ကူညီကာကွယ် သေကြောင်းကြံစည်မှုအန္တရာယ် အပိုင်း-၂
06-Mar-2019ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း
လိုအပ်တယ်။
သတ်သေဖို့
ကြိုးစားတဲ့လူတစ်ယောက်၊ သေကြောင်းကြံစည်တဲ့သူတစ်ယောက်ကို ကူညီပြီးတဲ့ နောက်မှာ ကိုယ့်ကိုယ်ကိုလည်း
ဂရုစိုက်ဖို့ လိုအပ်တယ်။ သတ်သေဖို့ ကြိုးစားတဲ့လူတစ်ယောက်ကို ကူညီလိုက်တယ်၊ ပံ့ပိုးလိုက်တယ်၊
ကယ်တင်လိုက်တယ်ဆိုတဲ့နေရာမှာ အင်မတန်ကို ပင်ပန်းပါတယ်။ စိတ်ရောကိုယ်ပါ အင်မတန်ကို ပင်ပန်းပါတယ်။
အဲလို ပင်ပန်းတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးတော့ ဂရုစိုက်ပြီးတော့ စိတ်ချမ်းသာအောင်
ကိုယ့်စိတ်ကျန်းကျန်းမာမာ ဖြစ်အောင် နေထိုင်ဖို့ ကြိုးစားမှုလည်း လိုအပ်ပါတယ်။
မိမိကိုယ်မိမိ
ဒဏ်ရာအနာတရဖြစ်အောင် ပြုမူကြရမှာ အကြောင်းအချက်အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်ချို့က
သူတို့ကိုယ် သူတို့ ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်တာသည် သေလောက်တဲ့ အနေအထား ဖြစ်သွားတတ်တယ်။
နောက် ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာမျိုး သေကြောင်းကြံစည်မှု အထမြောက်သွားတဲ့အထိ သတ်သေတဲ့အဆင့်ထိ
ရောက်သွားတတ်တယ်။ နောက်တစ်ခုကကျ ကိုယ်ကိုယ်တိုင် အနာတရဖြစ်အောင်လုပ်တဲ့ ပုံစံကတော့
တစ်ပတ်ပြီး တစ်ပတ် တစ်လပြီး တစ်လ တစ်နှစ်ပြီးတစ်နှစ် အဲလိုမျိုးတွေ လုပ်လုပ်သွားတယ်။
ဒဏ်ရာအနာတရဖြစ်အောင် လုပ်တယ် သေတော့ မသေဘူးဆိုတာမျိုးတွေလည်း ရှိတယ်။ အဲ့တော့ ဒါမျိုးဆိုလို့ရှိရင်
သတ်သေဖို့ ကြိုးစားတဲ့သူတစ်ယောက်ကို ကူညီတဲ့ ပုံစံမျိုးနဲ့ပဲ အဆင့်ဆင့် ကူညီသွားရမှာ
ဖြစ်ပါတယ်။ အဲတော့ ဒီသတ်သေဖို့ အတွေးတွေရှိတယ်။ ဒါမှ မဟုတ်ရင်လည်း သတ်သေတဲ့ အပြုအမူတွေ
လုပ်နေတဲ့သူကို စိတ်ကျန်းမာရေးပညာရေး စောင့်ရှောက်ခြင်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်ဟာ
သတ်သေဖို့ အန္တရာယ်ရှိတဲ့သူတွေကို ကူညီမယ့်အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြသွားတာမျိုးတွေ
ဖြစ်ပါတယ်။ ဒီနေရာမှာ သတ်သေခြင်းကို ကာကွယ်ကူညီတဲ့ စိတ်ကျန်းမာရေး ပဏာမစောင့်ရှောက်တဲ့
သူသည် စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ဌာနတွေ၊ ဆရာဝန်ကြီးတွေ၊ ပညာရှင်ကြီးတွေရဲ့
လက်ထဲကို သို့မဟုတ်ရင်လည်း ရဲစခန်းတို့၊ မီးသတ်တို့နဲ့ တခြား အရေးပေါ်ကူညီပေးမယ့်အဖွဲ့တွေရဲ့
လက်ထဲကို ရောက်မသွားခင်စပ်ကြားမှာ ကူညီနိုင်အောင် လမ်းညွှန်ပေးတဲ့ လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။
အသက်သေမသွားတဲ့
ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့ကိစ္စတွေကလည်း စိတ်ကျန်းမာရေး ပြဿနာတွေကြောင့်
ဖြစ်နိုင်သလို အခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလိုမျိုး သေကြောင်းကြံစီတာ
မဟုတ်ဘူး။ သေလောက်အောင်လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်တဲ့ဟာတွေကျတော့
ဘယ်လိုမျိုး စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုနည်းတွေနဲ့ပြုစုကြမလဲဆိုတာလေးလည်း သိဖို့
အရေးကြီးပါတယ်။ ဒီနေရာမှာ ဘာကိုပြောချင်တာလဲဆိုတော့ လူတစ်ယောက်က သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင်
လုပ်နေတယ်။ ဒါပေမဲ့ သေအောင်လုပ်တာတော့ မဟုတ်ဘူး။ အဲဒီတော့ ဒီလိုလုပ်တဲ့နေရာမှာ သူ့ကို
မြင်လိုက်ပြီ၊ သူလုပ်နေတာကို တွေ့လိုက်ပြီဆိုလို့ရှိရင် သူ့ကို ကျွမ်းကျင်တဲ့ပညာရှင်တွေ၊
စိတ်ကျန်းမာရေးပညာရှင်ကြီးတွေရဲ့ အကူအညီ မရနိုင်သေးခင်မှာ သူ့ကိုယ်သူ ဒဏ်ရာ အနာတရ ဆိုးဆိုးရွားရွားဖြစ်သွာအောင်
သူက လုပ်သွားနိုင်တယ်။ လုပ်သွားနိုင်ရင် မတော်တဆ သေတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ သေချင်တဲ့ဆန္ဒ
မရှိဘူးဆိုသောငြားလည်း သေသွားတဲ့အထိ ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် သူ့ကို ဘယ်လိုအကြံဉာဏ်တွေပေးမလဲ၊
ဘယ်လိုလုပ်ကြမလဲဆိုတာကို သိဖို့လိုပါတယ်။ မတော်တဆ သေသွားနိုင်တယ်ဆိုတာကို သတိထားရမှာ
ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတာ မဟုတ်ဘူးဆိုပေမဲ့၊ ကိုယ့်ကိုယ်ကိုယ်
အန ္တရာယ်ဖြစ်အောင် လုပ်တာလည်း အရေးကြီးတယ်ဆိုဆာကို သတိထားရမှာ ဖြစ်ပါတယ်။
သေကြောင်းကြံစည်တာမဟုတ်တဲ့
ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်တယ်ဆိုတာ ဘာလဲ၊ ဘယ်လိုလက္ခဏာတွေက ဖော်ပြမလဲ။
သေကြောင်းကြံစည်တာမဟုတ်တဲ့
ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်တယ်ဆိုတာ ဘာကို ပြောချင်တာလဲဆိုတော့ သတ်သေတာ မဟုတ်ဘဲနဲ့
ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်တယ်ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် သေလောက်အောင်ထိ
မဟုတ်ဘူး။ ဒါပေမဲ့ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်တယ်၊ သေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တော့
မရှိဘူး။ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တယ်ဆိုတာလေးကိုပဲ သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက
ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ အနာတရဖြစ်အောင် လုပ်နေတယ်ဆိုတာကို ဖော်ပြတဲ့ ဘယ်လိုလက္ခဏာတွေထဲမှာ
မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင်လုပ်တဲ့ အတွေ့ရအများဆုံးနည်းတွေကတော့ ကိုယ့်ကိုယ်ကိုယ်
ဓါးနဲ့ ဘရိတ်ဓါးနဲ့တို့ လှီးဖြတ်တာ ၄၁% ရှိတယ်။ နောက်ပြီး ကုတ်ခြစ်ပစ်တာက ၄၀%လောက်
ရှိတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို(ခေါင်းနဲ့ ခန္ဓာ) မာကျောတဲ့ အုတ်တံတိုင်း၊
အုတ်နံရံ၊ မြေကြီးနဲ့ ဒါမှမဟုတ် တမံတလင်းနဲ့တိုးဆောင့်တာ ၃၇%ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်
ရိုက်တာတို့၊ လက်သီးနဲ့ ထုတာတို့က ၃၄%လောက်ရှိတယ်။ လက်ကိုကိုက်တာ ခြေထောက်ကိုကိုက်တာ
ကျန်တဲ့နေရာတွေကို ကိုက်ရင်ကိုက်တာတွေက ၁၅%လောက်ရှိတယ်။ လောင်ကျွမ်းအောင်၊ ပူလောင်အောင်
လုပ်တာက ၁၅%လောက်ရှိတယ်။ ဒါတွေကတော့ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့အထဲက
အတွေ့အများဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် တစ်ခါတစ်လေမှာ ဒဏ်ရာ အနာတရဖြစ်အောင်
လုပ်တဲ့ အခြားနည်းလမ်းတွေလည်း ရှိပါတယ်။ သူ့ရဲ့အရေပြားမှာ အနာတရ ဖြစ်နေတာကို အချိန်တော်တော်ကြာကြာ
ဖုံးကွယ်ထားတတ်ကြတော့ ဘေးလူတွေက မသိလိုက်ဘူး။ အဲဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင်
အချိန်အတန်ကြာ ဆိုးဆိုးရွားရွား လုပ်ထားကြတာမျိုး ရှိတယ်ဆိုတာကိုလည်း သိထားစေချင်တယ်။
သတ်သေဖို့ ကြံစည်တာ
မဟုတ်ဘဲနဲ့ ဒဏ်ရာ အနာတရဖြစ်အောင်လုပ်တာကို ဘယ်လောက်အထိ အတွေ့များသလဲ။
ဒါလေးကလည်း
သိသင့်တာ ဖြစ်ပါတယ်။ အဲဒီတော့ သြစတြေးလျမှာ သူတို့ လေ့လာထားချက်အရ ၂၀၀၈ တုန်းက လေ့လာထားချက်အရဆိုလို့ရှိရင်
၂.၆% သော လူတွေပေါ့။ ၁၀ နှစ်အထက် လူတွေဟာ ဒီလိုမျိုး သေကြောင်းကြံစည်တာမဟုတ်တဲ့ ကိုယ့်ကိုယ်ကိုယ်
ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာတွေ ရှိတယ်လို့ သွားတွေ့ရတယ်။ အဲဒီထဲကမှ ၈.၁% က တစ်သက်တာမှာ
တစ်ခါလောက်တော့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်ကြတယ်လို့ သိရပါတယ်။ အဲဒီတော့
ဒီလိုဖြစ်တာသည် အသက်အရွယ်မရွေး ဖြစ်တတ်တယ်ဆိုသော်ငြားလည်း ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်လုပ်ခြင်းဟာလည်း
မြီးကောင်ပေါက် အရွယ်လေးတွေနဲ့ လူငယ်လူရွယ်တွေ လူကြီးပိုင်းဝင်ခါစ အရွယ်တွေထိ အတွေ့များတယ်လို့
ပြောရမှာ ဖြစ်ပါတယ်။ ၁၀နှစ်က ၁၇ နှစ်အရွယ်ရှိတဲ့သူတွေထဲက ၅% နဲ့ ၁၈နှစ်က ၂၄နှစ်ထိ ရှိတဲ့သူတွေထဲက
၇% သည် သူတို့ကိုယ်သူတို့ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ခဲ့ကြဖူးတယ်လို့ လေ့လာချက်အရ သိရပါတယ်။
ဒီနေရာမှာ အတွေ့ရ အများဆုံး အသက်အရွယ်ကို တွက်ချက်ကြည့်တဲ့အခါကျတော့ ၁၇နှစ် ပတ်ဝန်းကျင်ရှိတယ်ဆိုတာကို
သွားတွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်ခြင်းဟာ အမျိုးသမီးတွေမှာ
အမျိုးသားတွေထက် ပိုပြီးတော့ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။
ဘာကြောင့် လူတွေက
ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်ကြတာလဲ။
လူတွေတော်တော်များများက ဒဏ်ရာအနာတရဖြစ်အောင်
လုပ်တဲ့ အကြောင်းပြချက်အမျိုးမျိုး ရှိနိုင်ပါတယ်။ အဲဒီအကြောင်းပြချက်တွေထဲက ပြောပြရမယ်ဆိုလို့
ကိုယ့်မှာ နာကျင်တဲ့ ခံစားချက်တွေ၊ နာကြည်းတဲ့ ခံစားချက်တွေ၊ နာကျင်တဲ့ ခံစားချက်တွေကို
သက်သာစေဖို့ ဆိုပြီးတော့ ထိန်းချူပ်ရင်းနဲ့ နာကျင်တဲ့ ခံစားချက်တွေကို ပြေပျောက်စေဖို့
ဆိုပြီးတော့ လုပ်တဲ့သူက ၅၇%လောက် ရှိပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်ပေးတယ်ဆိုတဲ့အနေနဲ့
လုပ်တဲ့သူက ၂၅%လောက် ရှိပြီးတော့ တခြားသူတွေ သိအောင်၊ သိပြီးတော့ သနားလာအောင်၊ ကူညီလာအောင်
ဆိုတဲ့ သဘောမျိုး လုပ်တဲ့သူက ၆% လောက် ရှိပါတယ်။ ၅၈% ကတော့ အခြားအကြောင်းအမျိုးမျိုးကြောင့်
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်တယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီတော့
ဒီမှာ ၃% နဲ့ အောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ အတွေးတွေကို တော်လှန်ဖို့၊ တွန်းလှန်ဖို့
ကြိုးစားရင်းနဲ့ လုပ်တယ်ဆိုတာကို သွားတွေ့ရတယ်။ သူတို့ကိုယ်သူတို့ ဒဏ်ရာအနာတရဖြစ်အောင်
လုပ်လိုက်တယ်။ ဒါမှမဟုတ်ရင်လည်း အနာရွတ်တွေ ပေါ်လာအောင် သူတို့ဘာသာသူတို့ လုပ်ပစ်လိုက်တာမျိုးတွေ
ရှိပါတယ်။ သူတို့ကိုယ်သူတို့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင်လုပ်တာက အာရုံစူးစိုက်စေချင်လို့
ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့လုပ်တာ ရှားတော့ရှားပါတယ်။ ဒါပေမဲ့ တချို့ ဒဏ်ရာအနာတရဖြစ်တာနဲ့
အနာရွတ်တွေဖြစ်တယ်။ အနာရွတ်တွေ ဖြစ်တာကို တော်တော်များများက ရှက်တတ်ကြပါတယ်။ အဲဒါကြောင့်
အာရုံစူးစိုက်မှုခံချင်လို့ဆိုပြီး လုပ်တာတော့ ရှားတယ်။ သို့သော် ရှိပါတယ်။ တချို့က
ကိုယ့်ကို အရေးတယူ အလုပ်ခံချင်လို့ဆိုပြီး လုပ်တာမျိုးလည်း ရှိပါတယ်။
ကိုယ့်ကိုယ်ကိုယ်
ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာနဲ့ သေကြောင်းကြံစည်တာနဲ့ ဘယ်လို ဆက်စပ်မှုရှိနိုင်သလဲ။
ဒါလည်း သိထားသင့်ပါတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင်
လုပ်တယ်ဆိုတဲ့ သူတွေသည် တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားလာနိုင်တဲ့
အန္တရာယ်ကြီးကြီးမားမား ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူတွေထဲမှာ
၁၀% သော သူတွေသည် မကြာခင်မှာ (တစ်လ၊ နှစ်လအတွင်း) ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားကြတယ်ဆိုတာမျိုးကို
သွားတွေ့ရပါတယ်။ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူတွေထဲက ၆၀% ခန့်ဟာ ကိုယ့်ကိုယ်ကို
သေကြောင်းကြံစည်ဖို့ အတွေးတွေရှိနေတယ်ဆိုတာကို သွားတွေ့ရပါတယ်။ ဒါက ဘာကိုပြတာလဲဆိုတော့
လူတွေက သေကြောင်းကြံစည်တာမဟုတ်တဲ့ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်ခြင်းသည်
သေချင်တဲ့ဆန္ဒ၊ သေသွားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဆက်စပ်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
အဲတော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားတာနဲ့ ဒဏ်ရာအနာတရလေးပဲဖြစ်အောင် လုပ်တာနဲ့
ခွဲခြားဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ တချို့က ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်ထားခြင်းသည်
သတ်သေတာမဟုတ်ဘူးလို့ ပုံသေပြောလို့မရပါဘူး။ တကယ်လုပ်နိုင်တာကတော့ ဘာလဲဆိုရင် အဲဒီဆိုရင်
အဲဒီလူကိုပဲ တည့်မေးမြန်းကြည့်မှပဲ သူတို့အမှန်ဖြေတယ်ဆိုရင် တိတိကျကျသိနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ သူတို့က ဟုတ်တယ် ကျွန်တော်တို့ သေချင်လို့ ဒီလိုလုပ်ရတယ်လို့ ပြောလိုက်လို့ရှိရင်တော့
သူ့ကို ကိုယ့်ကိုယ်ကို သတ်သေဖို့ အတွေးတွေရှိတယ်ဆိုတဲ့လူကို ပြုစုတဲ့ ရှေးဦးသူနာပြုနည်း
လမ်းညွှန်အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
Credit: ပါမောက္ခ ဦးဉာဏ်ဝင်းကျော်