန်ချခြင်း
စတဲ့ သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အပြုအမူတွေလည်း လုပ်နိုင်တဲ့အတွက် အိမ်သားတွေက သတိထားကြည့်ရှုဖို့လိုပါတယ်။
ဘယ်လိုကုသလို့ရသလဲ
Sleep walking ရောဂါဟာ ဆရာဝန်နဲ့ သေချာပြသပြီး စနစ်တကျ ကုသဖို့လိုအပ်ပါတယ်။
ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးများနဲ့လည်း ကုသရသလို လူနာရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်းကလည်း များစွာ အထောက်အကူပေးပါတယ်။ ဥပမာ -
• လူနာရဲ့ပတ်ဝန်းကျင်မှာ သူ့ကိုထိခိုက်မှုဖြစ်စေမဲ့ ပစ္စည်းတွေမရှိရအောင် ရှင်းလင်းထားခြင်း
• အိပ်နေရင်းလမ်းလျှောက်နေသူကို သူ့အိပ်ရာဆီရောက်အောင် အသာအယာ ပြန်ခေါ်ဆောင်သွားခြင်း
• အိပ်ရေးဝအောင်အိပ်စက်ခိုင်းခြင်း
• သူ့ရဲ့အိပ်ခန်းကို သက်သောင့်သက်သာနဲ့ တိတ်ဆိတ်အောင်ထားခြင်း
• အိပ်ရာမဝင်ခင် စာအုပ်ဖတ်စေခြင်း၊ ရေနွေးနွေးနှင့်ရေချိုးခြင်း စတဲ့အချက်တွေဟာ လူနာအတွက်များစွာ အထောက်အကူပေးပါတယ်။
Credit: Dr. Hsu