Print

အိပ်ချင်ပါလျက် အိပ်မရဖြစ်ရခြင်း အကြောင်း (Insomnia)

  21-Jan-2022
Preview Image

  အိပ်ရာဝင်ပြီးအိပ်မရခြင်း၊ အိပ်နေရာမှ ခဏခဏနိုးခြင်း သို့မဟုတ် အိပ်သော်လည်းအိပ်ရေးမဝခြင်း စသည့် လက္ခဏာများကို အနည်းဆုံး တစ်ပတ်လျှင် ၃ ရက်ကို တစ်လကြာအောင်ခံစားနေရပြီဆိုပါက အိပ်မပျော်ခြင်းရောဂါ (Insomnia ) ခံစားနေရပြီဖြစ်သည်။ လူတို့သည်၎င်းတို့၏ အိပ်စက်ခြင်းဆိုင်ရာပြဿနာများနှင့်ဆက်စပ်၍ စိတ်ပူပန်လွန် စိတ်ရှုပ်လွယ်ပြီး ၎င်းတို့၏နေ့စဉ် လုပ်ငန်းဆောင်တာများပါ ပျက်ပြားစေနိုင်သည်။ Insomnia သည် ကိုယ်တွင်းနှင် ့ပြင်ပ ပြဿနာများကြောင့်လည်းဖြစ်နိုင်သလို အခြားရောဂါများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများ၊ အခြားအိပ်စက်ခြင်းဆိုင်ရာရောဂါများ သို့မဟုတ် အရက်နှင့်မူးယစ်ဆေးဝါးများသုံးစွဲခြင်းကြောင့်လည်းဖြစ်နိုင်သည်။

လူထုအတွင်း ပျံ့နှံ့နှုန်း

          ပြည်သူလူထု၏ ၃၀%ခန့်တွင် Insomnia ခံစားနေရပြီး အမျိုးသားများက အမျိုးသမီးထက်ရောဂါဖြစ်နှုန်းပိုမြင့်ပြီး သက်ကြီးရွယ်အိုများတွင်ပိုအဖြစ်များသည်။

အဓိကဖြစ်ရသည့်အကြောင်းရင်းများ

·         စိတ်ကြောင့်ဇီဝဖြစ်စဉ်ပြောင်းလဲခြင်း(Psychosocial Insomnia)-   အိပ်ရာဝင်ပြီး အိပ်ပျော်ရန်ခက်ခဲခြင်း နှင့် မကြာခဏ အိပ်ရာမှပြန်နိုးခြင်းတို့ဖြစ်သည်။ စိတ်ပူပန်လွန်းရောဂါနှင့်ဆက်စပ်ပြီးဖြစ်တတ်သည်။ အိပ်မပျော်မည်ကို အလွန်အမင်း ကြောက်ရွံ့သူများ၊ အိပ်ရေးပျက်တတ်သည့်အလေ့အထရှိသူများတွင်ဖြစ်နိုင်သည်။

·         အစစ်အမှန်မဟုတ်သော Insomnia (Paradoxical Insomnia)-  လူနာမှ အိပ်ရေးပျက်သည် (သို့) မအိပ်နိုင်ဟုပြောသော်လည်း မည်သည့်လက္ခဏာမှရှာဖွေမတွေ့ရှိခြင်း။

·         ထိန်းညှိပေးသော အိပ်ရေးပျက်ရောဂါ (Adjustment sleep disorder)-  စိတ်ဖိစီးမှု၊ပြဿနာများ (သို့) ပတ်ဝန်းကျင်ပြောင်းလဲမှုတို့ကြောင့် စိတ်လှုပ်ရှားကာအိပ်ရေးပျက်တတ်သည်။ ထိုစိတ်လှုပ်ရှားမှုများပြေပျက်သွားပါက အိပ်ရေးပျက်ခြင်းမရှိတော့ပေ။

·         မလုံလောက်သော အိပ်စက်မှုအလေ့အထ(Inadequate Sleep Hygiene)-  မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကြောင့် (ဥပမာ-ကော်ဖီသောက်သုံးမှုများခြင်း၊ ညဉ့်နက်သည်အထိ အလုပ်ကိစ္စလုပ်ဆောင်ရသည့် နေ့ရက်များ များပြားခြင်း) တို့ကြောင့် ကောင်းစွာအိပ်မပျော်ဘဲ နေ့အချိန်လန်းဆန်းခြင်းမရှိဖြစ်ကာ မိမိကျန်းမာရေးကိုပါထိခိုက်လာစေနိုင်သည်။ ၎င်းအလေ့အကျင့်များကိုပြုပြင်လိုက်ခြင်းဖြင့် ကျန်းမာရေးပြန်ကောင်းလာနိုင်သည်။

·         အကြောင်းမသိ အိပ်ရေးပျက်ခြင်း (Idiopathic insomnia)-   ဖြစ်ပွားမှုနှုန်းအလွန်နည်းပြီး ဖြစ်ပွားရသည့်အကြောင်းရင်းကိုရှာမတွေ့သေးပါ။

·         ကလေးဘဝကစသော အိပ်ရေးပျက်ခြင်း (Behavioural insomnia of Childhood)- အဓိက အကြောင်းရင်းများမှာ

o   ကလေးကို အချိန်မှန် (သို့) အိပ်ရေးဝအောင်မအိပ်စေခြင်း

o   ကလေးအိပ်နေသည့်ပုံမှန်အနေအထား (ဥပမာ-သီချင်းဆိုသိပ်ခြင်း၊ အမှောင်ကြောက်သည့်ကလေးများအတွက် မီးမှိန်မှိန်ထွန်းပေးခြင်း) ပျက်ပြားသွာခြင်း

o   ညဘက်မှ အစာရေစာတိုက်ကျွေးခြင်း

·     အခြားအိပ်စက်ခြင်းဆိုင်ရာရောဂါများ

o   ပတ်ဝန်းကျင်အခြေအနေကြောင့်အိပ်ရေးပျက်ခြင်းများ

o   လေဖိအားနည်းပြီး အောက်ဆီဂျင်နည်းသော အခြေအနေများကြောင့်အိပ်ရေးပျက်ခြင်း (ဥပမာ- လေယာဉ်ပြန်စီးခြင်း၊ ကုန်းမြင့်ပိုင်းဒေသများသို့ ရောက်ရှိနေခြင်း)

o   အစားအသောက်ဓာတ်မတည့်ခြင်းကြောင့် အိပ်ရေးပျက်ခြင်း


အခြားအကြောင်းရင်းများ

·         ရောဂါကြောင့်အိပ်ရေးပျက်ခြင်း (Insomnia due to Medical Condition)- ဥပမာ- အစာအိမ်တွင်အနာဖြစ်နေခြင်း၊ ရင်ကြပ်ရောဂါ၊ ဆီးချိုရောဂါ

·         စိတ်ရောဂါကြောင့်အိပ်ရေးပျက်ခြင်း (Insomnia due to Mental Disorder)

·         အရက် နှင့် ဆေးဝါးများကြောင့်- ဥပမာ- စိတ်ကျဆေးများ(Anti-depressants)၊ ရင်ကြပ်ရောဂါပျောက်ဆေးများ (Bronchodilators)၊ နှလုံးရောဂါနှင့်ဆက်စပ်သောဆေးဝါးများ စသဖြင့်တို့ဖြစ်ကြသည်။


ကုသခြင်း

မိမိတွင်အိပ်ရေးပျက်ခြင်းကို ခံစားနေရပါက စိတ်ပူပန်ခြင်းမရှိသင့်ပါ။ သက်ဆိုင်ရာဆရာဝန်များနှင့် ပြသပါက သက်သာပျောက်ကင်းနိုင်သောရောဂါဖြစ်ပါသည်။ထို့ကြောင့် ဆေးမြီးတိုများနှင့်ကုသခြင်းမပြုဘဲ ထိရောက်သောကုသမှုကိုအမြန်ဆုံးခံယူကြဖို့ တိုက်တွန်းလိုက်ပါသည်။

ပုထုစဉ်နော ဥမ္မာတကော

အားလုံးကျန်းမာသုခနှင့် ပြည့်စုံပါစေ။

Dr.P



Related Articles


Advertisment 18